နေပြည်တော် ဇန်နဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ နဝမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေး ပညာတတ်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ ဘွဲ့ရပညာတတ်များ ဖြစ်ရုံနှင့်မပြီးဘဲ ရိုးသားမှုကိုအခြေခံသည့် လူတော်လူကောင်းများ ဖြစ်လာစေရေး၊ MSME လုပ်ငန်း များကို အခြေတည်ပြီး အကြီးစားစက်မှုလုပ်ငန်းများ ထူထောင်နိုင်သော စီးပွားရေးစွမ်းဆောင်ရှင် Entrepreneurship ခေါင်းဆောင်များဖြစ်အောင် ကြိုစားကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက အထူးပြုဘာသာရပ် အသီးသီးအလိုက် မဟာဘွဲ့ သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တတိယ ကြေးတံဆိပ်ဆုရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘောလုံးအသင်း၌ ပါဝင်ကစား ခဲ့သည့် တတိယနှစ်ကျောင်းသား မောင်ဗိုဆန်းထွန်းကိုလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းက စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ အသုံးချ စာရင်းအင်းပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်များတွင် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြပြီး ဘွဲ့နှင်းသဘင်အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ရုတ်သိမ်းခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၂) ရှိ “လှ” ချည်မျှင် ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ချည်မျှင်စက်ရုံသို့ သွားရောက်ပြီး ဖြတ်စညှပ်စနှင့် စွန့်ပစ်ပိတ်စများမှ ဂွမ်းဖွသန့်စင်ခြင်း၊ ဗိုင်းထောင့်ပြုလုပ်ခြင်း၊ အပင်ပေါင်းခြင်း၊ OE ၁/၇ ချည် ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များအား လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး သမဝါယမအသင်းအမှုဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် စက်ရုံ တာဝန်ခံက လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စံချိန်စံညွှန်းမီ ချည်မျှင်များ ထုတ်လုပ်ပြီး ပြည်တွင်းရက်ကန်းလုပ်ငန်းရှင်များ သုံးစွဲမှုပမာဏ ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်း စုချုပ်နှင့် ချိတ်ဆက်၍ ဒေသခံတောင်သူများထံမှ Grade A ၊ Grade B အဆင့်မီဝါဂွမ်းကုန်ကြမ်း ဝယ်ယူမည့်လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
“လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေ (၅.၈၅) ဧကပေါ်တွင် ဂွမ်းဖွစက်ခန်း၊ ချည်မျှင်စက်ခန်းများ အပါအဝင် စက်ရုံတည်ဆောက်၍ ဝန်ထမ်းနှင့် လုပ်သားအင်အား (၂၇) ဦးဖြင့် ၁/ ၇ ချည်မျှင်များကို ဦးစားပေးထုတ်လုပ်လျက်ရှိပြီး စက်စွမ်းအားတိုးမြှင့်၍ ၁/ ၂၁၊ ၁/ ၃၀၊ ၁/ ၄၀ ချည်များကို ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ရာ ချည်တင်သွင်းရမှုအတွက် နိုင်ငံခြားသုံးငွေကို အထိုက်အလျောက် လျှော့ချနိုင်ရန် ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်