Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နဝမအကြိမ် ဘွဲ့နှင်းသဘင် ကျင်းပ


25 Jan,2025

သန်လျင် ဇန်နဝါရီလ ၂၅
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်များအတွက် နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၅-၁-၂၀၂၅ ရက်နေ့ (စနေနေ့)၊ နံနက်(၉:၀၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို အစီအစဉ် (၂)ရပ်ဖြင့် ကျင်းပခဲ့ပြီး ပထမပိုင်း အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထူးပြုဘာသာရပ် အလိုက် မဟာဘွဲ့သင်တန်းတွင် အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု တက္ကသိုလ်လက်ရွေးစင် ဘောလုံး အားကစားသမား မောင်ဗိုဆန်းထွန်းအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် တက္ကသိုလ်ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဘွဲ့များပေးအပ်ချီးမြှင့်ပြီးနောက် ပါမောက္ခချုပ်မှ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားရာ တွင် မောင်တို့မယ်တို့အနေဖြင့် မိမိတို့၏ အထူးပြုဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများအပြင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများနှင့် လူမှုစီးပွားဆိုင်ရာ ပညာရပ်များ၏ သီအိုရီသဘောတရား၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေ့လာသင်ယူပြီးဖြစ်သည့်အတွက် လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မောင်မယ်တို့အနေဖြင့် လက်ရှိပညာအရည်အချင်းဖြင့် ရပ်တန့်မနေပဲ ဘဝတစ်သက်တာ ပညာသင်ယူမှု(Life Long Learning) စနစ်ကို လက်ခံကျင့်သုံးမှသာ မိမိနိုင်ငံ၏လိုအပ်ချက်များ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို မိမိကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အရည်အချင်းပြည့်ဝစွာဖြင့် မိမိတို့နိုင်ငံ၏ အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘွဲ့ရမောင်မယ်တို့အနေဖြင့် တိုင်းကျိုးပြည်ပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ ဘက်စုံပြည့်ဝသည့် အမိတက္ကသိုလ် ဂုဏ်ဆောင် သားကောင်း၊ သမီးကောင်း မောင်မယ်များအဖြစ် အားသွန်ခွန်စိုက် ကြိုးစားပါဝင်ဆောင်ရွက်ကြစေဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတတ်ကျွမ်းသောပညာဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးမှာ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုကြောင်း အလေးအနက်တိုက်တွန်းမှာကြားခဲ့ပါသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မဟာဘွဲ့(၂၀)ဦး၊ ဘွဲ့လွန်ဒီပလိုမာ(၄)ဦး၊ အထူးပြု ဘာသာရပ်များ အလိုက် စီးပွားရေးသိပ္ပံဘွဲ့ရရှိသူ(၁၃၅)ဦး၊ Advanced Diploma in Business Management ဒီပလိုမာလက်မှတ်ရ (၁၇)ဦး၊ Higher Diploma in Business Management ဒီပလိုမာလက်မှတ်ရ (၁၀)ဦး၊ စုစုပေါင်း တက်ရောက်ဘွဲ့ယူသူနှင့် ဒီပလိုမာလက်မှတ်ယူသူ(၁၈၆)ဦး နှင့် အဝေးရောက် ဘွဲ့ယူသူ (၅၈)ဦး၊ အဝေးရောက်ဒီပလိုမာလက်မှတ်ယူသူ (၄၈)ဦးတို့အား ဘွဲ့များနှင့် ဒီပလိုမာလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဘွဲ့နှင်းသဘင်ကို နေ့လယ် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်