Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားတက်ရောက်


12 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၂

          မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာ ဝမ်ရှန်ကျုံး)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသများမှာနေထိုင်ကြသူများဖြစ်ကြသည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် အထူးအလေးထားစီမံဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးသည့်အခါမှာ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင် စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေးအရင်းအနှီးများထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် ထိရောက်မြန်ဆန်သော ဝန်ဆောင်မှု ပံ့ပိုးခြင်းတို့အပြင် ယင်းကဏ္ဍတို့နှင့် ချိတ်ဆက်ပြီး တီထွင်ဆန်းသစ်မှုများကို အားပေး မြှင့်တင်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသများစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ သမဝါယမကဏ္ဍဖွံ့ဖြိုးရေးနှင့် အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အဓိကတာဝန်ယူ ဆောင်ရွက် ပေးရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းတွေကို အလေးပေးဆောင်ရွက်လျက်ရှိပြီး အခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွားဘဝမြင့်မားရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို မဟာဗျူဟာများ၊ လုပ်ငန်း စဉ်များ ရေးဆွဲချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ရန်ပုံငွေများဖြင့် သာမက နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီ၊ အထောက်အပံ့များကို ရယူ၍လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများ ဖြင့် ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာ စီမံကိန်းလုပ်ငန်းတစ်ခု အပါ အဝင် စုစုပေါင်း စီမံကိန်းလုပ်ငန်း(၁၅)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ ကျေးရွာ(၂)ရွာတွင် ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစံပြစီမံကိန်းကို စီမံကိန်းကာလ(၃)နှစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းမှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ အောင်မြင်မှုများအပေါ် အခြေခံပြီး မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ရွာသစ်ကျေးရွာ၌ ဘက်စုံကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာသုံးရွာ၌ ပြည်သူ့အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင် စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းကိုလည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာနှစ်ရွာမှာ ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးရေး လုပ်ငန်းစီမံကိန်းများကို  ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ စီမံကိန်းကာလ(၂)နှစ်ဖြင့် အသီးသီး အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက် ခဲ့သည့် အတွေ့အကြုံများ၊ အကျိုးရလဒ်များကို အခြေခံပြီး ယခုစီမံကိန်းကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများအနေဖြင့် ကုန်ထုတ် လုပ်မှုဆိုင်ရာအခြေခံ အဆောက်အအုံနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်းများ ဖော်ဆောင်ခြင်း၊  အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာသင်တန်းများနှင့် အတွေ့အကြုံ မျှဝေခြင်း (Village Exchange) လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ စီမံကိန်း ဆောင်ရွက် ပေးခြင်းဖြင့် စီမံကိန်းကျေးရွာရှိ အိမ်ထောင်စု(၁၅၈)စု၊ လူဦးရေ(၆၉၆)ဦးတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားလာခြင်းနှင့် ဈေးကွက်ချိတ်ဆက် ခိုင်မာအားကောင်း လာစေခြင်း၊ ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မား လာစေခြင်း၊ ကျေးလက်လူမှုအဖွဲ့ အစည်းများနှင့် ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိလာစေမှာဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ဌာန၏ အားတစ်ခုနှင့် မရဘဲ တိုင်းဒေသကြီးအစိုးရ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံ ပြည်သူများ အားလုံး ညှိနှိုင်း ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ဒါ့ကြောင့် စီမံကိန်း အောင်မြင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် လိုအပ်သည်များ ညွှန်ကြား ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ဒေသခံပြည်သူများကလည်း တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားကြောင်း၊ အရေးကြီးဆုံးအချက်တစ်ချက်အနေဖြင့် ဆောင်ရွက်ပြီး လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် အုန်းပင်စုကျေးရွာရှိ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် စီမံကိန်းမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို မိမိပိုင် ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြား လိုပါကြောင်း ပြောကြားပါသည် ။

          ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာ ဝမ်ရှန်ကျုံး)က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာ လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲမှုလျော့ရေးကဏ္ဍများတွင်  ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ပြောကြားပါသည်။

          ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့်လည်း စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍ(၆)ရပ်လုံးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပူးပေါင်း ကြိုးစားဆောင်ရွက်ရန်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း အကျဉ်းချုပ်အားလည်းကောင်း၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။

          ထို့နောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ကျေးရွာကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲ အမှတ်တရလက်ဆောင်ပစ္စည်များအား နေရာအရောက် ပေးအပ် ပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ပထမအတွင်းဝန်တို့က မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ မွေးနံ့သာရည်များ ပက်ဖျန်းပြီးနောက် စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက် မည့်မြေနေရာ၊  Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့်နေရာ၊ ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေရာတို့အား ကြည်ရှုစစ်ဆေးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ညောင်းတုန်းမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး  ကျေးရွာနှစ်ရွာ၊ အိမ်ခြေ ၉၁၆ အိမ်၊ လူဦးရေ ၄၃၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် ငှက်ပျောကျွန်း-ခတ္တိယ ဆက်သွယ်သောကျေးရွာချင်း ဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ အား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျန်ရှိသည့် လမ်းပိုင်းများအား ဆက်လက်ဆောင်ရွက် နိုင်ရေး ဆောင်ရွက်မည့်အစီအမံများ တင်ပြသွားရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံ ပြည်သူအားလုံးမှလည်း လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm