နေပြည်တော် ဖေဖော်ဝါရီ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမကောလိပ် (ဖောင်ကြီး) ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ စီးပွားရေးလုပ်ငန်း စာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting)၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Marketing Management)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ (Diploma in Regional Development)၊ အသုံးချစာရင်းအင်းဒီပလိုမာ (Diploma in Applied Statistics) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ဒီပလိုမာ (Diploma in Social Enterprises Management) ဒီပလိုမာလက်မှတ်များအပ်နှင်းပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဖောင်ကြီးကောလိပ် စုဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သမဝါယမကောလိပ်(ဖောင်ကြီး) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒီပလိုမာလက်မှတ်ရ ကျောင်းသား ကျောင်းသူ (၂၇၈) ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ် လူငယ်လူရွယ်များကို မွေးထုတ်ပေးလျက် ရှိကြောင်း၊ MSME လုပ်ငန်းများကို အခြေတည်ပြီး အကြီးစားစက်မှုလုပ်ငန်းများ ထူထောင်နိုင်သော စီးပွားရေးစွမ်းဆောင်ရှင် Entrepreneurship ခေါင်းဆောင်များဖြစ်အောင် ကြိုစားကြရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ပညာသင်နှစ်အလိုက် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဒုတိယ ဝန်ကြီး ဦးမြင့်စိုးနှင့် သမဝါယမကောလိပ် ကျောင်းအုပ်ကြီး ဦးရဲမြင့်သန်းတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဗဟိုသမဝါယမအသင်းက စိုက်ပျိုးမြေ (၅၈) ဧကတွင် ရာသီသီးနှံ ကြက်သွန် (၈) ဧက စိုက်ပျိုးထားရှိမှု၊ နှစ်ရှည်ပင်များစိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ သို့သွားရောက်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် အုတ်ပုံနှင့် အကယ် ကျေးရွာ၊ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီတည် ဆောက်ပေးထားသော ပေ (၆၀) ဘေလီတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဘေလီတံတား တည်ဆောက်ပေးရသည့် အကြောင်းရင်းနှင့် အကျိုးပြုကျေးရွာ၊ လူဦးရေ၊ စီးပွားရေးဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများကိုယ်စား ဦးမျိုးမင်းအောင်က ကျေးဇူးတင် စကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အတွက် ဂုဏ်ပြုငွေများ ပေးအပ်ပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပန်းတော ကြီးကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ ဖွင့်လှစ်သင်ကြားပေးခဲ့သော တစ်လုံးထိုးအင်ဂျင်ပြင်သင်တန်း တက်ရောက်အောင် မြင်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်ဆောင်ရွက်နေသော ဦးမြင့်မြတ်နှင့် ဦးမင်းကိုတို့၏ ဆိုင်ကယ်ပြင်လုပ်ငန်းကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာသို့ သွား ရောက်ပြီး မြို့နယ်မှတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများ၊ ဆီထွက်သီးနှံ မြေပဲနှင့် နှမ်း စိုက်ပျိုးသည့် တောင်သူများ၊ ထွန်းသစ်စ မျိုးစေ့ထုတ်သမဝါယမအသင်း၏ အသင်းသူအသင်းသား များနှင့် တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရေး၊ ဆီထွက်သီးနှံ မြေပဲအပြင် နေကြာနှင့် နှမ်းတို့ကိုပါ တိုးချဲ့စိုက်ပျိုးသွားရေး မှာကြားပြီး ထွန်းသစ်စ မျိုးစေ့ထုတ်သမဝါယမအသင်းအတွက် အထွက်တိုးမြေပဲမျိုးများဖြစ်သော မကွေး-၁၆ မြေပဲမျိုးနှင့် ရမည်းသင်းဒေသအခေါ် ကြွေးကျေမျိုးဟုခေါ်နေကြသော ဆင်းပဒေသာ-၁၁ မြေပဲမျိုးများ စုစုပေါင်း တင်း (၃၀) နှင့် သိမ်းငှက် သဘာဝမြေဩဇာအိတ် (၆၀) တို့ကို ပေးအပ်ရာ အသင်းဝင်မြေပဲစိုက် တောင်သူများက လက်ခံရယူကြသည်။
ဆက်လက်၍ ငဝန်မြစ်အနောက်ဖက်ကမ်း ကျေးရွာအုပ်စုများဖြစ်သော ဘိသလွန်၊ ဒေါင့်ကြီး၊ ခြောက်ဆယ်၊ သောင်ဘုတ်နှင့် မဲစလီ ကျေးရွာအုပ်စု (၅) အုပ်စုမှ မြစ်ကမ်းပြို၍ နေအိမ်များ ရွှေ့ပြောင်းရသော အိမ်ထောင်စု (၁၉) စုတို့အတွက် Hygene Kit များ ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
၎င်းနောက် တက်ရောက်လာသူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်