Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မကွေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝါစက်လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


03 Sep,2024

နေပြည်တော် စက်တင်ဘာ ၃

ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝါစက်လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက် နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် မကွေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၌ ဝါစက်လုပ်ငန်းများနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မြို့သစ်မြို့နယ်ရှိ အောင်နိုင်သူ ဝါစက်ကြိတ် စက်သို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှုများ အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက် များမှ ဝါဂွမ်းအထုပ်များထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းများကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက်သေချာစွာ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဝါစိုက်ဧကအပေါ် အခြေခံ၍ ကုန်ကြမ်းရရှိမှု အပေါ်မူတည်ကာ ဝါဖန်စက်များ ထပ်မံ လိုအပ်မှု ရှိ/မရှိ တင်ပြပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များ  ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ အခြေခံပညာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် မြေပြင်သာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တာဝန်ရှိသူများက မြို့သစ်မြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေများဖြင့်  သွင်းအားစုထောက်ပံ့ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်းဖြစ် ကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်းချည်လိုအပ်ချက် အတွက် ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရ ကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီး များကိုပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချ နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက် တောင်သူများအနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဝါဆွတ်ခူးချိန်တွင် လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့် ရှိသည့်အနက် သတ်မှတ်အရည် အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများ သိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိ လာသော ဝါများ ဈေးကောင်းရရှိရေး ဈေးကွက် သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ တောင်သူအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသား ဝါစိုက်တောင်သူ (၅၇)ဦး၏ ဝါစိုက်ဧက(၁၀၄)ဧကအတွက် မျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသားတောင်သူများ ထံသို့လည်းကောင်း၊ မြေပြင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်သူထည့်ဝင်ငွေနှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)အား ကျေးရွာကော်မတီဝင်များသို့ လည်းကောင်း လွှဲပြောင်းပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသင်းသားတောင်သူ ငါးဦး၏ စိုက်ဧက (၁၅)ဧကတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြားပြီးနောက် ဝါစိုက်ပျိုးထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ သုံးရွာ အိမ်ခြေ ၁၀၇၆ အိမ်၊ လူဦးရေ ၅၇၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် နေပြည်တော်-မြို့သစ်-ကံပြား ကားလမ်းမကြီးမှ လေးတိုင်းစင် ကျေးရွာဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ရောက်ရှိကြည့်ရှု စစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူအားလုံးမှ လမ်း ရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မင်းဘူးမြို့ရှိ ရတနာဖြိုး ဝါစက်၊ ဆီစက်သို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက်သေချာစွာရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲ နိုင်မှုကြောင့် စားသုံးဆီအပြင် တိရစ္ဆာန်အစာအတွက် ဝါဖတ်များကိုပါ ရရှိခြင်းကြောင့် များစွာ အကျိုးရှိပါကြောင်း၊ ဝါစိုက်ဧကအပေါ် အခြေခံ၍ ကုန်ကြမ်းများရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူ များက ပေါင်းစပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည် များ  ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် မင်းဘူးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ရုံးသစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း လမ်းညွှန် မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မကွေး တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စပါး၊ ဆီထွက်သီးနှံ စီမံကိန်းများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဝါနှင့်နေကြာ မျိုးကောင်းမျိုးသန့်များအား ပုဂ္ဂလိကနှင့် သမဝါယမအသင်းများမှ မျိုးထုတ်လုပ်နိုင်ရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(မကွေး)သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုး ရေးဟာအရေးကြီးပါကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာ သင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ်တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေး အတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ၃ နှစ်ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည် အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာ များဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်းမှာကြားပြီး ဆရာ၊ဆရာများ၊ ကျောင်းသားကျောင်းသူ များအား ထောက်ပံ့ငွေများ ပေးအပ်ပြီးနောက် သင်တန်းကျောင်းခန်းမဆောင်ဆောက်လုပ်နေမှုနှင့် ထမင်းစားဆောင်ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန်ဆွေးနွေး မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm