Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရေခဲမုန့် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲတက်ရောက်


12 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၂

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် ရေခဲမုန့် အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုပ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကမှီခိုအားထားနေရပြီး စိုက်ပျိုးရေး အခြေခံသည့် ကုန်ထုတ်လုပ်မှု ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဟာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အလွယ်တကူပျက်ဆီး ဆုံးရှုံးခြင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပြည့်စုံမှုမရှိခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုအားနည်းခြင်များကြောင့် နှစ်စဉ်သီးနှံများ ပျက်ဆီးဆုံးရှုံးနိုင်ပါကြောင်း၊ ဒါ့ကြောင့် စိုက်ပျိုးရေး ထွက်ကုန်သီးနှံတွေ ပေါများစွာထွက်ရှိချိန်မှာ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက အကျိုးအမြတ်များစွာ ရရှိစေမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် ဟင်းသီးဟင်းရွက်များနှင့် ကောက်ပဲသီးနှံများကို မိရိုးဖလာ နည်းအတိုင်း ထုတ်လုပ်နေမှုမှာ အရည်အသွေးမြင့်မားသည့် ဈေးကွက်ဝင်ထုတ်ကုန်များ မရရှိနိုင် သည်မှာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတကာမှာ တန်ဖိုးမြှင့်စားသောက်ကုန်များမှာ ကုန်ကြမ်းထွက်ကုန်များနှင့်နှိုင်းယှဉ်ပါက ဝယ်လိုအားမြင့်မားပြီး ဈေးနှုန်းမြင့်မားစွာရရှိ နေပါ ကြောင်း၊ ဒါ့ကြောင့် စိုက်ပျိုးရေးအခြေခံ အသေးစားစားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ခြင်းဟာ အစားအစာဘေးကင်းလုံခြုံရေးနှင့် အဟာရပြည့်ဝဖူလုံရေး အတွက် သာမက မိမိတို့နိုင်ငံအတွင်းရှိသည့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝကိုပါ မြှင့်တင်ပေးရာရောက်မှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ဈေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မီသည့် ဒေသထွက်ကုန်ကြမ်များအပေါ် အခြေခံပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ အမျိုးသမီးများဝင်ငွေတိုးပွားလာစေရေး၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ချဲ့ထွင် နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်စေရေး၊ သွင်းကုန်အစားထိုး လုပ်ငန်းများ ထုတ်လုပ်လာနိုင်စေရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိလာစေရေးတို့အတွက် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိခဲ့သည့် လူငယ်လူရွယ်များ၊ သစ္စာရှိရှိဖြင့် အလုပ် လုပ်ကိုင်ဆောင်ရွက်ရန် ဆန္ဒရှိသော်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာ လိုအပ်သူများ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြားပေးပြီး ကိုယ်ပိုင်ကုန်ထုတ် လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊           အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာ(၁၅၁)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျေးရွာပေါင်း (၂၂၁)ရွာတွင် ယခင် နှစ်ကထက် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ သင်းတန်းများ ဖွင့်လှစ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဒေသအလိုက် ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းတွေအပေါ်မူတည်ပြီး ဒေသခံတွေ၏ လိုအပ်ချက်အရ သင်တန်းအမျိုးအစားတွေကို ရွေးချယ်ဖွင့်လှစ်ပေးနေပါကြောင်း၊ ယခုသင်တန်းကို ပုဗ္ဗသီရီမြို့နယ်အတွင်းရှိသည့် ရွာသစ် ကျေးရွာနှင့် ဆင်တဲကြီးကျေးရွာတို့မှ ဒေသခံများ၏ လိုလားချက်အရ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ရေခဲမုန့်အမျိုးမျိုးပြုလုပ်နည်း သင်တန်း များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ထုတ်ပိုးမှုဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြားပို့ချ ပေးသွားမှာဖြစ်ပါကြောင်း၊  သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များကို အသုံးချပြီးကုန်ထုတ်လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင် နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းပြေကြားပါသည်။

          ထို့နောက် တက်ရောက်လာကြသော သင်တန်းသားခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

          အဆိုပါ ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား (၃၀)ဦးဖြင့် သက်ဆိုင်ရာ ကျေးရွာများတွင်  ခုနစ်ရက်ကြာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦး စီအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်များ သုံးစွဲခွင့်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံးခြံသို့ ရောက်ရှိပြီး ဘက်စုံခြံအတွင်း မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေများ၊ အသားတိုးကြက်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တိရစ္ဆာန်ရောဂါများ မကျရောက်စေရေးနှင့် ကြီးထွားမှုနှုန်းများ ကောင်းမွန်စေရေးနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကောင်းမွန်စေရေး သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm