Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) ကြည့်ရှုစစ်ဆေး


20 Aug,2024

နေပြည်တော် ဩဂုတ် ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာ အုပ်စု၊ အောင်သုခကျေးရွာသို့ သွားရောက်ပြီး လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ ဇီဝဇိုးငှက်သိုက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းကို ကြည့်ရှုလေ့လာခဲ့သည်။ လုပ်ငန်းရှင် ဦးဖြူကိုသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဇီဝဇိုးငှက်သိုက်မွေးမြူရေးလုပ်ငန်းကို တွေ့မြင်ခဲ့ရာမှ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ ဒေါက်တာတင့်ဆွေရေးသားသော စီးပွားဖြစ်ဇီဝဇိုးငှက်သိုက်စာအုပ်အား ဖတ်ရှု လေ့လာခြင်း၊ YouTube နှင့် Facebook တို့မှလေ့လာခြင်းအပြင် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်တစ်ဦးထံသို့ သွားရောက်ကြည့်ရှုလေ့လာကာ ယခုလုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ကြောင်း၊ ငှက်ခေါ်အသံစနစ်၊ အခန်းတွင်းအစိုဓာတ်ထိန်းညှိခြင်းစနစ်တို့ ပါဝင်သော ပေ ၅၀ x ပေ ၂၀ နှစ်ထပ် အဆောက်အဦ ဆောက်လုပ်ပြီးစ၌ ဇီဝဇိုးငှက် ၇ ကောင် စတင်ရောက်ရှိလာရာမှ ယနေ့အချိန်တွင် ကောင်ရေ ၅၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း၊ ငှက်သိုက်ကုန်ကြမ်းခူးခြင်းလုပ်ငန်း၊ ကုန်ချောထုတ်လုပ် ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်ကျေးရွာသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးဖြူကိုနှင့် ဒေါ်မီမီကျော်တို့၏ PMK သဘာဝဇီဝဇိုးငှက်သိုက် ထုတ်လုပ်ဖြန့်ချိရောင်းဝယ်ရေး လုပ်ငန်းကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါလုပ်ငန်းအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက ငှက်သိုက်တာရှည်ခံထုတ်လုပ်မှုနည်းပညာ ပံ့ပိုးကူညီပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ မွမ်းမံအပ်ချုပ်သင်တန်း အောင်မြင်ပြီး သူများက အပ်ချုပ်ဆိုင်ဖွင့်၍ လုပ်ငန်းထူထောင် လုပ်ကိုင်နေမှုအခြေအနေအား ဝင်ရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ညောင်ကုန်းခေတ်မီစံပြကျေးရွာ (Smart Village) ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများ၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများအား စိစစ်မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ညောင်ကုန်း၊ အောင်သုခ၊ မဲကြီး၊ ရွာမကျေးရွာ (၄) ရွာမှ မိုးစပါးစိုက် သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ  နေကြာနှင့်နှမ်း ဆက်လက်စိုက်ပျိုးကြရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm