Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ စမ်းဝတီသဘာဝမြေဩဇာစက်ရုံအား ကြည့်ရှုလေ့လာ


28 Aug,2022

နေပြည်တော် ဩဂုတ် ၂၇

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးပြုလုပ်ခဲ့သော ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ရေအသုံးချရေးအဖွဲ့ခေါင်းဆောင် များနှင့် အဖွဲ့ဝင် (၆၆) ဦးတို့သည့် ယနေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ဆောင်ရွက်နေသော စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ လာရောက်လေ့လာကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြိုဆိုနှုတ်ဆက်၍ သဘာဝမြေဩဇာ ထုတ်လုပ်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ စမ်းဝတီသဘာဝမြေဩဇာစက်ရုံ ပေါ်ပေါက်လာပုံ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ လယ်ထွန်စက်များနှင့် သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်၏ အင်းလေးကန်မှ ဗေဒါအခြေခံသဘာဝမြေဩဇာ ထုတ်လုပ် နေခြင်းနှင့် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ စွန့်ပစ်ကြက်ချေးမှ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ ဦးမျိုးထက်ဝင်းက သဘာဝမြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့်အားလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တောင်သူများသိမှတ်ဖွယ်ရာ စိုက်ပျိုးရေး နည်းပညာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

          ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှု ကြသည်။ ဆက်လက်၍ စမ်းဝတီသဘာဝမြေဩဇာစက်ရုံမှ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယင်းနေ့ ညနေပိုင်းတွင် တပ်ကုန်း မြို့နယ်၊ ဂွေးပင်စံပြကျေးရွာသို့ ရောက်ရှိပြီး GW 11 စပါးမျိုးအား အစေ့ချစနစ်၊ ကြဲပက်စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် စမ်းသပ်စိုက်ပျိုးထားသည့် စံပြကွက်များရှိ တစ်လသားစပါးပင်များ၏ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေကို တောင်သူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm