Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Zoom Application ကိုအသုံးပြု၍ Online Platform ဖြင့် “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေး သင်တန်း” (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


21 Sep,2022

သန်လျင်၊ စက်တင်ဘာ ၂၀

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဌာနတွင်းဝန်ထမ်းများ “စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း” (၁/၂၀၂၂) (Training on Capacity Building and Financial Awareness) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် Zoom Application ကို အသုံးပြု၍ Online Platform ဖြင့် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် ဆရာ၊ ဆရာမများ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၉၀)ဦးနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့သည်။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တက္ကသိုလ်တို့၏ စုပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ကြောင်း၊ ပေါင်းစည်းဆောင်ရွက်မှုယန္တရား (Integration Mechanism) အရ ဝန်ထမ်းများအတွက် အကျိုးရှိ ထိရောက်သည့် သင်တန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းတွင် သင်ကြားလိုက်သည့် ဘာသာရပ်များသည် ဌာနတွင်းလုပ်ငန်းဆောင်ရွက်ရာတွင်သာမက စီးပွားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ပါ အသုံးဝင်သည့် ဘာသာရပ်များဖြစ်ကြောင်း၊ စီမံခန့်ခွဲသူများသည် Auditable ဖြစ်အောင် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်၊ စီးပွာရေးဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိအမြင်များရှိရန်လိုအပ်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ သင်ကြားပေးသည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်ပညာရပ်သည်လည်း လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးချနိုင်ပြီး အကျိုးရှိသည့် ပညာရပ်ဖြစ်ကြောင်း၊ သင်တန်းကာလ (၃)လအတွင်း သင်ကြားပေးလိုက်သည့် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် ဦးစီးဌာနစာရင်းများကို လက်တွေ့အသုံးချရေးဆွဲဆောင်ရွက်ကြရန်နှင့် လေ့လာသင်ယူခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာ ဗဟုသုတများဖြင့် ဌာနကြီးကဲများနှင့် တာဝန်ရှိသူများကို အထောက်အကူပြုရန် မျှော်လင့်ပါကြောင်း၊ မည်သည့်ပညာရပ်မဆို မလေ့လာလျှင် အသုံးမချလျှင် အကျိုးမရှိ ကြောင်း၊ လေ့လာပြီးအသုံးမချလျှင်လည်း အကျိုးမရှိကြောင်း၊ လေ့လာ၍အသုံးချမှသာလျှင် အကျိုးရှိထိရောက်သည့် ပညာရပ်ဖြစ်နိုင်ကြောင်း၊ ပညာတတ်ပြီး စာမဖတ်ပါက စာမတတ်သူနှင့် ကွာခြားမှုမရှိကြောင်း၊ မိမိတို့အနေဖြင့် ဝမ်းစာပြည့်နေရန် စာများများ ဖတ်ရန်လိုအပ်ပြီး၊ ဝမ်းစာပြည့်မှသာ ဌာနကို အကောင်းဆုံးအလုပ်အကျွေးပြုနိုင်မှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အသစ်အသစ်သော ပညာရပ်များနှင့် နည်းပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာသင်ယူရန် (Continuous Learning) လိုအပ်ကြောင်း၊ ဘဝတစ်လျှောက်လုံးနှင့် ရာထူးအဆင့်ဆင့်တွင် သင်ယူလေ့လာရန် (Life Long Learning) လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို စီမံကိန်းမျှော်မှန်းချက်နှင့်အညီ အလေအလွင့်မရှိ အကျိုးရှိအောင် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးဆိုင်ရာအသိပညာနှင့် လုပ်ထုံးလုပ်နည်းများသည် အရေးကြီးကြောင်း၊ မိမိတို့ သင်ယူလေ့လာခဲ့သည့် ပညာရပ်ကို တန်ဖိုးထားရန်၊ ပညာရပ်၏အရေးပါမှုကို သိရှိနားလည် သဘောပေါက်ရန်နှင့် ပညာရပ်နှင့် ပတ်သက်ပြီး ဂုဏ်ယူတတ်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဒီပညာရပ်များကို တန်ဖိုးထားပြီး ဌာန၏လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြစေရန်နှင့် ဒီပညာရပ်များကို အသုံးချပြီး မိမိတို့၏ဌာန တိုးတက်ရာတိုးတက်ကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဤတက္ကသိုလ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအတွက် အကျိုးရှိထိရောက်သည့် ဘဏ္ဍာရေး ဆိုင်ရာအသိပညာပေးသင်တန်းကို ဖွင့်လှစ်ပို့ချနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းနှင့် သင်တန်းဖွင့်လှစ်နိုင်အောင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်ကြား ပို့ချပေးခဲ့သည့် ပြင်ပပညာရှင်များ၊ ဝါဏိဇ္ဇဗေဒဌာနမှ ဆရာမများ၊ သင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဤတက္ကသိုလ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သည့် Learning Management System တည်ဆောက်ခြင်းလုပ်ငန်းကို Free Online Course များ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ဤဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းတို့ဖြင့် အကျိုးရှိစွာ အသုံးချနိုင်ခဲ့ကြောင်း၊ ဤသင်တန်းကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်ရန်လျာထားပြီး၊ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ထပ်မံဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် “Certificate in Business Law” Free Online Course ဖွင့်လှစ်ရန်ရှိသဖြင့် ဝန်ထမ်းများ စိတ်ပါဝင်စားပါက လုပ်ငန်းခွင်မပျက် တက်ရောက် လေ့လာသင်ယူရန် ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများကိုယ်စား ဦးစည်သူလှိုင် (ဦးစီးအရာရှိ)၊ ကွတ်ခိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဒေါ်နန္ဒာအောင်(ဦးစီးအရာရှိ)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ သင်တန်းကာလ(၃)လအတွင်း Online အသုံးပြုသင်ကြားသည့် Learning Management System (LMS)နှင့် ပတ်သက်၍ အသုံးပြုတက်လာခြင်း၊ အခြေခံစာရင်းရေး၊ စာရင်းကိုင်ပညာ၊ စတိုပစ္စည်းထားနည်းနှင့် အမှုထိန်းခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ ပင်စင်၊ နှစ်တိုး၊ ပျမ်းမျှလစာ၊ ခရီးစရိတ်တွက်ချက်ခြင်း၊ ကျေးလက်ဦးစီးဌာနမှ ဆောင်ရွက်သည့် ပြည်ပအကူအညီ၊ ချေးငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းအလိုက် ငွေကြေးစီးဆင်းမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှု၊ စာရင်းစစ်ကန့်ကွက်ချက် လျော့နည်းရေးကိစ္စများ၊ မြန်မာနိုင်ငံ၏ ပြည့်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုဘာသာရပ်များအား လေ့လာသိရှိခဲ့ရပြီး သင်တန်းမှ သင်ကြားတတ်မြောက်လာသည်များကို အသုံးချ၍ မိမိတို့၏ဦးစီးဌာန၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အကျိုးရှိထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းသား/သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm