Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငွေတောင်ပြည်သို့ သမင်လည်ပြန်


29 Jan,2025

ထူးထူးခြားခြား ကယားရိုးရာအားကစားပွဲများ

          ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ကယား ပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် အစီအစဉ်အတိုင်း ကျင်းပပြု လုပ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်နေကြသည့် အားကစားပြိုင်ပွဲများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများထဲ ကယားရိုးရာ စပါးထောင်း ပြိုင်ပွဲကို ကျွန်တော်စိတ်အဝင်စားဆုံး ဖြစ်သည်။ ယှဉ်ပြိုင်မည့်အဖွဲ့က (၉)ဖွဲ့၊ အမှတ်ပေးဒိုင်က လည်း (၉)ဦး၊ စပါးထောင်းမည့်ဆုံ (၉) ဆုံကိုလည်း ကျရာမဲနှိုက် ယူရမည်၊ တစ်ဆုံလျှင် ပြိုင်ပွဲဝင်မည့်သူ (၂) ဦးနှင့် ကြီးကြပ်သူ (၁) ဦး ပါဝင်သည်။ သတ်မှတ်ချက်အတိုင်း ထုတ်ပေး ထားသော စပါးကို ဆုံအတွင်းထည့်၍ ပြိုင်ပွဲဝင် (၂) ဦးက (၅) မိနစ်အတွင်း ထောင်းကာ ဆန်အဖြစ် ပြာတီးသန့်စင်ပြီးနောက် ဒိုင်အဖွဲ့ထံ အချိန်မီတင်ပြရမည် ဖြစ်သည်။ သတ်မှတ်ချိန် (၅) မိနစ်အတွင်း ပြီး/ မပြီး၊ စပါးလုံးပါဝင်မှု အနည်း/ အများ၊ ဆန်အရည်အသွေး ကောင်း/ မကောင်း တို့အပေါ် မူတည်၍ အမှတ်ပေးသွားမည်ဖြစ်သည်။ ကြီးကြပ်သူကလည်း လိုအပ်တာ တွေပြောပေး၊ ပြိုင်ပွဲဝင် ၂ ဦးကလည်း သတ်မှတ်ချိန်အတွင်း ဆန်ထောင်းခြင်း၊ ပြာခြင်း၊ စပါးလုံးကောက်ခြင်းတို့ကို ဇယ်ဆက်သလို တောက်လျှောက်မရပ်မနား လုပ်ဆောင်ကြရသည်။ ဒိုင်အဖွဲ့က စစ်ဆေးချိန်တွင် စပါးလုံးအရေအတွက် (၁၀) လုံးအထိ ပါဝင်နေပါက ပယ်စာရင်း ဝင်သွားပြီး ဆုရဖို့ မျှော်လင့်ချက်မရှိတော့ကြောင်း သိရသည်။ တက်ညီလက်ညီ ဆောင်ရွက် ရခြင်း၊ အားမာန်ထည့်ရခြင်း၊ လျှင်မြန်သွက်လက်ရခြင်း၊ ကျွမ်းကျင်မှုရှိခြင်းတို့ ပေါင်းစပ်၍ ယှဉ်ပြိုင်ရသော ကယားရိုးရာစပါးထောင်းပြိုင်ပွဲကို ကြည့်ရသည်မှာ အနုပညာမြောက်သလို (၅)မိနစ်အတွင်း မိသားစု(၁)စုစာအတွက် ချက်စားနိုင်မည့် ဆန်ဖြစ်လာအောင် ထောင်းနိုင်စွမ်း ကိုလည်း အံ့ဘနန်း တွေ့မြင်ခဲ့ရသည်။

          ထူးခြားသည့် အခြားပြိုင်ပွဲတစ်ရပ်မှာ ကယားရိုးရာ ချောတိုင်တက်ပွဲ ဖြစ်သည်။ ကျွန်တော်တို့ဆီမှာလို ဝါးဘိုးဝါးကို ဆီထည့်၍ ချောတိုင်လုပ်ထားခြင်းမဟုတ်ပေ၊ တိုင်(၂)တိုင် ပေါ်တွင် တန်းပစ်၍ ၎င်းတန်း၌ အရှည် ၁၅ ပေခန့် ငှက်ပျောတုံးအား တွဲလောင်းဆွဲထားပြီး လှုပ်လိုက်လျှင် ဆီတွေထွက်လာအောင် စီမံထားခြင်း ဖြစ်၏။ အဖွဲ့လိုက်မပြိုင်ရဘဲ တစ်ဦးချင်း တက်ရသည်။ အချို့တက်သော်လည်း ထိပ်သို့မရောက်ဘဲ ပြန်ကျသည်။ အချို့ကလေးတွေက တော့ အဖျားထိတက်ပြီး ချိတ်ဆွဲထားသော ဆုငွေကို အရယူပြကြသည်။ ယခု အားကစားနည်း များအပြင် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မူကြိုကလေးများ ကာယ စွမ်းရည်ပြိုင်ပွဲ၊ ကယား/ ကယမ်း ရိုးရာနပမ်းပြိုင်ပွဲများကိုလည်း ကျင်းပပေးပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

လွိုင်ကော်ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ

          လွိုင်ကော်မြို့သို့ ရောက်ရှိသည့် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာပင် (၇၃) နှစ် မြောက် ကယားပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လောဓမ္မာရပ်ကွက်နှင့် ဒေါတမ ရပ်ကွက်ရှိ ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပန်းပွားအကအဖွဲ့၊ Zumba အကအဖွဲ့၊ Fitness Dance အက အဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု၍ အက အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။ ထို့နေ့လမ်းဖွင့်ပွဲ ၌ အကအဖွဲ့များ၏ မြူးကြွသွက်လက်သော အကများကို တွေ့မြင်ခဲ့ရသလို ကျောက်တောင် ဒိုးပတ်ဝိုင်းအဖွဲ့၏ လက်သံကလည်း မြိုင်ဆိုင်လှပေသည်။ ဗုံထောက်သံ ခေါ်မလား၊ ခွန်းထောက် ခေါ်လေမလား၊ ဖြတ်သွားရင်းကြားနေရသည်။

“ ဒို့ကယားဆို တစ်ခါတစ်ခေါက်

(လာရောက်ဖို့ ဖိတ်ခေါ်ချင်)

ပမာပြဖို့ စိတ်ပျော်ရွှင်

မိတ်ဖော်ဆွေ လူအများ

(တမူခြားလို့ နောက်နောင်မျှော်ရည်)

ခေါင်ရည်ချို သောက်ကြစို့လား

ဒိုးပတ်သံ စီစီညံသာ

ရွှင်ပျော်ပျော် ကကြခုန်ကြ

ပြည်နယ်ပွဲပေမို့ ပျော်စရာရွှင်စရာ

ဒီလမ်းဖွင့်ပွဲမှာ၊ ဟေ့ ဒီလမ်းဖွင့်ပွဲမှာ

(ပြည်နယ်တစ်ဝှမ်းမို့ အေးချမ်းသာယာ)

စုပေါင်းကာ ဝိုင်းကြစို့လေး

          ယခုလို ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးခြင်းအတွက် ဘူတာ လမ်းတွင်နေထိုင်သူ ဦးလှမိုးက ကျေးဇူးတင်စကား ပြောကြားရာ၌ “ခေတ်မီသန့်ရှင်းသပ်ရပ် သာယာလှပတဲ့ လွိုင်ကော်မြို့ကြီးကို ပြန်လည်တည်ဆောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ အနေနဲ့ တတ်နိုင်တဲ့အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တစ်ချိန်က အာဆီ ယံနိုင်ငံများအကြား အသန့်ရှင်းဆုံးမြို့ဆုကိုရရှိခဲ့တဲ့ ကျွန်တော်တို့ ကယားပြည်နယ် လွိုင်ကော် မြို့ကြီးကို ဆက်လက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုများကို နာခံလျက် နိုင်ငံ့သားကောင်းများ ပီသစွာ နေထိုင်သွားကြမှာ ဖြစ်ပါတယ်။” ဟု သူ၏ ရင်တွင်းဆန္ဒကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လွိုင်ကော်မြို့ကြီး ပြန်လည်တည်ဆောက်ရေးအတွက်သာမက ကယားပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက်လည်း ပြည်နယ်သူပြည်နယ်သားတိုင်းမှာ တာဝန်ရှိပေသည်။

လွိုင်ကော် ခုတင် ၅၀၀ ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ကုသ

          ဆေးရုံပရဝုဏ်အတွင်းသို့ ဝေ့ဝိုက်ကြည့်လိုက်ကတည်းက စိတ်ဝင်စားစရာတွေကို စတွေ့ရပါပြီ။ မြင့်မားသည့် ရေစင်ကြီး၏ထိပ်ပိုင်းမှာ ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရထားသည်။ မင်္ဂလာရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ဒေါ့ဉခူရပ်ကွက်များမှာ ဒဏ်ရာဒဏ်ချက်တွေ ထောင်း လမောင်းထခဲ့သလို ဆေးရုံးကြီးဝင်းထဲမှာလည်း အုပ်ချုပ်မှုဆောင်၊ ဖျားနာဆောင်၊ ကလေး ကုသဆောင်၊ အထူးကုပြင်ပလူနာဆောင်၊ ၄ ခန်းတွဲနှစ်ထပ် အရာထမ်းဝန်ထမ်းအိမ်ရာ၊ သမား တော်နေအိမ်များ ထိမှန်ပျက်စီးပြီး ဆေးသိုလှောင်ခန်း၊ ဓာတ်ခွဲခန်းများလည်း ဖျက်ဆီးခံခဲ့ရ သည်။ ယခင် နတလ ဝန်ထမ်းဘဝက လွိုင်ကော်အပါအဝင် ကယားပြည်နယ် ခရိုင်၊ မြို့နယ် အားလုံးသို့ ရောက်ခဲ့သည်။ ပန်ပက်ဒေသ ကယန်းရွာများမှာ ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခရီးသွားလုပ်ငန်း မြင့်မားတိုးတက်လာစေဖို့ စေတနာရည်သန်ခဲ့ကြသည်။ ယင်းသို့ရောက်လင့်ကစား လွိုင်ကော် ဆေးရုံနှင့်မူ ရေစက် မဆုံခဲ့ပါ။ ယခုရောက်ခွင့်ကြုံ၍ ဆေးရုံတည်ဆောက်မှု ကမ္ပည်းမော်ကွန်းကို လေ့လာကြည့် သောအခါ တော်လှန်ရေးကောင်စီဝင်၊ စက်မှုလက်မှုဌာနတာဝန်ခံ၊ တိုင်းမှူး ဗိုလ်မှူးကြီး မောင်ရွှေကိုယ်တိုင် ဖွင့်လှစ်သည် ၂၉-၉-၁၉၆၄ ဟု တွေ့ရ၏။ နှစ်ပေါင်း ၆၀ ကျော် လာပြီ ဖြစ်၍ အတော်လေး ရှေးကျသလို လူနာခန်းများ၏ ဘေးပတ်ပတ်လည်နံရံမှာ ၈ လက်မနီးပါး ဗျက်ရှိသည့် ပျဉ်ပြားကြီးများ (ကျွန်းသစ်ဖြစ်နိုင်ပါသည်) ကပ်ပေးထားသည်။ လူနာများ ၎င်းပျဉ်ချပ်ကို အားပြုဆုပ်ကိုင်ပြီး လမ်းလျှောက်ဖို့ ဖြစ်ပါလိမ့်မည်။

          လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆောင်ပုဒ်၊ ရပ်တည်မှုနှင့် ရည်မှန်းချက်တို့ကိုလည်း သိရှိခွင့်ရခဲ့သည်။ လူနာများနှင့် ဆေးရုံဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရရှိစေသည့် မြန်မာနိုင်ငံ ၏ ပြယုဂ်ဆေးရုံတစ်ရုံ ဖြစ်လာစေဖို့ ရည်မှန်းထားသည်။ ကယားပြည်နယ်တစ်ခုလုံးတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့ အစည်းအသီးသီးနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် စိတ်ပါဝင်စားတက်ကြွစွာ ဆောင်ရွက်ခြင်းတို့ဖြင့် ဆေးရုံ၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုများ၏ ရပ်တည်မှုကို ဖော်ပြသွားမည် ဖြစ်သည်။ ဆေးရုံကြီး၏ ဆောင်ပုဒ်မှာ We belong to the State, We serve the State, We grow with the State ဟူ၍ ဖြစ်ပါသည်။

          ကယားပြည်နယ်အတွင်း ယခင်က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအခြေအနေမှာ လွိုင်ကော်၌ ခုတင် ၅၀၀ ဆံ့ ဆေးရုံ (၁) ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ (၁) ရုံ၊ ၁၆ ကုတင်ဆံ့ ဆေးရုံ (၃) ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန (၅၂) ခု၊ ဒီးမော့ဆို၌ ခုတင် ၅၀ ဆံ့ ဆေးရုံ (၁) ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ (၁) ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ (၄) ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက် ကျန်းမာရေးဌာန (၇၂) ခု၊ ဘောလခဲ၌ ခုတင် ၅၀ ဆံ့ ဆေးရုံ (၁) ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ (၁) ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ (၂) ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန (၂၉) ခု၊ မယ်စဲ့၌ ၂၅ ခုတင်ဆံ့ဆေးရုံ (၁) ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ (၁) ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေး ဌာန (၁၁) ခု အသီးသီး ဖွင့်လှစ်ကုသပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရာမှ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့နယ်အတွင်း၌ လောဓလေး တိုက်နယ်ဆေးရုံ (၁) ရုံကိုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် အမှတ် (၇) တပ်မတော် ဆေးရုံ ခုတင် ၁၀၀ သို့ အရေးပေါ်တက်ရောက်ကုသမှုများ ပြုလုပ်ခဲ့ရသည်။ ယခုကျွန်တော်တို့ ရောက်ရှိခဲ့သည့် ခုတင် ၅၀၀ ဆေးရုံကြီးကို ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး တွဲဖက်များအပါအဝင် ဆရာဝန် (၁၆) ဦး၊ သူနာပြု (၆၉) ဦး၊ အခြားဝန်ထမ်း (၅၅) ဦး၊ စုစုပေါင်း (၁၄၀) ဦး တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ တပ်မတော်ဆေးရုံမှ ဆရာဝန် (၄) ဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် (၁) ဦး၊ သူနာပြု (၁) ဦးတို့လည်း လာရောက်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

          ဇန်နဝါရီလ ၁၄ ရက်နေ့ လမ်းဖွင့်ပွဲအပြီး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ကယား ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလျက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာတွင် ပြည်နယ်တာဝန်ခံဆရာဝန် ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူက ရှင်းလင်း တင်ပြရာ ဆေးရုံ၏လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ ကျန်းမာရေးဝန်ထမ်း များအတွက် ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြရာ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက လက်ခံရယူကြသည်။ ယင်းနောက် ဆေးရုံလူနာဆောင်များအား လှည့်လည် ကြည့်ရှုကာ ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စွက်စာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြပါသည်။ ဖျားနာဆောင်တွင် တက်ရောက်ကုသနေသူ လူနာအမျိုးသမီးကြီးတစ်ဦး၏ အမည်မှာ ဒေါ်ညိုဟု ခေါ်ကြောင်း၊ လွိုင်ကော်တွင် နေထိုင်သော်လည်း ၎င်း၏ဇာတိက သဲတော၊ ဝမ်းတွင်းအနီးက ဟံဇားဇာတိဖြစ်ကြောင်း၊ သားသမီး (၁၄) ယောက် ထွန်းကားခဲ့ပြီး တစ်ယောက် ပျက်စီးသွားသဖြင့် (၁၃) ယောက် ကျန်သေးကြောင်း၊ မျက်စိတိမ်ခွဲရန် တက် ရောက်နေရာမှ ကိုယ်တစ်ခြမ်းလေထိသွားသဖြင့် ကုသနေရကြောင်း သိရသဖြင့် အားပေး စကား ပြေားကြားခဲ့ပါသည်။

သီရိမင်္ဂလာ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီး

          လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မြေဧက ၈.၈၄ ဧကပေါ်တွင် သီရိမင်္ဂလာဈေးကို ၁၉၉၁ ခုနှစ်၌ တည်ဆောက်ပေးခဲ့သည်။ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း အဆောက် အဦများ ဖြစ်သည်။ အဆိုပါဈေးအား အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြရာ ဆိုင်ခန်းပေါင်း ၉၄၈ ခန်း မီးလောင်ပျက်စီးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွိုင်ကော်ခရီးစဉ်၌ အဆင့်မြင့်ဈေးသစ် တည်ဆောက် ပေးရန် လမ်းညွှန်ချက်အရ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကွပ်ကဲကြပ်မတ်၍ မီးလောင်ပြင်ကို ရှင်းလင်းခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သားငါးရောင်းသည့်နေရာတွင် ယာယီ ဈေးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့၌ စတင်တည်ဆောက်ပေးပြီး ရောင်းချစေခြင်း၊ အဆင့်မြင့်ဈေးတွင် ရှေ့မျက်နှာစာ ၂ ထပ် ဆိုင်ခန်းများ တည်ဆောက်ခြင်း၊ ဈေးအတွင်း၌ ၉ပေ x ၉ပေ ဆိုင်ခန်း ၂၈၈ ခန်းတည်ဆောက်ခြင်း၊ ဈေးရုံ(၆)ရုံ တည်ဆောက်ခြင်းလုပ်ငန်း များကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိပါသည်။ မျက်နှာစာ ၂ ထပ် ဆိုင်ခန်းများမှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်သည်။ မြို့တွင်းရှိ ဗဟိုဈေးနှင့် ၂ ထပ်ဈေးတို့ကိုလည်း ပြန်လည် ပြင်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။

တစ်သီးတစ်ခြားစီဖြစ်တည်နေသော လွိုင်ခေါ်မှ လွိုင်ကော်သို့

          ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင် သောအဖွဲ့၏ ဇန်နဝါရီလ ၁၄ ရက်နေ့ လှည့်လည်ကြည့်ရှုသည့် အစီအစဉ်တွင် ရွှေတောင် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော သာသနိက အဆောက်အအုံ များ ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ်သန်း ပေါင်း ၂၃၉ ဒဿမ ၀၆၀ သန်း၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ကျပ် သိန်း ၁၅၀ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆရာတော်ကြီးတစ်ပါးက လွိုင်ကော်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ “လွိုင်ကော်လို့ အမည် ခေါ်တွင်ကြတာနဲ့ပတ်သက်ပြီး ပြောရရင် အခုဘုန်းကြီးတို့ကျောင်းဘေးမှာရှိတဲ့ ဘုရားကုန်း လေးကို အစွဲပြုပြီး ခေါ်ကြတာဖြစ်တယ်၊ သည်ဘုရားကုန်းလေးကို လွိုင်ခေါ် (တစ်သီးတစ်ခြား ဖြစ်တည်နေသောတောင်) လို့ စတင်ခေါ်ဝေါ်ခဲ့ကြရာက မြို့ကိုလည်း လွိုင်ခေါ်လို့ ခေါ်ကြပြီး၊ အဲဒီကမှ လွိုင်ကော်ရယ်လို့ ဖြစ်လာပါပဲ” ဟု ဗဟုသုတဖြစ်ဖွယ် မိန့်ကြားသွားခဲ့သည်။

ယာယီနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြ သည့် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်တို့သည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်တို့နှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့လယ် ဓမ္မာရုံသို့ သွားရောက်ပြီး ယာယီနေရပ်စွန့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ အားပေးစကား ပြော ကြားခဲ့ကြသည်။ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့်လည်းကောင်း၊ ရေကြီးမှုသဘာဝဘေး ကြောင့်လည်းကောင်း နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပေရာ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က နေအိမ်များပြုပြင်ရန် ငွေကျပ် ၂၁၁ သန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ပေးအပ်ခဲ့ပါသည်။

ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု

          ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော် မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက် ပေးထားသည့် အခြေအနေ၊ ဝန်ထမ်းများ ပြန်လည်နေရာချထားပေးမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုကာ မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ပါသည်။ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းအိမ်ရာများကို မူလအခြေ အနေထက် သာလွန်ကောင်းမွန်အောင် ပြုပြင်ပေးထားကြောင်း တွေ့ရသည်။ ၎င်းဝန်ထမ်း အိမ်ရာများသည်လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အမြန် ဆုံးပြန်လည်ပြုပြင်၍ ပြီးသမျှအိမ်ရာများ၌ စနစ်တကျနေရာချထားပေးခဲ့သည်။ ဆက်လက်၍ လည်း ပြုပြင်ပေးသွားမည်ဖြစ်သည်။ ဝန်ထမ်းအိမ်ရာမိသားစုများနှင့်အတူ စာရေးဆရာမကြီး မဟူရာ(လွိုင်ကော်) ကို မမျှော်လင့်ဘဲ တွေ့ခွင့်ရခဲ့သောကြောင့် ဝမ်းပန်းတသာ နှုတ်ဆက်ခဲ့ ပါသည်။

ကယားပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းများ

          ကယားပြည်နယ်အတွင်း မြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေ ၁၆၆၁၅၅ ဧက ရှိပါသည်။ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့ အဓိကစိုက်ပျိုး လျှက်ရှိရာ ဒေသဝမ်းစာအတွက် ဆန်စပါး ဖူလုံမှုရှိသည်။ ဆီထွက်သီးနှံအနေဖြင့် ၆၀ ရာခိုင် နှုန်းကျော် ဖူလုံကြောင်းသိရသဖြင့် ယခုထက်ပိုမို စိုက်ပျိုးနိုင်ရန်အတွက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ရှိလာသည်နှင့်အမျှ သမဝါယမအသင်းစု၊ အခြေခံအသင်းများက ပူးပေါင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကယားပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရာသီသီးနှံ စံပြစိုက်ခင်းဆောင်ရွက်နေမှုကို လိုက်လံပြသခဲ့သည်။ ၄ လက်မ စက်ရေတွင်းမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရယူ၍ ရာသီသီးနှံ မုန်ညှင်း၊ ကြက်သွန်ဖြူ၊ မာလကာ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းအပါအဝင် သီးနှံ ၂၄ မျိုး စိုက်ပျိုးပြသထား သည်။

ကယားပြည်နယ်နှင့် စွမ်းအင်ကဏ္ဍ

          လွိုင်ကော်မြို့သို့ ရောက်တုန်းရောက်ခိုက် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ ၄ မိုင် ပင်မဓာတ်အားခွဲရုံ ပျက်စီးမှုအခြေအနေ၊ အောင်သီ ဟရပ်ကွက် ဓာတ်အားခွဲရုံ ပျက်စီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အရေးကြီးနေရာများသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့မှစတင်ကာ လွိုင်ကော်မြို့တွင်း၌ ပုံမှန်မီးရရှိမှုအခြေအနေတို့ကို လေ့လာသိရှိ ခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇူလိုင်လများအတွင်း ဘီလူးချောင်းအမှတ် ၂ စက်ရုံမှ ဧက ၅၀၀ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်း၏ ကွန်ကရစ်တိုင်များ ဖောက်ခွဲဖျက်ဆီးခံရကြောင်းကိုလည်း သိရှိခဲ့ရသည်။ ယနေ့အချိန်တွင် လွိုင်ကော်မြို့ပေါ် ၂၃ ရပ်ကွက်အနက် ၁၅ ရပ်ကွက်ကိုလည်းကောင်း၊ လောပိတအနီးက ကျေးရွာ ၁၂ ရွာသို့လည်း ကောင်း ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း သိရပါသည်။

ကယားပြည်နယ်နှင့် ပညာရေးကဏ္ဍ

          အခြေခံပညာကျောင်း ၄၆၀ ကို ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အဆင့်မြင့်ပညာ ကဏ္ဍတွင် လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေး ဒီဂရီကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ကယားပြည်နယ်အတွက် စာရေးသူ၏ ဆန္ဒမွန်

          ပုံမှန်အားဖြင့်ဆိုလျှင် ကယားပြည်နယ်သည် အေးချမ်းသာယာလှပသော ပြည်နယ် တစ်ခု ဖြစ်သည်။ ခရီးသွားလုပ်ငန်းအတွက် အခြေခံကောင်းများနှင့်လည်း ပြည့်စုံပေသည်။ ထူးခြားသော တောတောင်ရေမြေသဘာဝ၊ တိုင်းရင်းသားများ၏ နွေးထွေးပျူငှာဖော်ရွေမှုများ၊ ယဉ်ကျေးမှုဓလေ့စရိုက်များက များစွာအထောက်အပံ့ ဖြစ်စေခဲ့သည်။ သဘာဝအလှတရားများ ပြည့်စုံကြွယ်ဝသော်ငြားလည်း ခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် Virgin Land ဟု ပင် တင်စားခေါ်ဝေါ်နေကြကြောင်း သိရသည်။ အဓိကအကြောင်းရင်းမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိရေး အာမခံချက်ပင် ဖြစ်သည်။ ယင်းသို့ဖြစ်လာစေရန်မှာ ဒေသခံတိုင်းရင်းသားများတွင် အဓိကတာဝန်ရှိနေပါသည်။ ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင် ရွက်ရပါမည်။ ပြည်နယ်အစိုးရအနေဖြင့် အထင်ကရခရီးစဉ် (၅၇) နေရာ၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းပေါင်း (၆၆) ခုအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ကန္တာရဝတီ ငွေတောင် ပြည် (သို့မဟုတ်) ကယားပြည်နယ်ကို ကျွန်တော် သံယောဇဉ်ကြီးခဲ့ပါသည်။ နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများစွာ လုပ်ပေးခဲ့ဖူးပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့ များနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ဖူးပါသည်။ ရှေးယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းပြီး သာယာ လှပသော ကယားပြည်နယ်အဖြစ် ထာဝစဉ်တွေ့မြင်လိုပါသည်။ မလွဲမသွေဖြစ်လာရမည်ဟု လည်း အလေးအနက် ယုံကြည်မိပါသည်။

မြင့်စိုး(နတလ)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်