Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာရှိ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ ရွှေဥဒေါင်း ခေတ်မီစံပြကျေးရွာအတွက် စီမံကိန်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်


07 Sep,2024

နေပြည်တော် စက်တင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြကျေးရွာသို့ သွားရောက်ပြီး ချောင်းကမ်းကြီး စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်း သားတောင်သူများ၊ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဂွေးပင်စံပြကျေးရွာရှိ လယ်မြေ (၇၉.၈၈) ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးမှုအခြေအနေ၊ အသင်းသားတောင်သူ (၃၆) ဦးအတွက် မိုးစပါးရာသီ၌ ဆင်းသုခမျိုးစပါးနှင့် သွင်းအားစုများ ပံ့ပိုးပေးခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများရဲ့ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် မျိုး၊ သွင်းအားစု၊ နည်းပညာများ ပံ့ပိုးပေးနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးပေးထားကြောင်း၊ သမဝါယမအသင်းရှိ တောင်သူ (၃၆) ဦး အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးချိန်တွင် ဆောင်းသီးနှံအဖြစ် ဆီထွက် သီးနှံ နေကြာကို သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရ မည်ဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စနစ် (၄) ရပ် မှန်ကန်စွာအသုံးပြုစိုက်ပျိုးခဲ့သူများသည် အထွက်တိုးပါကြောင်း၊ မိမိတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တောင်သူများလိုအပ်သည့် အရင်းအနှီးရရှိရေး ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ခေတ်မီစံပြကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမှု၏ အကျိုးရလဒ်ကို ကျေးရွာသူကျေးရွာသားများကိုယ်တိုင် လက်တွေ့မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင်နိုင် ကြောင်း၊ အသင်းပိုင်လယ်မြေ (၇၉.၈၈) ဧကတွင် နေကြာစိုက်ပျိုးရေးစီမံကိန်းကို ဆောင်ရွက်သွား မည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု ဓာတ်မြေဩဇာ သဘာဝမြေဩဇာများ၊ စိုက် ပျိုးနည်းစနစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး တောင်သူများက စိုက်ပျိုးရေးဦးစီးဌာန၏ နည်းစနစ်များ အတိုင်း လိုက်နာစိုက်ပျိုးကြရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုး ရေးလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သမဝါယမဦးစီးဌာနက ပံ့ပိုးပေးခဲ့သည့် Rakka ဝါမျိုး (၆) ဧက စိုက်ပျိုးထားသော အသင်းသားတောင်သူ ဦးအောင်သန်း၏ စိုက်ခင်းသို့ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အိမ်ခြေ (၂၈၁) အိမ်၊ လူဦးရေ (၇၅၀)၊ စိုက်ပျိုးမြေ ဧက (၁၅၀) ရှိသော ရွှေဥဒေါင်းကျေးရွာသို့ သွားရောက်ပြီး ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးအတွက် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ခေတ်မီစံပြကျေးရွာများ ထူထောင်ပေးခဲ့ရာ ယခုဘဏ္ဍာ နှစ်အထိ မြို့နယ်ပေါင်း (၁၀၄) မြို့နယ်ရှိ ကျေးရွာပေါင်း (၁၂၈) ရွာတွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာန (၄) ခုရှိပြီး အဆိုပါဦးစီးဌာနများက ကျေးရွာ၏ အခြေခံအဆောက်အအုံများ၊ ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်း၊ ကျေးရွာအဝင်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်မီးလင်းရေး၊ ရေရရှိရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့် မြှင့်တင်နိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာသင်တန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျေးရွာသူကျေးရွာသားများ၊ ကော်မတီဝင်များအနေဖြင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားကာ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၆၀၀)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၃၀၀) နှင့် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေကျပ်သိန်း (၃၀၀) တို့ကို ထောက်ပံ့ ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ပုဗ္ဗသီရိမြို့ဆက်လမ်းမှ ရွှေဥဒေါင်း-ရွေးစု ကျေးရွာချင်းဆက်လမ်း အရှည် (၄.၁၅) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် စံချိန် စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာ (စံပြ) ကျေးရွာသို့ သွားရောက်ပြီး အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ကုန်မျိုးစုံ အရောင်းဆိုင်ကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်း အောင်မြင်ပြီး တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေသော ယွန်းမီအပ်ချုပ်ဆိုင်လုပ်ငန်းကိုလည်းကောင်း၊ မိဘမေတ္တာ ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ကုန်မျိုးစုံအရောင်းဆိုင် ကိုလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm