Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအစည်းအဝေးသို့ တက်ရောက်


12 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၂

          ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းဆပ် ကော်မတီ၏ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးအမှတ် (၃၆-ခ) အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူးများမှ Online စနစ်ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီတွင် အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းတာဝန် (၁၄) ချက် ချမှတ်၍  ကော်မတီဝင် သက်ဆိုင်ရာဌာနအသီးသီးမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ အစည်းအဝေး ဖြစ်ပြီး ပထမ ၄ လပတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းတင်ပြနိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ (၂-၇-၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့တဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက် (၁၃) ချက်အနက် မိမိတို့ ဆပ်ကော်မတီနှင့် သက်ဆိုင်သည့်အချက်များကိုလည်း ကော်မတီဝင်ဌာနများမှ လိုက်နာဆောင်ရွက် သွားရမှာ ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လုပ်ငန်းပြီးစီးမှုများ၊ မှတ်တမ်းဓာတ်ပုံများကို စုစည်းပြီး ၄ လပတ် အစီရင်ခံစာများ ရေးသားပြုစုပေးပို့ခြင်း၊ လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် သက်ဆိုင်ရာဌာနများအလိုက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လျာထားစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ထပ်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ရန် လို/မလို၊ မဖြစ်မနေ အမြန်ဆောင်ရွက်ရန် လုပ်ငန်းများ၊ ဦးစီးဌာနများ ပေါင်းစပ် ဆောင်ရွက်သင့်တဲ့ စီမံကိန်းလုပ်ငန်းများအား ဆွေးနွေးပေးစေလိုပါကြောင်း၊ ယခုလို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြတဲ့အတွက် ဒေသခံပြည်သူများရဲ့ လိုအပ်ချက်များကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှာဖြစ်သလို မြေပြင်မှာတွေ့ကြုံရတဲ့ အခက်အခဲ များကို အလွယ်တကူ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေး ပြောကြား သည်။

            ထို့နောက် လုပ်ငန်းဆပ်ကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီဥက္ကဌဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

          မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်သို့ သွားရောက်၍ စစ်တောင်းမြစ်ရေ မြင့်တက်မှု ကြောင့် ကွမ်းခြံ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ မိုးစပါး စိုက်ဧက (၁၁၉) ဧက ရေကြီးနစ်မြုပ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ရေကျချိန်ပေါ်မူတည်၍ လိုအပ်သည့် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး မှာကြားသည်။

အလားတူ အလယ်ကျွန်း၊ ပေါက်မြိုင်၊ အောင်သုခ၊ ရှမ်းရွာ၊ ဗိုလ်ကတော်၊ ဇီးဖြူတန်းကျေးရွာ (၆) ရွာမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက စုစုပေါင်း (၈၄၅) ဧက ရေကြီးနစ်မြုပ်လျက် ရှိရာ ပြန်လည်စိုက်ပျိုးရမည့် အခြေအနေပေါ် မူတည်၍ မျိုးစပါးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေး နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါနေရာတွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကွမ်းခြံရွာ၊ လက်ပံကုန်း ရွာတို့မှ ရေဘေးဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ ၎င်းတို့အား ယာယီထားရှိမည့် သရက်တောဘုန်းကြီးကျောင်းတိုက်၊ ဂိုင်းတောင်ဘုန်းကြီးကျောင်းတို့ တွင် သောက်သုံးရေ လိုအပ်ချက်ရှိပါက ကူညီပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm