10 Feb,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပ
ပျော်ဘွယ် ဖေဖော်ဝါရီလ ၁၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ မုန်တကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ခင်ကြီးယကျေးရွာကျေးလက်ကုန်ထုတ် လမ်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူနှင့် လမ်းကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက်ကျေးရွာသူကျေးရွာသားများ ကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခင်ကြီးယကျေးရွာကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲမုဒ်ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကုန်ထုတ်လမ်းအား လှည့်လည် ကြည့်ရှု့စစ်ဆေးကြသည်။
အဆိုပါ ခင်ကြီးယကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၅ ဒသမ ၅ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၀၆၅ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးအဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ သုံးရွာရှိ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။