Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ်တောင်ပိုင်း(အတွင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


03 Oct,2024

နေပြည်တော် အောက်တိုဘာ ၃

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)သို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌  ဝန်ကြီးဌာနအောက်ရှိ ဦးစီးများမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ ဆရာ၊ ဆရာမ များ၊ သင်တန်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဟာ အရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာပညာသင်ကြားကြပြီး စာကြိုးစားကြရန်နှင့် အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ၃ နှစ်ပြည့် မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည် အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန် ကျောင်းသား ကျောင်သူများကိုလည်း အလုပ်အကိုင်များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ သင်တန်းဆင်းသူ များကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ချိတ်ဆက်ပေးမည် ဖြစ်ကြောင်းနှင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက လုပ်ငန်းများထူထောင် ဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေ၊လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ဝန်ထမ်းများအတွက် ဆန်နှင့် ထောက်ပံ့ငွေများအားလည်းကောင်း၊ သင်တန်းကျောင်းမှ ထူးချွန်သူ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ သင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများအားလည်းကောင်း အသီးသီးပေးအပ် ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ အေးသာယာရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အမြန်ပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၂၁၃ အိမ်၊ လူဦးရေ ၅၅၈၈ ဦးနှင့် စိုက်ပျိုးမြေဧက ၁၃၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် ကလော မြို့နယ်၊ ဟဲဟိုး-ဘော်ဆိုင်းလမ်းမကြီးမှ တောင်မြေခြား-မြောက်မြေခြား ကျေးရွာဆက်သွယ်ထား သောလမ်း အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်း လင်းဆောင်၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူအားလုံးမှ လမ်းရေရှည် ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အခြေခံသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့် လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းများဖွဲ့စည်းကာ ကျေးရွာကုန်ထုတ်လုပ်ငန်း များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ တင်ကြီးကြပ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာရေပေးရေးကော်မတီဝင်များ၊ ဒေသခံ တောင်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက တင်ကြီးကြပ်ကျေးရွာအပါအဝင် ကျောက်ဆောင်ဘီလူး၊ ညောင်ပင်သာ၊ သာယာစု၊ ကျောင်းနောက်၊ ကန်ထောင့် စသည့်ကျေးရွာခြောက်ရွာ ရေရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစုကန်များ တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအားရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာရေရှိရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလောမြို့နယ်အတွင်းရှိ ကျောက်ဆောင်ဘီလူးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၅၀)အား လည်းကောင်း၊ ညောင်ပင်သာ၊ သာယာစု၊ ကျောင်းနောက်၊ ကန်ထောင့် စသည့် ကျေးရွာလေးရွာ အတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၅၀)အားလည်းကောင်း ထောက်ပံ့ပေးအပ်ကြပါ သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ ပွေးလှကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ပင်းတယမြို့နယ် အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများ တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန  ဦးစီးမှူးက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း သမဝါယမကဏ္ဍမှ Cooperative Contract Farming စနစ်ဖြင့် ဆီထွက်သီးနှံ နေကြာတိုးချဲ့ ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မျိုးနှင့် သွင်းအားစု ရရှိရေးဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်ဝန်ကြီးချုပ်မှ မူဝါဒလမ်းညွှန် ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာ ဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာ များကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ် အချိန်မီ ရောက်ရှိရေး စီမံဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ စီမံကိန်းအောင်မြင်စေရေး ဌာနဆိုင်ရာ ဝန်ထမ်း များမှ တောင်သူများနားလည်အောင် စည်းရုံးဆွေးနွေးရမှာဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာ တောင်သူများအနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတို့က ပင်းတယမြို့နယ်အတွင်း နေကြာစိုက် သမဝါယမအသင်း (၁၀)သင်း၊ အသင်းသားတောင်သူ (၂၈၂)ဦးတို့၏ စိုက်ပျိုးမြေဧက (၁၆၀၀)အတွက် ရေဆင်းစပ်မျိုး-၁ နေကြာ မျိုးစေ့များ၊ သွင်းအားစု ဓါတ်မြေဩဇာများ၊ ရုရှားသဘာဝရွက်ဖြန်းဆေးရည်များအား အသင်းသား တောင်သူများထံသို့ လည်းကောင်း၊ ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ(ဟော်ကုန်း)နှင့် ရှောက်ပင်ကျေးရွာ တို့အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း(၁၅၀)တို့ကို ကျေးရွာကော်မတီ ဝင်များထံသို့လည်းကောင်း အသီးသီးပေးအပ်ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့်အဖွဲ့သည့် ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီး ကျေးရွာရှိ  "မြကျောက်" Natural Green Tea လက်ဖက် ခြောက် ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း  လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို  သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm