Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေစီမံခန့်ခွဲခြင်း အနုပညာ


29 Aug,2022

ခန့်ဇော်(ကျေးလက်)

နောက်ခံသမိုင်း

၁။        ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းများရဲ့အစကို လေ့လာကြည့်ပါက ၁၉၉၇ ခုနှစ်အထိ စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ ကျေးလက်ရေရရှိရေးဌာနခွဲမှ ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေး စီမံကိန်း (၁၀)နှစ် စီမံကိန်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ရေးဆွဲ၍ လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပါတယ်။၂၀၁၂ခုနှစ်မှစ၍ ယနေ့အချိန်အထိ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။  

၂။       ရေပေးဝေရေးစနစ်တွေကို ထိရောက်စွာစီမံခန့်ခွဲမှုမလုပ်ပါက ရေအလေအလွင့်များမယ်၊ မလိုလားအပ်သောကုန်ကျစရိတ်များတက်လာပြီး ၊ NRW လို့အတိုကောက်ခေါ်ကြတဲ့ Non-Revenue Water ရာခိုင်နှုန်းလည်းများပြားပြီး အကျိုးဆက်အနေနဲ့ရေပေးရေးစနစ်တွေ ရေရှည် လည်ပတ်ဖို့၊ တိုးတက်ကောင်းမွန်ဆောင်ရွက်နိုင်ဖို့ မလွယ်ကူတဲ့ ဆိုးကျိုးတွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ရေနှင့် လူသားများရဲ့ကျန်းမာရေးတိုက်ရိုက်ချိတ်ဆက်နေတာမို့ ရေပေးရေးစီမံခန့်ခွဲမှု မလုပ်နိုင်ရင် လူမှုရေး၊ ကျန်းမာရေး စတာတွေပါထိခိုက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရများမှ လည်း ရေအရင်းအမြစ် များကို ထိန်းသိမ်းရန်၊ စီမံခန့်ခွဲရန် မူဝါဒများချမှတ် ဆောင်ရွက်ကြရ ပါတယ်။ ရေစီမံခန့်ခွဲရာမှာ အဓိကကျတာကတော့ ရေအရင်းအမြစ်များကို စီမံခန့်ခွဲခြင်းနဲ့ ရေဖြန့်ဝေ ပေးမှုအား စီမံခန့်ခွဲခြင်း ဖြစ်ပါတယ်။ နည်းပညာအရ အားလုံးဆောင်ရွက်နိုင်ပါသည်။ Pay for Service ရေသုံးစွဲမှုတွင် အခွန်အခများပေးဆောင်ခြင်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်ဒေသတွေမှာ များစွာအာရုံစိုက် စည်းရုံးဆောင်ရွက်နေကြရပါတယ်။

ရေမီတာစနစ်စတင်ခြင်း

၃။          ရေမီတာတပ်ဆင်သုံးစွဲမှုကို လေ့လာပါက မြန်မာနိုင်ငံမှာ ကိုယ်ထူကိုယ်ထက စခဲ့တာလို့ ပြောနိုင်ပါတယ်။ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနဲ့ မြိုင်မြို့နယ်၊ ကန်နီကျေးရွာများမှ စတင် ဆောင်ရွက်ခဲ့ကြကြောင်း လေ့လာမှုအရသိရှိရတယ်။ UNICEF ၏ အကူအညီနဲ့ စက်မှုလယ်ယာ ဦးစီးဌာန လက်ထက်မှစလို့ စည်ပင်သာယာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများအဆက်ဆက် ရေမီတာစနစ် တပ်ဆင်သုံးစွဲမှုများကို အဆင့်ဆင့်ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။

၄။       ရေမီတာတပ်ဆင်သုံးစွဲခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ရေဖိုးရေခ ပေးဆောင်ရသလို၊ ‌ရေကိုလိုသလောက်သာသုံးလို့ သာတူညီမျှရေရရှိခြင်း၊ရေအလေအလွင့်နည်းပါးခြင်း၊ ရေခွန်ရေခရရှိ သလို ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်နိုင်လို့ ရေပေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ပုံမှန်လည်ပတ်နိုင်ခြင်း၊ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများကို မြို့ပြကဲ့သို့လုပ်ဆောင်နိုင်ပြီး အကျိုးခံစားခွင့်ရှိခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိကြတာတွေ့ရပါတယ်။

