Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်


24 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၃

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်  အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ခဲ့သည့် ကျေးရွာနှစ်ရွာ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာ တစ်ရွာ၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာတစ်ရွာ နှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာနှစ်ရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာအတွက် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ယခုလို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သော MSME လုပ်ငန်းများလည်း ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း ပေါများစွာ ထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ပေါ်ထွန်းလာစေပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများမှတဆင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများသို့ ချဲ့ထွင်နိုင်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်စေရန်၊ သွင်းကုန်အစားထိုး လုပ်ငန်းများ ထုတ်လုပ်လာနိုင် စေရန်နှင့် မိသားစုဝင်ငွေတိုးတက်ရရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် တိုင်း ဒေသကြီး/ပြည်နယ်များရှိ ကျေးရွာပေါင်း(၁၅၁)ရွာတွင် သင်တန်းပေါင်း (၁၅၁)ခု ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းရှင် (၇၅၅)ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်၍ ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင်လည်း အဆိုပါ ဝင်ငွေတိုးစီမံကိန်းကို ရုံးချုပ်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခုရှိ ကျေးရွာပေါင်း (၂၂၁)ရွာကို ရွေးချယ်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ တောင်းဆိုသည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများ အနေဖြင့် လည်း ယခုသင်တန်းများမှ သင်ကြားပို့ချခဲ့သည့် ပညာရပ်များအပေါ်အခြေခံ၍ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့၏ ထုတ်ကုန်များကို အရည်အသွေးမြင့်မားအောင် လုပ်ဆောင်ကြ စေလိုပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းဆင်းသူများအနေဖြင့်လည်း သုံးစွဲခွင့် ပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ကြားမျှဝေပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ နှင့် နည်းပညာများကို ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော အစားအသောက်များ၊ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်ရာတွင် ကြုံတွေ့လာရသည့် အခက်အခဲ များရှိလာပါကလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကူညီဖြေရှင်းပေးသွားမည်ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခု အနေဖြင့် ကျေးလက်ဒေသများ၏ အခြေခံလိုအပ်ချက် များဖြစ်သည့် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ မီးရရှိရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အထောက်အပံ့ ချေးငွေရရှိရေးတို့ကို ပေါင်းစပ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက် (၃)ရပ်၊ လူမှုရေးဦးတည်ချက်(၃)ရပ်တို့ကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့်အညီ ကဏ္ဍအလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်မှစ၍ ယခုလို စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေခြင်း၊ MSME လုပ်ငန်းများပေါ်ထွန်းလာစေခြင်း၊ ဒေသထွက်ကုန်ကြမ်းများအပေါ်အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလျက် ရှိပါကြောင်း ပြောကြားပါသည်။

          ထို့နောက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရုံးတော ကျေးရွာမှ သင်တန်းသား(၅)ဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်ရန် အပ်ချုပ်စက်နှင့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မဲဒီးကျေးရွာမှ သင်တန်းသား(၅)ဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်ရန် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြောင်ရေကျေးရွာမှ သင်တန်းသား(၅)ဦးအတွက် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းထူထောင်ရန် ဆပ်ပြာမွှေစက်နှင့် ဆက်စပ်ပစ္စည်းများကို လည်း ကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ရဲမိုးက ရေအိုးစင်ကျေးရွာမှ သင်တန်းသား (၅)ဦးအတွက် ရေခဲမုန့်လုပ်ငန်းထူထောင်ရန် ရေခဲမုန့်ပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက တဲကြီးကုန်းကျေးရွာမှ သင်တန်းသား (၅)ဦးအတွက် လျှပ်စစ်သံဂဟေဆက်လုပ်ငန်းထူထောင်ရန် ဝရိန်စက်နှင့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၄) ဦးမင်းဦးက ကြာအင်းကျေးရွာမှ သင်တန်းသား (၅)ဦးအတွက် လျှပ်စစ်သံဂဟေ ဆက်လုပ်ငန်း ထူထောင်ရန် ဝရိန်စက်နှင့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းတစ်ခုချင်းစီမှ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ကြပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

          အဆိုပါ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် လယ်ဝေးမြို့နယ်၊ ရုံးတော ကျေးရွာနှင့် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့တွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လယ်ဝေး မြို့နယ်၊ ရေအိုးစင်ကျေးရွာတွင် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်ကျေးရွာတွင် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းနှင့် လယ်ဝေးမြို့နယ်၊ ကြာအင်း ကျေးရွာတွင် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း စုစုပေါင်းသင်တန်းခြောက်ခုမှ သင်တန်း တစ်ခုလျှင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက် များနှင့်အညီ စိစစ်ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၃၀)ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm