Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


06 Feb,2025

နေပြည်တော် ဖေဖော်ဝါရီ   ၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ် ကျုံးကျေးရွာသို့ သွားရောက်ပြီး ရောင်ခြည်ဦး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသား ဦးစိန်သန်း၏ ဆီစက်လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှု၊ ဆီကြိတ်ခွဲနေမှု၊ တင်ပို့ရောင်းချနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျှော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒ လမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး လာသလို ဆီစက်လုပ်ငန်းများ ပိုမိုကြိတ်ခွဲ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပြီး ပင်းတယမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်တောင်သူများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိရေးအတွက် ဆီစက်မှ ထွက်ရှိလာသည့် ဆီများအား ဓါတ်ခွဲ စမ်းသပ်စစ်ဆေးထားရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ပင်းတယမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရိတ်သိမ်းဆွတ်ခူးနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံမြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့်ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရုရှားရွက်ဖျန်း သဘာဝ မြေဩဇာကိုလည်း စမ်းသပ်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမ ချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ)စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးလိုအပ်သည့်မျိုးကောင်း မျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာ ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူများ လိုအပ်သည့် နည်းပညာများအား ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများ အထွက်တိုးပြီး အကျိုးအမြတ်ရရှိမှသာ တောင်သူများမှ နောက်နောင် ထပ်မံစိုက်ပျိုးကြမှာ ဖြစ် ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများ အကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများအား ကြည့်ရှု စစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ် ပန့်ပုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပန့်ပုန်း ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ဆောင်ရွက်နေမှုနှင့် ရရှိလာသည့် အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးနေမှု အခြေအနေ များအားလည်းကောင်း၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ကျေးရွာချင်းဆက် လမ်း၊တံတားများ ဖောက်လုပ်ဆောင်ရွက်ပေးမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေး စီမံကိန်း(RBF)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)များဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ပန့်ပုန်းကျေးရွာအား ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း (Smart Village)၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်း နှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ယခုလို နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံလာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေးသည့် အချိန်တွင် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာ နေပြည်သူများအတွက် ဝင်ငွေတိုးရေးလုပ်ငန်းများရရှိပြီး အိမ်ထောင်စုများ စီးပွားရေး အဆင်ပြေ အောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ သား၊ သမီးများ၏ ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား မိမိပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော ဆီထွက် သီးနှံနေကြာစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တော်ဝင်Tgiအထည်ချုပ်နှင့်တံဆိပ်ရိုက်လုပ်ငန်းအား ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများပိုမိုအဆင့်မြှင့်တင် ဆောင်ရွက် နိုင်ရေးလိုအပ်သည့် အရင်းအနှီး များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်