Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


23 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၂

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေး မှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းနှင့် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး သင့်ခဲ့သည့် ကျေးရွာများသို့သွားရောက်အားပေးခြင်းနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံပြီး ရေတိုက်စားမှုများကြောင့် လမ်းသားများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းများရေတိုက်စား ပျက်စီး ခဲ့သော လယ်ဝေးမြို့နယ် နေပြည်တော်မြို့ရှောင်လမ်းမကြီးမှ ကွမ်းခြံကျေးရွာဆက်သွယ်သော လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ များက လတ်တလော လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် လိုအပ်သည့် အပိုင်းများအား ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်း များအမြန်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင် ဆောင်ရွက်မည့် အစီအမံများကို အမြန်ဆုံး တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန  ဦးစီးမှူးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ ဆောင်းနေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက် ထားရှိမှု၊ မိုးစပါးနှင့် မိုးနေကြာ စိုက်ခင်းများ ရေကြီးနစ်မြုပ်မှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် လယ်ဝေးမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ရေဘေးသင့်ဒေသ အားလုံးတွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတား များ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးအလွန် ကာလတွင် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုး သီးနှံများအတွက်လည်း ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြုပ်ထိခိုက် ပျက်စီးခဲ့သော စိုက်ခင်းများတွင် ဆီထွက်သီးနှံ ဆောင်းနေကြာများ ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီးဈေးနှုန်း သက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက် ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း လိုက်နာရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာရှိ နေကြာစိုက် အသင်းသားတောင်သူ ၇၂ ဦးတို့၏ စိုက်ပျိုးမြေဧက ၂၈၃ ဧကအတွက် ရေဆင်းစပ်မျိုး-၁ နေကြာ မျိုးစေ့တောင်သူများ ထံပေးအပ်ပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာရှိ စက်ရေတွင်းတွင်းများအား တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာတောင်သူများနှင့်တွေ့ဆုံရာ မြို့နယ်သမဝါယမ ဦးစီးဌာန  ဦးစီးမှူးက ပျဉ်းမနားမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာများတိုးချဲ့ စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် တောင်သူများလိုအပ်သည့် သွင်းအားစု ဓာတ်မြေဩဇာ များကို အရည်အသွေး မှန်ကန်ပြီးဈေးနှုန်း သက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီ ရောက်ရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက် ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိုးစပါးရိတ်သိမ်းပြီးပါက ဆီထွက်သီးနှံ ဆောင်းနေကြာများ အချိန်မီစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြရန်လိုအပ်ကြောင်း ပြောကြား ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာရှိ နေကြာ စိုက်အသင်းသားတောင်သူ ၅၀ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၂၁ ဧကအတွက် တီဘီအယ်(လ်) ကုမ္ပဏီ မှ ထုတ်လုပ်သော ဆူရာကီရန်နေကြာ မျိုးစေ့များနှင့် ရှရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည် များအား တောင်သူများထံပေးအပ်ပြီးနောက် အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm