Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‘‘ ပြည်သူ ကျေးလက် ယူနီဆက် ဝမ်းမြောက်ပျော်ရွင် ဖားကူးတခွင် ”


06 Sep,2024

‘‘ ပြည်သူ ကျေးလက် ယူနီဆက် ဝမ်းမြောက်ပျော်ရွင် ဖားကူးတခွင် ”

ဖိုးချို(ရန်ကုန်ကျေးလက်)

          တိမ်ညိုများ အုပ်မှိုင်းပြီး အနောက်တောင်ဘက်မှ မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးများ လက်ကာ မိုးများရွာသွန်းနေသဖြင့် နွေကာလက ပူပြင်းခဲ့သော အပူချိန်မှာ လျော့နည်းသွားပြီး အေးမြသောအထိအတွေ့ကို ခံစားရကာ အရပ်ရှစ်မျက်နှာ၌ စိမ်းစိုလန်းဆန်းလျှက်ရှိနေပါသည်။ နွေရာသီကာလပူပြင်းခြောက်သွေ့ပြီး အချို့သော ကျေးလက်ဒေသများတွင် ရေရှားပါးမှုကိုခံစား ခဲ့ရပြီး မိုးတွင်းကာလတွင် ရေတွင်း၊ ရေကန်များ၌ ရေများသိုလှောင်နိုင်သောကြောင့် ရေရှားပါးမှုအား အထောက်အကူပြုသော ကာလတစ်ခုဖြစ်ရာ စာရေးသူတာဝန်ထမ်းဆောင် ခဲ့သော “ရွှေကိုမလိုရေကို လိုသော ကျေးရွာကလေး" အဖြစ် တင်စားခေါ်ဝေါ်ခဲ့သော သန်လျင်မြို့နယ်၊ ဖားကူးအ‌ရှေ့ ကျေးရွာလေး၏ နွေရာသီရေရှားပါးမှု ဆောင်ရွက်ခဲ့သည်များ အား အတွေးပုံရိပ်ဝယ် တရေးရေးမြင်ယောင်လာမိပါသည်။

ဘားကူး(သို့မဟုတ်)ဖားကူး

          သန်လျင်မြို့နယ်  ဖားကူးအရှေ့ကျေးရွာသည် ရန်ကုန်မြစ်တဖက်ကမ်း ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံရာ ပဲခူးမြစ်၏တောင်ဘက်ကမ်းပေါ်တွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့်  ပုဇွန်တောင် မြစ်တို့ဆုံရာ မြစ်ဝမှ (၃)မိုင်အကွာ ရန်ကုန်မြို့နှင့် (၆)မိုင် အကွာတွင် တည်ရှိသော ကျေးရွာ လေးဖြစ်ပါသည်။ ဖားကူးအရှေ့ကျေးရွာလေးသည် ယခင်က ဟံသာဝတီခရိုင် မွန်လူမျိုးများ နေထိုင်သည့်အတွက် မွန်ရိုးရာ အခေါ်အဝေါ် ဘားကူးမှ ယခုဗမာများ နေထိုင်လာသည့်အခါ အခေါ်အဝေါ်ပြောင်း၍ ဖားကူးကျေးရွာ ဖြစ်လာရခြင်းဖြစ်ပြီး အိမ်ခြေ(၁၁၉၆)၊အိမ်ထောင်စု (၁၂၁၁)၊ လူဦးရေ (၄၃၇၄)ဦးရှိသော ကျေးရွာဖြစ်ပါသည်။ ယခင်ကမြို့နှင့် အလှမ်းကွာဝေးပြီး တိုးတက်မှု နှောင့်နှေးခဲ့သော ကျေးရွာဖြစ်ကာ ရန်ကုန်မြို့မှ ကျေးရွာသို့ ကုန်းလမ်းခရီး မကောင်းမွန်သောကြောင့် ရေကြောင်းခရီးတစ်ခုတည်းဖြင့် သွားလာခဲ့ရသော ကျေးရွာလေး ဖြစ်ပါသည်။

ကျေးရွာဖွံ့ဖြိုးမှုအခြေအနေ

ဖားကူးအရှေ့ကျေးရွာသည် စီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေး၊ ပရိဘောဂ လုပ်ငန်း၊ ရေလုပ်ငန်း၊ သဲစုပ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်တွင် စီးပွားရေး အသင့်အတင့်ရှိကာ ဖွံ့ဖြိုးနေသောကျေးရွာဖြစ်ပါသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်အကောင်အထည်ဖော်မှု

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အတိုးရငွေကျပ် ၅၄ ဒသမ ၅၆၄ သန်းရရှိခဲ့ပြီး အဆိုပါအတိုးရငွေအနက်မှ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်း လေးလမ်းအား ငွေကျပ် ၂၈ ဒသမ ၉၉၉၃ သန်းဖြင့် ကွန်ကရစ်လမ်း ခင်းခြင်း ဆောင်ရွက်နိုင်ခဲ့သည့်အပြင်  ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် ၁၀သန်း၊ ပြည်သူ့ထည့်ဝင်ငွေ ၇ ဒသမ ၆၈ သန်းတို့ ဖြင့် ကျေးရွာရှိ ဇောတိကလမ်း အရှည်ပေ ၈၅၀ အကျယ်၁၂  အမြင့်ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဦးစီးဌာန၏ အဓိကလုပ်ငန်းစဉ်

ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၆)ပါ ရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ရေရရှိရေး ၊ ပတ်ဝန်းကျင်သန်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန ၊ ယူနီဆက်တို့နှင့်ပူးပေါင်း၍ ရေးဆွဲထားခဲ့ပြီးဖြစ်ပါသည်၊၊

ကျေးရွာ၏ ယခင်ရေရှားပါးမှုအခြေအနေ

ဖားကူးကျေးရွာတွင် မြေသားရေကန် စုစုပေါင်း (၈)ကန်ရှိသော်လည်း နွေရာသီတွင် မြေသားရေကန်(၆)ကန်မှာ ရေလုံးဝခမ်းခြောက်ပြီး စိမ့်စမ်းအနည်းငယ်ထွက်သော ရေကန် (၂)ကန်ထဲတွင် လက်ယက်တွင်းအဖြစ် တူးဖော်ပြီး ရေရှားပါးသောအခက်အခဲအား ဖြေရှင်း ခဲ့ရပါသည်။ နွေရာသီကာလ၌ ရေရှားပါးပြီးအခက်အခဲရှိသည့်အပြင် (၄)ဂါလန်ဆံ့ ရေပုံး(၁၀)ပုံး ပါသော ရေစည်လှည်း(၁)လှည်းကို ခရီးနီးလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ခရီးဝေး လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ဝယ်ယူသုံးစွဲခဲ့ရပါသည်။ ၎င်းအပြင် ရေထမ်းပိုး (၁)ပိုးလျှင် ခရီးနီးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ခရီးဝေးလျှင် (၂၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဝယ်ယူသုံးစွဲခဲ့ရပါသည်။

ယခင်ရေပေးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ

ဖားကူးကျေးရွာ၌ ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၏ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ  နှစ်လက်မအကျယ် စက်ရေတွင်းကို ပထမဦးဆုံး ဖားကူးအရှေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရဟန်းသံဃာတော်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ သောက်သုံးရန် တူးဖော်ပေးခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာအရောက် ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသား များနှင့် တွေ့ဆုံကာ ကျေးရွာ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်၊၊

၎င်းတို့၏ တင်ပြချက်များအရ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ယူနီဆက်၊ လွှတ်တော် ရန်ပုံငွေဖြင့် လေးလက်မအကျယ် အနက်ပေ ၆၀၀ ရှိသော စက်ရေတွင်း တစ်တွင်း ၊ ရေစက်ရုံ (၁)တစ်ခု ၊ အမြင့်တင်ရေစင်တစ်ခု ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာနေပြည်သူထည့်ဝင်ငွေဖြင့်  ဂါလန်(၄၀၀၀)ဆံ့ အုတ်ရေ လှောင်ကန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် အိမ်တိုင်ရာရောက်ရေပေးရေးစနစ် ဆောင်ရွက်ခွင့်ရရှိချိန်တွင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည့်အတွက် ကျေးရွာသို့ ချပြရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပြည်သူ၊ ကျေးလက်၊ ယူနီဆက်အစီအစဉ်

ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီစဉ်ဖြင့်  အိမ်တိုင်ရာရောက်ရေရှိရေးလုပ်ငန်း တစ်ခုဆောင်ရွက်ရာတွင် ယူနီဆက်မှ လိုအပ်သည့် ရေပိုက်များ၊ ရေစုပ်ပန့်များ ထောက်ပံ့ခြင်း၊ ကျေးရွာပြည်သူများမှ ရေပိုက်လိုင်းများတူးဖော်ခြင်း၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ၊ ရေမီတာ များထည့်ဝင်ခြင်းနှင့် လိုအပ်ပါက ရေစင်များတည်ဆောက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေပိုက်လိုင်းများသွယ်တန်းနိုင်ရေး ကွင်းဆင်းတိုင်းတာခြင်း၊ လိုအပ် သည့် နည်းပညာများပေးခြင်းနှင့် လိုအပ်ပါက စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်တင် ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရသည့် စနစ်ဖြစ်ပြီး ပြည်သူများ ကိုယ်တိုင် လိုအပ်သည့် ငွေကြေးများ ထည့်ဝင်ရခြင်း၊ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရခြင်းတို့ကြောင့် မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ ထိန်းသိမ်းဆောက်ရွက်တတ်လာကာ Ownership စိတ်ဓါတ်ဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်း

ကနဦးအနေဖြင့် ဖားကူးကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်းများ တူးဖော်ခြင်း၊ ရေမီတာ(၁၀၀)လုံးနှင့် ဂါလန်(၂၄၀၀)ဆံ့ အမြင့်တင်ရေစင်တစ်ခု တည်ဆောက် ခြင်းလုပ်ငန်းတို့ကို ကျေးရွာနေ ပြည်သူများမှ ကျခံ၍လည်းကောင်း၊ လိုအပ်သည့် နည်းပညာနှင့် ခန့်မှန်းခြေ တွက်ချက်မှုပါအတိုင်း ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများအား ဌာနမှ ကျခံ၍ လည်းကောင်း၊ လိုအပ်သည့် ရေသွယ်ပိုက်များများအား ယူနီဆက်ဘက်မှ လည်းကောင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ အိမ်တိုင်ရာရောက်ရေရရှိရေးလုပ်ငန်းကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် လေးလက်မအကျယ် အနက်ပေ ၆၀၀ ရှိ  စက်ရေတွင်း တစ်တွင်း၊ ရေစက်ရုံ တစ်ခု၊ ဂါလန် (၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တစ်ခု၊ အိမ်သွယ်ရေတိုင်(၉၀၀)အိမ် သွယ်တန်းခြင်းတို့ကို ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ပြီးသော ရေပေးရေးလုပ်ငန်းများအနက် ကျေးရွာ ပေါင်း (၆၄)ရွာ၊ အိမ်တိုင်ရာရောက်ရေပေးရေးလုပ်ငန်း (၇၂)ခု ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

အကျိုးကျေးဇူးရရှိမှု

          ဖားကူးကျေးရွာ၌ ‌အဆိုပါ အိမ်တိုင်ရာရောက်ရေပေးရေးလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် လည်ပတ် နိုင်ရန်နှင့် ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ထိန်းသိမ်းစရိတ်  များနှင့် ကုန်ကျစရိတ်များ ကာမိစေရေးအတွက် ရေမီတာတစ်ယူနစ်(ဂါလန် ၂၂၀)လျှင် (၂၀၀) ကျပ်နှုန်း ကောက်ခံပြီး (၁)လ ပျှမ်းမျှ ဝင်ငွေကျပ်(၇၅၀၀၀၀) ခန့်ရရှိပါသည်။ အသုံးစရိတ် အနေဖြင့် လျှပ်စစ်မီတာခ၊ စက်သုံးဆီကုန်ကျစရိတ်၊ ရေပိုက်နှင့် စက်ပြင်ဆင်စရိတ်၊ စက်မောင်း လုပ်သားငှားရမ်းခ၊ တစ်လလျှင်စုစုပေါင်း ကုန်ကျငွေကျပ်(၁၅၀၀၀၀)ခန့်ကုန်ကျပြီး တစ်လ ပျှမ်းမျှ‌ပိုလျှံငွေ (၅၀၀၀၀၀)ခန့် ရရှိပါသည်။ အဆိုပါ ပိုလျှံငွေများအနက်မှ ကျေးရွာသူ၊ ကျေးရွာ သားများ၏ ဆုံးဖြတ်ချက်ဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးရွာတွင်း ဇောတိကလမ်း အရှည်ပေ ၁၁၀၀ အကျယ် ၁၄ ပေ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်း ခြင်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၂၀)၊ စာသင်ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်း အရှည်ပေ ၁၂၆၀ အကျယ် ၁၀ ပေ အမြင့် ခြောက်လက်မထုခင်းခြင်း ကျေးရွာပြည်သူ ထည့်ဝင် ငွေကျပ်(၂၅)သိန်း၊ ဖားကူးချောင်းကူးတံတား အရှည် ၁၂၀ ပေ အကျယ် ၁၄ ပေအတွက် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၁၁၀)သိန်း၊ မီးသဂြိုလ်စက်တည်ဆောက်ခြင်းအတွက် ထည့်ဝင်ငွေ ကျပ်သိန်း(၁၀)၊ ဖွံ့ဖြိုးရေးလုပ်ငန်း လေးခုအတွက် စုစုပေါင်းငွေကျပ်(၁၆၅)သိန်း ထည့်ဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူမှုကူညီရေး အသင်းအဖွဲ့မှ ဆင်းရဲသော ကျေးရွာသူ၊ ကျေးရွာသားများ၏ နာရေးကိစ္စရပ်များအား အခမဲ့ကူညီပေးခြင်း ၊ ငွေကြေးထောက်ပံ့ပေးခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

၎င်းအပြင် ရေသန့်စင်စနစ်လုပ်ငန်းမှ ရဟန်းသံဃာတော်များနှင့် ဝါတွင်းကာလတွင် ဥပုသ်သည်များအတွက် ရေသန့်လှူဒါန်းခြင်းနှင့် ကျေးရွာသူကျေးရွာသားများအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ် ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ထိရောက် အကျိုးရှိသော တန်တူညီမျှမှု ရှိသော ကုန်ကျစရိတ် ကျခံနိုင်သည့် ရေကောင်းရေသန့်ရရှိရေး တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများကို ဖော်ထုတ်ချမှတ် ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများအတွက် အချိန်ကုန်သက်သာခြင်းနှင့် လူပင်ပန်းသက်သာ၍ လူနေမှုအဆင့်အတန်း မြင့်မားလာပြီး လူမှုစီးပွားဘဝပိုမိုတိုးတက်စေရေး အထောက်အကူဖြစ်စေပါသည်။  

အချုပ်အားဖြင့်ဆိုရသော် ယခင်က “ရွှေကိုမလိုရေကို လိုသော ကျေးရွာ ကလေး" အဖြစ် တင်စားခေါ်ဝေါ်ခဲ့သည့် ဖားကူးကျေးရွာလေးမှာ ယခုအခါ ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သော အိမ်သွယ်ရေတိုင်စနစ်မှ ကုန်ကျစရိတ် သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း စသည့် အကျိုးကျေးဇူးများနှင့်အတူ သန့်ရှင်းသောသောက်သုံးရေများ အိမ်တိုင်ရာရောက်ရရှိနေပြီ ဖြစ်သောကြောင့် ကျေးရွာရှိ ကျေးရွာသူ ၊ ကျေးရွာသားများ၏ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာနေမှု များကို ‘‘ ပြည်သူ ကျေးလက် ယူနီဆက် ဝမ်းမြောက်ပျော်ရွင် ဖားကူးတခွင် ” ဆောင်းပါးဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm