Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရွာသစ်-အောင်မြင်ကုန်း ပေ(၁၅၀) သံကူ ကွန်ကရစ်တံတား ဖွင့်ပွဲသို့ တက်ရောက်


30 Jan,2025

နေပြည်တော် ဇန်နဝါရီ ၃၀

          (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ရွာသစ်ကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာချင်းဆက် ပေ (၁၅၀) သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာ သားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာ၌ နိုင်ငံတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းများဟာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံနေတာကြောင့် ကျေးလက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကအရေးကြီးပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစား၊ အလတ်စား ကုန်ထုတ် လုပ်ငန်းများ၏ ထုတ်ကုန်များ ၊ သွင်းအားစုများ  တစ်နှစ်ပတ်လုံး  သယ်ယူပို့ဆောင်  ရောင်းချနိုင်ဖို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်တဲ့ လမ်း တံတားများ များစွာလိုအပ်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ကျေးလက် လမ်း တံတား ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊

နိုင်ငံအဝန်း ကျေးရွာပေါင်း (၆၃,၈၈၉) ရွာ ရှိရာမှာ မိမိတို့ဝန်ကြီးဌာနအောက် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်လမ်း မိုင်အရှည် စုစုပေါင်း (၃၆,၂၆၀) မိုင်ကို တာဝန်ယူ တည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၄ - ၂၀၂၅  ဘဏ္ဍာနှစ်မှာ နိုင်ငံအဝန်း လမ်းမိုင်ပေါင်း (၇၆၉) မိုင် (၆.၇) ဖာလုံ၊ တံတားအစင်းရေပေါင်း (၇၉၂) စင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

          ယနေ့ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သော ရွာသစ် - အောင်မြင်ကုန်း ကွန်ကရစ်တံတား” သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်) မှ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ တံတားအရှည် ပေ(၁၅၀)၊ အကျယ် ပေ(၂၀) နှင့် Box Culvert (၂) စင်း အပါအဝင်  တံတားချဉ်းကပ်လမ်းကို ရွာသစ်ရွာဘက်ခြမ်းတွင် ပေ(၃၀၀)၊  အောင်မြင်ကုန်း ရွာဘက်ခြမ်းတွင် ပေ (၂၀၀) စုစုပေါင်း ပေ(၅၀၀) ကျောက်ရောမြေလမ်း ဆောင်ရွက်ပေးခဲ့ပြီး သံကူကွန်ကရစ် ဘိုးပိုင်၊ ယက္မ၊ ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ကာ ခံနိုင်ဝန်အနေနဲ့ ယာဉ်အလေးချိန် (၃၆) တန်အထိ ဖြတ်သန်းအသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊

          လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ အိမ်ခြေ (၁၆၇၉) အိမ်၊ လူဦးရေ (၇၃၅၇) ဦး တို့ကို အကျိုးပြုစေမှာဖြစ်ပြီး ကျေးရွာနေပြည်သူများရဲ့ စိုက်ပျိုးမြေဧက စုစုပေါင်း (၂၆၄၉) ဧကမှ ထွက်ရှိသော စပါး ၊နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ ၊ကြံစသည့် သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်တို အတွင်း ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်စွာ တည်ဆောက် နိုင်ရေးအတွက် ဝိုင်းဝန်းကြီးကြပ်လမ်းညွှန် ကူညီပေးခဲ့သော နေပြည်တော်ကောင်စီအစိုးရအဖွဲ့နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော သက် ဆိုင်ရာ တာဝန်ရှိသူများနဲ့ ကျေးလက်နေပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျေးရွာသူ ကျေးရွာသားများနှင့် တာဝန်ရှိသူများအနေဖြင့် တံတား ရေရှည်တည်တံခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု လမ်း၊ တံတား လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက တံတားတည်ဆောက်ပေးမှုအတွက် ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက တံတားဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက တံတားဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး တံတားသစ်အား လိုက်လံကြည့်ရှုစစ်ဆေးကာ ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ တို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်သို့ သွားရောက်ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် ၁ နှစ်လျင် နွားအကောင်ရေ ၅၀၀၊  ၅ နှစ်လျင် အကောင် ၂၀၀၀ အထိ  လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားမည့် အသားတိုးနွား မွေးမြူရေးစီမံကိန်း အတွက် အဆောက်‌အဦး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်က လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း (၂) စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသို့ သွားရောက်ပြီး ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ပန်းဂေါ်ဖီစိမ်း (၃) ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ် သမဝါယမအသင်းစု၏ ဘက်စုံစိုက်ပျိုး‌မွေးမြူရေးခြံသို့ သွားရောက်ပြီး အိန္ဒိယနေကြာ ဆူရာကီရန်  (Suryakiran) မျိုး စိုက်ပျိုးထားမှုကိုလည်းကောင်း၊ အသားတိုးနွားများ မွေးမြူထားမှုကိုလည်း ကောင်း၊ နယူးဟုတ် အသားတိုးကြက် ကောင်ရေ (၄၀၀၀) မွေးမြူမည့် အ‌ခြေအနေကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်