“ပြည်သူ-ကျေးလက်-ယူနီဆက်” ရေမီတာစနစ်

၅။          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် (၂၀၁၂)ခုနှစ်မှာ UNICEF နဲ့ ပူးပေါင်းပြီး DIFID အထောက်အပံ့နှင့် (Accelerating Sanitation, hygiene and Water for All in off-track countries’ programme - ASWA-1)စီမံကိန်းကို Dry Zone (အပူပိုင်းဇုံ) (၁၁၀)ရွာ ရေမီတာစနစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ Design ပုံစံက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (အစိုးရ)၊ ပြည်သူထည့်ဝင်ငွေ၊ UNICEF ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာနှင့် Local  ပစ္စည်းကုန်ကျစရိတ်ကျခံခြင်း၊ ပြည်သူမှ ၃၀% ခန့် လုပ်အားနှင့် ငွေကျခံခြင်း၊ UNICEF မှ ပိုက်/ ပန့်များ ထောက်ပံ့ခြင်းကို ပူးပေါင်း ဆောင်ရွက်သည့်ပုံစံဖြစ်ပါတယ်။ “ပြည်သူ-ကျေးလက်-ယူနီဆက်” စီမံကိန်းလို့လူသိများပါတယ်။ DFID မှ UNICEF နှင့် ပူးပေါင်းပြီး M&E နဲ့ Evaluation များ ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ကြပြီး အစစ်ဆေးခံနိုင်ခဲ့ပါတယ်။ ASWA-1 Extension  ကို (၂၀၁၆) ခုနှစ်၊ (၆) မြို့နယ်၊ (၆၂)ရွာ နဲ့  ဒုတိယစီမံကိန်း (ASWA-II) ကို(၂၀၁၈) ခုနှစ်၊ (၁၃)မြို့နယ်၊ (၁၄၄)ရွာ ဆက်လက်ဆောင်ရွက် ဖြစ်ခဲ့ပါသည်။

(ASWA) စီမံကိန်း မှ ရေမီတာဖြင့် ရေအသုံးပြုမှု မှတ်တမ်း

၆။           ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး WASH Strategy နဲ့ Investment Plan ကို (၂၀၁၅)ခုနှစ်မှာ စတင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီတွင် အတည်ပြုနိုင်ခဲ့ပါတယ်။ Strategy နဲ့ Investment Planအရ ကျေးလက် ရေရရှိရေး လုပ်ငန်းတွေ၊ ကျန်းမာသန့်ရှင်းရေးနဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ UNICEF ၊ JICA အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပါ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၇။           ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရေမီတာစနစ်နှင့်အိမ်သွယ်ရေတိုင် စီမံကိန်းများကို UNICEF နဲ့ ဆောင်ရွက်ခဲ့တဲ့ Model ကို မြို့နယ်တိုင်းမှာ တိုးချဲ့ဆောင်ရွက်ရန် နှစ်စဉ် စီမံကိန်းရေးဆွဲလျာထား ဆောင်ရွက်ခဲ့ပါတယ်။ ပထမအစမှာ မြို့နယ်တိုင်း ကျေးရွာ(၅)ရွာ Pilot  ဆောင်ရွက်စေခဲ့ပြီး နှစ်စဉ်တိုးချဲ့လျာထားဆောင်ရွက်စေခဲ့ပါတယ်။ ဆောင်ရွက်နိုင်မှုတွေကို ပြည်ထောင်စုအဆင့်မှ ဆုပေးပြီး Motivationလုပ်ခဲ့၊ ၊ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိ မြိုနယ်(၂၁၃)မြို့နယ် ရှိကျေးရွာပေါင်း (၃၅၃၁)ရွာတွင် အိမ်သွယ်ရေတိုင်နှင့် ရေမီတာစနစ်၊ များတပ်ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေပေါင်း (၆၁၈၃၄၅)နဲ့ လူဦးရေစုစုပေါင်း (၂၉၀၅၉၈၉) အား အကျိုးပြုနိုင်ခဲ့ပါတယ်။

သောက်သုံးရေရရှိမှုစစ်တမ်း

၈။           (၂၀၁၇)ခုနှစ် Joint Monitoring Program (JMP) စစ်တမ်းအရ ကျေးလက်ရေရရှိရေးမှာ SDG Target-6 အရ အခြေခံရေရှိရေး လွှမ်းခြုံမှု(၅၈%)ရှိပြီး Safety Managed စနစ်မှာ Nil ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ SDG ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကောင်းမွန်သော ရေပေးဝေရေးစနစ် Safety Managed စနစ်ကိုသတ်သတ်မှတ်မှတ် ဆောင်ရွက်ပေးမှုမရှိလို့ စစ်တမ်း ကောက်တဲ့အခါမှာလဲ Indicator ပြည့်မှုမရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းပြီး SDG Requirement Indicator တွေကို ဝန်ထမ်းတွေ နားလည်အောင်လုပ်ပြီး Investment မှာ စီမံကိန်းရေးဆွဲ ဘတ်ဂျက်လျာထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အိမ်ထောင်စုစစ်တမ်း လေ့လာဆန်းစစ်သူတွေနဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ပါတယ်။ အိမ်သွယ်ရေတိုင်စနစ်အပြင် ရေသန့်စင်စနစ်များကို နှစ်စဉ်တိုးချဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ရေသန့်စင်စနစ် ဆောင်ရွက်နိုင်တဲ့ ပြည်နယ်/တိုင်းနှင့်မြို့နယ်တွေကို နှစ်စဉ်ဆုပေးခဲ့ ပါတယ်။ ယခုလိုဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း စစ်တမ်းအရ ကျေးလက်ရေရရှိရေး ကဏ္ဍတွင် အခြေခံစနစ်ရှိသော (အနိမ့်ဆုံး)သောက်သုံးရေ ဝန်ဆောင်မှုရရှိ သော အိမ်ထောင်စု အရေအတွက်မှာ ၇၇.% အထိရှိပြီး ၎င်းအနက်မှ သန့်ရှင်း၍ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှု (Safely Managed Services) ရရှိသုံးစွဲသော ကျေးလက်အိမ်ထောင်စု အရေအတွက်မှာ ၃၃% အထိ တိုးတက်ရရှိခဲ့ပါတယ်။

သတင်းအချက်အလက်စနစ်

၉။       ကျေးလက်ရေရရှိရေးလုပ်ငန်းတွေကို မျှော်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ရာမှာ RWS-MIS သတင်းအချက်အလက် မှန်ကန်ရေးဟာ အရေးပါကြောင်း သိလာရပါတယ်။ ဒေသအလိုက် ရေအရင်းအမြစ်ရရှိမှု ရေအရည်အသွေး ကောင်း/ မကောင်း၊ လုံလောက်မှု ရှိ/ မရှိ ဆောင်ရွက်ပြီး လုပ်ငန်းတွေ ပုံမှန် Function ဖြစ်/ မဖြစ်ဟာ နှစ်စဉ် နှစ်လတ်၊ နှစ်ရှည် စီမံကိန်းရေးဆွဲရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် UNICEF နိုင်ငံတကာအဖွဲ့များနှင့်ပူးပေါင်းပြီး RWS-MIS စနစ်၊ ရေရရှိရေးဆိုင်ရာ အချက်အလက်များဆိုင်ရာ MIS စနစ်ထူထောင်ခဲ့ပြီး ၎င်းသတင်းအချက်အလက်များကို အခြေခံပြီး နှစ်စဉ်စီမံကိန်းရေးဆွဲခြင်း ဘတ်ဂျက်လျာထားခြင်းများ အကောင်အထည်ဖော်ခြင်း၊ ပြင်ဆင်ထိန်း သိမ်းခြင်း စသည်တို့ကို ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။ ရရှိသောသတင်းအချက်အလက်များအရ ရေအရင်းအမြစ်မရှိသောကျေးရွာများ၊ အရင်းအမြစ်ရှိလျှင်လည်းအရည်အသွေး မကောင်းသောကျေးရွာများအတွက် ဆောင်ရွက်ရန်နည်းလမ်းများကို ရှာဖွေခဲ့ကြရပါတယ်။

စုပေါင်းရေပေးရေးစနစ်များ

၁၀။         ယခင်ကတော့ ကျေးရွာတစ်ရွာမှာ ၎င်းရွာအနီးအနားရှိ မြေပေါ်/မြေအောက် အရင်း အမြစ်ကိုသာ ရှာဖွေဆောင်ရွက်ခဲ့ရာမှ ယခုနောက်ပိုင်းမှာတော့ ရေအရင်းအမြစ်ရှိရာနေရာမှ လိုအပ် သောကျေးရွာများသို့ စုပေါင်းပြီး ရေဖြန့်ဝေတဲ့စနစ်ကို နည်းလမ်းရှာဖွေ ဆောင်ရွက်ခဲ့ ကြပါတယ်။ ဥပမာအားဖြင့် မြစ်ရေတင်စနစ်မှ ကျေးရွာများစုပေါင်းရေဖြန့်ဝေခြင်း၊ မြေအောက်ရေ ရရှိသော နေရာမှာ မြေဝယ်ပြီး ရေပေးရေးစနစ် ဖြင့် ကျေးရွာများသို့ ဖြန့်ဝေခြင်း၊ စိမ့်စမ်းရေသွယ် အရင်း အမြစ်မှ ကျေးရွာများသို့ ရေဖြန့်ဝေခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြရပါတယ်။ အဲ့ဒီလို စုပေါင်းရေပေးရေးတွေ ဆောင်ရွက်ပါက ရေစီမံခန့်ခွဲမှုစနစ်ဟာ မရိုးရှင်းတော့ပါ။ စနစ်တစ်ခု၊ တစ်ရွာတည်း အုပ်ချုပ်မှုက ရိုးရှင်းသော်လည်း စနစ်တစ်ခုမှ ရွာများသို့ စုပေါင်းရေပေးဝေပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး စီမံရပါတယ်။ ရွာအများနှင့် ဆိုင်တဲ့ ရေပေးရေးစနစ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျေးရွာများ ပူးပေါင်း ထိန်းသိမ်းရပါတယ်။ ဒီနေရာမှာ ရေမီတာစနစ်ဟာ လွန်စွာအရေးပါလာပါတယ်။ တစ်ရွာချင်းစီ အလိုက် Main Meter တွေ တပ်ဆင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Main Committee က ထိန်းရပါတယ်။ ရွာတွင်းမီတာများကိုတော့ ရွာအလိုက်ရေကော်မတီက တပ်ဆင်ပြီး ထိန်းပါတယ်။ ပြီးစီးပေမဲ့၊ နည်းပညာနှင့်ရန်ပုံငွေရှိက ရေကို လိုရာသို့ပေးပို့ဖြန့်ဖြူးနိုင်အောင် စီမံခန့်ခွဲလို့ရတဲ့ခေတ်ဖြစ်နေပြီ ဖြစ်ပါတယ်။ စုပေါင်းရေပေးရေး စနစ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ထိန်းသိမ်းတိုးချဲ့ထားမှုကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိ မြိုနယ်(၃၅)မြို့နယ်ရှိ ကျေးရွာ ပေါင်း (၅၂)ရွာ၊ တွင်ရှိသော အကျိုးပြုအိမ်ခြေပေါင်း (၄၇၃၁၁)နဲ့ လူဦးရေစုစုပေါင်း (၂၃၉၇၁၂) အား လုပ်ငန်းပေါင်း(၃၁၉)ဖြင့်  အကျိုးပြုနိုင်ခဲ့ပါတယ်။

၁၁။         စုပေါင်းရေပေးရေးစနစ်များမှာ တစ်အိမ်ချင်း ရေမီတာစနစ်တပ်ဆင်ရုံဖြင့် မပြီးဘဲ နည်းပညာအရ စုပေါင်းရေပေးရေးစနစ်များမှာ ရေခွန်ကောက်ဖို့ Prepaid မီတာစနစ်ကလည်း လိုအပ်လာပါတယ်။ ဥပမာပြောရရင် ညောင်ဦးမြို့၊ ဧရာဝတီမြစ်ရေမှ ကျေးရွာပေါင်း (၁၀၀)ကျော်ကို မြစ်ရေတင်ဖြန့်ဝေပေးရာမှာ မြို့နယ်မှဝန်ထမ်းအင်အား ကန့်သတ်ချက်ကြောင့် ကျေးရွာပေါင်းများစွာ မှရေခွန်ကောက်ရန်မှာ အချိန်၊ လူ၊ အသုံးစရိတ် ကန့်သတ်ချက်များ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျေးရွာအဆင့် Main Meter ကို Prepaid မီတာပြောင်းဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။     (၂၀၂၁)ခုနှစ်၊ Pilot (၁)ရွာ ဆောင်ရွက်ခဲ့ပြီး၊ (၂၀၂၂)ခုနှစ်မှာ (၂၃)ရွာ တိုးချဲ့ဆောင်ရွက်နေပါတယ်။

Prepaid Meter

၁၂။           Prepaid Meter သည် Smart Meter အမျိုးအစားဖြစ်ပြီး ကဒ်စနစ်ဖြင့် ရေသုံးစွဲသည့် ပမာဏကို ကြိုတင်ဖြည့်ပြီးမှ ကြိုတင်ဝယ်ယူထားသော ရေယူနစ်ကို ပိုက်လိုင်းအတွင်း စီးဆင်း ခွင့်ပြုရန် လျှပ်စစ်မော်တာဖြင့် မောင်းသောဘားကိုဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကို ပြုလုပ်သောစနစ် ဖြစ်ပါတယ်။

၁၃။       ဖုန်းငွေဖြည့်ခြင်း၊ လျှပ်စစ် Bill Mobile များ ငွေချေခြင်းကဲ့သို့ စနစ်ပင်ဖြစ်ပါသည်။ Online မှတစ်ဆင့် Network Internet နှင့် ချိတ်ဆက်ဆောင်ရွက်သောစနစ်နှင့် Internet မလိုသော စနစ်(၂)မျိုး ရှိပါတယ်။ ခုသုံးထားတဲ့စနစ်ကတော့ Internet မလိုပဲ Card reader မှ User IC ကို  Scan ဖတ် Wiseller စနစ်ဖြင့် data ပို့ပါတယ်။ User IC ကဒ်ကို ရေမီတာအနီးမှာ Scan ဖတ်၍ User (ကျေးရွာကော်မတီ)မှ ဖြည့်ထားသော ရေယူနစ် ပမာဏကို သုံးစွဲရန် သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ Non-contact IC Card Technology စနစ်ကို သုံးထားလို့ ကြိုးမဲ့စနစ်ဖြင့် လွယ်လွယ်ကူကူ သုံးစွဲ ခြင်းဖြစ်ပါတယ်။

၁၄။          လက်ကျန်ရေယူနစ်နည်းလျှင် ရေမီတာ၏ Valve ကို ပိတ်သွားခြင်းသော်လည်းကောင်း၊ Alarm ပေးခြင်းဖြင့်သော်လည်းကောင်း ရေသုံးစွဲသူကို သတိပေးပါတယ်။ လက်ကျန်ရေယူနစ် ကုန် သွားလျှင် ရေမီတာ၏ Valve သည် အလိုအလျောက်ပိတ်၍ ငွေပြန်လည်ဖြည့်သွင်းပြီးသော User IC ကဒ်ဖြင့် ရေမီတာတွင် Scan ဖတ်မှသာ valve ပြန်လည်ဖွင့်ပေးထားသောကြောင့်  ရေဖိုး၊ရေခ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

Prepaid ရေမီတာ နှင့် ရေမီတာ တပ်ဆင်နေပုံ

၁၅။            အသုံးပြုရမယ့်နည်းလမ်းတွေကတော့ ရေစီမံခန့်ခွဲတဲ့ မြို့နယ်အဆင့်ဌာနသို့ သွားရောက် ပြီး User IC ကဒ်ကို ကြိုတင်ငွေဖြည့်သွင်းရပါမယ်။ ကြိုတင်ငွေဖြည့်သွင်းလိုက်သော ပမာဏအတိုင်း ရေပမာဏယူနစ်သတ်မှတ်၍ User Card တွင် ဖြည့်သွင်းပေးပါတယ်။ ၎င်း User ကဒ်ကို ရေမီတာ တွင် Scan ဖတ်သည်နှင့်တစ်ပြိုင်နက် Valve ပွင့်၍ လက်ကျန်ရေယူနစ် နည်းလာလျှင် (သတ်မှတ်ထားသော လက်ကျန်ရေယူနစ်သာကျန်လျှင်) ရေမီတာတွင် Alarm Signal ပြမည်ဖြစ်ပြီး ရေဘားပိတ်သွားမှာဖြစ်ပါတယ်။ User Card ဖြင့် ရေမီတာကို ထိပေးခြင်းဖြင့် ဘားပြန်ပွင့်လာပြီး လက်ကျန်ရေယူနစ်ကုန်လျှင် ရေဘားလုံးဝပိတ်သွားမှာ ဖြစ်ပါတယ်။ ကဒ်တွင်ယူနစ်ပြန်ဖြည့်ပြီး မီတာကို Scan ဖတ်မှသာလျှင် ဘားပြန်ပွင့်မှာ ဖြစ်ပါတယ်။

Prepaid Meter အကျိုးကျေးဇူး

၁၆။         ၎င်းစနစ်ကိုသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကတော့ ကြိုတင်ငွေဖြည့်သွင်းရသည့်စနစ် ဖြစ်သောကြောင့် ရေသုံးစွဲသူမှရေဖိုးပေးချေမှု နောက်ကျခြင်း၊ မပေးချေခြင်းတို့ကို မဖြစ်ပေါ် စေနိုင်ပါ။ User ကို လက်ကျန်နည်းသည့်အခါ Alarm ပေးသည့် စနစ်ပါသည့်အတွက် ရေပြတ် တောက်သည့်အဖြစ်မှ ရှောင်ရှားနိုင်ခြင်း၊ ရေမီတာကို ကြေးဝါဖြင့်ပြုလုပ်ထားသည့်အတွက် သက်တမ်းကြာရှည်စွာ အသုံးပြု၍ရခြင်း၊ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်ခြင်း၊ ရေမီတာအတွင်းရှိ Gear လည်ပတ်မှုကို နှောက်ယှက်နိုင်သော Electromagnetic Attack များကို ရေမီတာအနီး သက်ရောက်လာပါက အလိုအလျောက် Valve ကို ပိတ်ပေးသောကြောင့် မီတာမှားယွင်းမှု၊ ရေခိုးယူ သုံးစွဲမှုတို့မှ ကာကွယ်ပေးခြင်းနှင့် ရေဖိုးဆုံးရှုံးမှုကို လျော့ချပေးနိုင်ခြင်းများ ရရှိစေပါတယ်။

၁၇။         စုပေါင်းရေပေးရေးစနစ်မှာ ရေပေးရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပုံမှန်လည် ပတ်ထိန်းသိမ်းရန်အတွက် ကျေးရွာကော်မတီတစ်ခုလုံးကို တာဝန်ပေးလို့မရဘဲ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေးတာဝန်ခံ သတ်မှတ်တာဝန်ပေးခြင်း၊ လိုအပ်သော ရေပေးရေးလုပ်သားများ ခန့်အပ်ခြင်း၊ ကျေးရွာအများနဲ့ဆိုင်တဲ့ ကော်မတီဖွဲ့စည်းခြင်း၊ တာဝန် ပေးအပ်ခြင်း၊ ကျေးရွာတစ်ရွာချင်းအလိုက် ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းတို့ ဖြစ်ပါတယ်။ တာဝန်ဝတ္တရားများအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-     

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

ရေပေးရေးစနစ်တစ်ခုလုံးကို တာဝန်ယူကြီးကြပ်ခြင်း၊ ရေခွန် ကောက်ခံခြင်း။

ကျေးရွာများနဲ့ဆိုင်တဲ့ ကော်မတီ

ရေပေးရေးစနစ်တစ်ခုလုံးကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းကြီးကြပ်ခြင်း၊ ကျေးရွာများကို ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်း။

ကျေးရွာကော်မတီ

ကျေးရွာအတွင်း ရေပေးရေးစနစ်ကို ကြီးကြပ်ခြင်း၊ ကျေးရွာအတွင်း ရေခွန်ကောက်ခံခြင်း။

၁၈။         Internet အသုံးပြုသော Prepaid Meter စနစ်ကတော့ ရေမီတာစနစ်အား  online ပေါ်ရှိ Cloud System  သို့ တိုက်ရိုက်အချက်အလက်များ ပေးပို့၍ online မှ တဆင့် စောင့်ကြည့် စစ်ဆေးခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ရေပိတ်/ဖွင့်ခြင်းများအား ပြုလုပ်နိုင်သည့်စနစ်ဖြစ်ပြီး လူကိုယ်တိုင် လာရောက်ရန်မလိုသည့်အတွက် များစွာအချိန် ကုန်သက်သာစေသောနည်းလမ်း ဖြစ်ပါသည်။ သို့ရာ တွင် Online စနစ်ဖြင့် အချက်အလက်များဖြည်သွင်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် ရသည့်အတွက် အချက်အလက်ပေးပို့မှုအပေါ်မူတည်၍ online internet ဆိုင်ရာ ကုန်ကျစရိတ်များ ၊ဆာဗာအတွက် ကုန်ကျစရိတ်များရှိလာမည်ဖြစ်ပြီး မြို့ရေပေးရေးစနစ်များမှာ အသုံးပြုရန် သင့် တော်ပါသည်။လက်ရှိအနေဖြင့် နိုင်ငံတကာတွင်တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင်ပါ စတင်သုံးစွဲရန် ကြိုးပမ်းလျက်ရှိပါသည်။

NRW (Non- Revenue Water)

၁၉။       ရေစီမံခန့်ခွဲရာတွင် NRW (Non-Revenue Water) လျော့နည်းအောင်စီမံရန်လည်း အလွန် အရေးကြီးပါသည်။ နိုင်ငံအများစု အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ NRW (၅၀)ခန့်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အခွန်မရဘဲ၊ ပြည်သူမသုံးစွဲရဘဲ ၃၅% လေလွင့်သွားတာပဲဖြစ်ပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းများကတော့ ပြုပြင်ထိန်းသိမ်းမှု မရှိလို့ ရေပေပေးရေးဆိုင်ရာ ပိုက်လိုင်းများ၊ ပိုက်အကူးအဆက်များ၊  Pump နှင့် ပိုက်အဆက်များမှ ရေစိမ့်ခြင်း၊ ရေယိုခြင်းများ ကြောင့် ဖြစ်ပါတယ်။ မြေအောက်ရှိဆောင်ရွက်ထားရှိတဲ့ ရေပေးရေးဆိုင်ရာပစ္စည်းများရဲ့ သက်တမ်း ကြာရှည်မှု နှင့် အရည်အသွေးကြောင့်လည်း ဖြစ်ပါတယ်။

၂၀။          ထင်ရှားတဲ့သာဓက တစ်ခုပြပါဆိုရင် ညောင်ဦးမြို့နယ်၊နတ်သမီးကမ်းပါး မြစ်ရေတင် ကျေးလက်ရေဖြန့်ဝေရေးလုပ်ငန်းကို ညွှန်ပြရမှာဖြစ်ပါတယ်။ အဆိုပါရေပေးရေး စီမံကိန်း ကို ၁၉၉၅ ခုနှစ်၊ ဧပြီလတွင် စက်မှုလယ်ယာဦးစီးဌာနမှတစ်ဆင့် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါတယ်။၎င်းနောက် ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဦးစီးဌာနများ တစ်ဆင့်ပြီးတစ်ဆင့် လွှဲပြောင်းလာခဲ့ရာ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ တွင်မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းလက်ခံရယူပြီး ယနေ့တိုင် လည်ပတ်ထိန်းသိမ်းပြုပြင်၍ တိုးချဲ့ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။  

ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါးမြစ်ရေတင် ကျေးလက်ရေပေးရေးစီမံကိန်း

၂၁။         ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တောင်ဇင်းမြစ်ရေတင်လုပ်ငန်းကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ ဆုံးဖြတ်စီမံခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် (၃၅) နှစ်ကျော်ခန့် သက်တမ်းရှိပြီဖြစ်တဲ့ လက်ရှိရေပေးရေး စနစ်တစ်ခုလုံးကို ပွန်တွန်းမှ ရေစတွန်းသည့်နေရာမှစလို့ ကျေးရွာများရောက်သည်အထိ အဆင့်ဆင့် တွန်းပို့မှုများ၊ Pump များရဲ့ Capacity၊ လျှပ်စစ်သုံးစွဲမှု ပမာဏ၊ ပိုက်လိုက်များရဲ့ ကြံ့ခိုင်မှု ကောင်း/ မကောင်း၊ ပိုက်ဆက်များ၊ ဘားများ၊ လျှပ်စစ်ပိုင်းဆိုင်ရာ မီးအားနိုင်နင်းမှု ရှိ/ မရှိ စသည်များ အသေးစိတ်ကို အပိုင်းလိုက် လေ့လာခဲ့ပါတယ်။

၂၂။         ပထမအဆင့်အနေဖြင့် လျှပ်စစ်သုံးစွဲမှုများပြီး Capacity (ရေတွန်းပို့/တင်နိုင်တဲ့ပမာဏ) နည်းနေတဲ့ပန့်တွေကို လျှပ်စစ်သုံးစွဲမှုနည်းပြီး Capacity (ရေတွန်းတင်/ပို့နိုင်တဲ့ပမာဏ)များတဲ့ ပန့်များနဲ့ အစားထိုးလဲလှယ်ခဲ့ပါတယ်။ Transformer များ ပြန်လည်ပြုပြင် အသစ်လဲခဲ့ပါတယ်။ Ground Tank များအား နူန်းဆယ်ယူပြီး သန့်ရှင်းရေးလုပ်၊ ပြင်ဆင်စရာရှိသည်များ ပြင်ခဲ့ပါတယ်။ မြင်သာသောပိုက်နှင့် ပိုက်ဆက်များ၊ ဘားများ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပြီး ချိန်မှာ ပေးပို့ဖြန့်ဝေသည့် ရေပမာဏ၊ ရောက်ရှိရေပမာဏကို စစ်ဆေးရာမှာ (၁၄)% အထိ တိုးတက်ရရှိခဲ့ပြီး ယခင် NRW( ခန့်မှန်း ၇၅) % မှ (၆၁)% ထိ တိုးတက်ခဲ့ပါတယ်။

၂၃။         ရေမီတာဖိုးကိုနိုင်ငံတော်မှ (၇၀)% ကျခံပေးနေရာမှ ယနေ့(၃၀)% သာ ကျခံရသည်အထိ တိုးတက်လာခဲ့ပါတယ်။ ဆက်လက်ပြီး မြေအောက်ရေပိုက်လိုင်းများကို ထပ်မံစစ်ဆေးရန် စီမံချက်ချ ဆောင်ရွက်ခဲ့ပါတယ်။ အပိုင်းလိုက်၊ Group အလိုက် ရေလေလွင့်မှု ရှိ/ မရှိကို ထပ်မံတိုင်းတာ စစ်ဆေးခဲ့ပါတယ်။ တွေ့ရှိချက်အရ ပြင်ဆင်ရန် အပိုင်းများကို တူးဖော်စစ်ဆေး ပြင်ဆင်ခြင်း၊ ရေမီတာအသစ်များ လဲလှယ်တပ်ဆင်ခြင်း၊ လိုအပ်သောနေရာများတွင် Check Valve များတပ်ဆင် ခြင်းများဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် NRW (Non-Revenue Water) (၆၁)% မှ (၃၃)% ထိ ထပ်မံတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၄။     စတင်တည်ဆောက်စဉ်မှ ယနေ့အထိ ကျေးရွာပေါင်း (၁၀၅)ရွာအထိ ဆက်လက် ရေပေးဝေနေပြီဖြစ်ပါတယ်။ တောင်းဇင်းပိုက်လိုင်း( စုစုပေါင်း ပိုက်လိုင်းအရှည် (၂၉)မိုင်)၌ စုစုပေါင်း ကျေးရွာ(၄၈)ရွာရှိ အိမ်ခြေ (၉,၀၀၀)ကျော် လူဦးရေ (၅၃,၀၀၀) ကျော်အား အကျိုးပြုလျက် ရှိပါတယ်။ အလားတူပင် စက်စက်ယိုပိုက်လိုင်း (စုစုပေါင်း ပိုက်လိုင်းအရှည် (၃၆)မိုင်)သည်လည်း ရေစက်ရုံ စုစုပေါင်း (၇)ရုံမှ ရေတင်ပန့်ပေါင်း (၁၄)စုံဖြင့် စုစုပေါင်း ကျေးရွာ (၅၇)ရွာရှိ အိမ်ခြေ (၁၄၀၀၀)ခန့်နှင့် လူဦးရေ (၆၁၀၀၀)ကျော်အား အကျိုးပြုလျှက်ရှိသဖြင့် ရေပေးရေးစနစ်တစ်ခုလုံး အနေဖြင့် ကျေးရွာပေါင်း (၁၀၅)ရွာရှိ စုစုပေါင်းလူဦးရေ တစ်သိန်းကျော်အား သောက်သုံးရေ ပေးဝေနေသော အကျိုးရလာဒ်ကြီးမားသည့် ကျေးလက်ရေပေးရေး စီမံကိန်းတစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။

၂၅။         အိမ်ထောင်စုတိုင်း ရေ၏တန်ဖိုးသိပြီး အကျိုးရှိစွာ အသုံးပြုတတ်စေဖို့ ရေခွန်ရေခ ပေးဆောင်မှုအပေါ် ဂုဏ်ယူတတ်စေဖို့ အသိပညာပေးကြရပါမယ်။ ရေပေးရေး လုပ်ငန်းဆောင်ရွက် ပေးတဲဌာနဆိုင်ရာများအနေဖြင့်လည်း ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကြရမည့်အပြင် ရေဖြန့်ဝေ ရာတွင်လည်း FS/Design များကို စီးပွားရေးတွက်ခြေကိုက်အောင် စီမံဆောင်ရွက်ကြရပါမယ်။ လုပ်ငန်းများ လည်ပတ်ထိန်းသိမ်းရာတွင်လည်း ခေတ်မီနည်းပညာများဖြင့် ရေအလေအလွင့် နည်းနိုင်သမျှနည်းအောင်ကုန်ကျစရိတ်သက်သာစွာ စီမံခန့်ခွဲနိုင်မှုသည်လည်း အရေးပါသည့်လုပ်ငန်း တစ်ရပ်ပင်ဖြစ်ပါသည်။ သို့ပါ၍ ရေအရင်းအမြစ်များအဓွန့်ရှည်စွာဖြင့် ရေပေးရေးစနစ်များအား ရေရှည်လည်ပတ်နိုင်စေရေး သက်ဆိုင်သူအားလုံးမှ ကိုယ်စီတာဝန်ကျေစွာဖြင့် အနုပညာမြှောက်စွာ စီမံခန့်ခွဲကြပါစို့လို့တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ရည်ညွှန်းချက်။        ။ National Strategy for Rural Water Supply, Sanitation and Hygiene (WASH)WASH in Schools and WASH in Health Facilities 2016 – 2030

                               ။  ကျေးလက်နေပြည်သူများအတွက် ရေရှည်တည်တံ့သော ရေပေးရေးစနစ်များ (“ပြည်သူ-ကျေးလက်-ယူနီဆက်” ရေပေးရေးစနစ်)

                               ။ ညောင်ဦးမြို့ ၊နတ်သမီးကမ်းပါး မြစ်ရေတင် ကျေးလက်ရေပေးရေးစီမံကိန်း

                               ။ The 2019 Inter-censal Survey- Key Findings (Myanmar)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm