Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံ ပရိဘောဂသင်တန်းဖွင့်ပွဲတက်ရောက်


29 Aug,2024

နေပြည်တော်၊ ဩဂုတ် ၂၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံ ပရိဘောဂသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်း ကျေးရွာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန(၄)ခုသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသကွာဟမှု ကျဉ်းမြောင်းလာစေရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးတို့ကို အဓိကရည်မှန်းချက်ထားရှိပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု သင်တန်းသည် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သော သင်တန်းဖြစ်သည့်အတွက် သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သစ်အခြေခံပရိဘောဂ နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်စွာ သင်ယူပြီး ဒေသတွင်းပေါများစွာထွက်ရှိသည့် သစ်များအခြေခံ၍ကို စံချိန်မီ တန်ဘိုးရှိ ပရိဘောဂပစ္စည်းများ ထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ  ကြိုးစား သင်ယူ ကြစေလိုကြောင်း၊ ဒေသထွက် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်သည့် ပရိဘောဂ ပစ္စည်းများကို ဒေသခံပြည်သူလူထုများ သုံးစွဲခြင်းအားဖြင့် သွင်းကုန်အစားထိုးနိုင်ပြီး နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ခြင်း၊ မိမိဒေသတွင် ထုတ်လုပ်နိုင်သောကြောင့် သယ်ယူပို့ဆောင်စရိတ် သက်သာသည့် အတွက် ဈေးနှုန်းချိုသာခြင်း၊ လူနေမှုဘဝ မြင့်မားလာပြီး သား၊ သမီးများ၏ ပညာရေး၊ ကျန်းမာရေး တို့ကို ထောက်ပံ့ပေးနိုင်ခြင်းများ ဆောင်ရွက်လာနိုင်မည် ဖြစ်သောကြောင့် အနာဂတ်တွင် နိုင်ငံတော်အတွက် ကောင်းမွန်‌သည့် အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင် မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံအတွင်းရှိ သစ်ကုန်ကြမ်းများကို ကုန်ကြမ်းများ အတိုင်း ရောင်းချမည်ဆိုပါက ဝင်ငွေအနည်းငယ်သာ ရရှိနိုင်မည်ဖြစ်ပြီး သစ်ကုန်ကြမ်းများကို တန်ဖိုးမြှင့် ကုန်ချောများပြုလုပ်ပြီး ရောင်းချပါက ဝင်ငွေများစွာရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဒါကြောင့် ယခုဖွင့်လှစ်သော သင်တန်းတွင် သင်ကြားပေးလိုက်သော နည်းပညာများကို မှတ်သား သင်ယူပြီး သစ်ကိုအခြေခံသည့်ထုတ်ကုန်များကို အရည်အသွေးမီ ထုတ်လုပ်ခြင်းအားဖြင့် ပြည်တွင်း ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်းစသည့် အကျိုး ကျေးဇူးများရရှိမှာဖြစ်ပြီး ကျေးလက်နေမိသားစုများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် သကဲ့သို့  နိုင်ငံ့စီးပွားလည်း  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများကို အမြဲစောင့်ကြည့်လေ့လာပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

          ထို့နောက် တက်ရောက်လာကြသော သင်တန်းသာများက တစ်ဦးချင်း မိတ်ဆက်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

          အဆိုပါ သစ်အခြေခံ ပရိဘောဂသင်တန်းကို သင်တန်းသား (၁၆)ဦးဖြင့် တစ်လကြာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန် တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်များ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ သုံးရွာ အိမ်ခြေ ၉၈၈ အိမ်၊ လူဦးရေ ၄၀၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် သဲကောလေး- ဝဲကြီးကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက် ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန် စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီးနောက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းပိုင် စိုက်ပျိုးမြေများပေါ်တွင် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်၍ မိုးကြိုဝါနှင့် အခြား သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မိုးစပါးနှင့်မိုးသီးနှံများ ရိတ်သိမ်းပြီးပါက ဒေသနှင့် ကိုက်ညီသော ဈေးကွက်ဝင်သော  သီးနှံများ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် စိုက်ပျိုးသီးနှံများရိတ်သိမ်းပြီး ပါက အကျိုးအမြတ်ရရှိမှုများကို အသင်းသားတောင်သူများအား ခွဲဝေဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဇောင်ချမ်းကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း(Smart Village) လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီး ဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယခု ဇောင်ချမ်းကုန်းကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ယခုလို နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံ လာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေးသည့် အချိန်တွင် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကိုပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm