ရောဘတ်အိုဝင်၊ ဒေါက်တာဝီလျံကင်းတို့၏ အတွေးအခေါ် အယူအဆများမှ အခြေခံ ဆင်းသက်လာခဲ့ရာ ၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ရော့ခ်ဒေးမြို့၊ ဖလန်နယ်စက်ရုံမှ အလုပ်သမား၂၈ ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမကုန်စုံဆိုင် တစ်ဆိုင်ကို ရင်းနှီးငွေစုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၃ရက်နေ့ထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာသမဝါယမညီလာခံတစ်ရပ် ကျင်းပခဲ့ကြပြီး ၁၉-၈-၁၈၉၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (International Cooperative Alliance ICA)ကို ထူထောင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဖွဲ့ချုပ်စတင်ဖွဲ့စည်းခဲ့စဉ်က အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွတ်ဇာလန်၊ ဆားဗီးယားနှင့် အမေရိကန်နိုင်ငံ စသည့်(၁၃)နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသဖြင့် ကမ္ဘာ့ သမဝါယမများရဲ့ အမြင့်ဆုံးအဖွဲ့ကြီးအဖြစ် ရပ်တည်လာခဲ့ပါသည်။
၁၉၃၇ ခုနှစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ကျင်းပခဲ့သည့် အဖွဲ့ချုပ်၏ (၁၅)ကြိမ်မြောက် ညီလာခံတွင် ကမ္ဘာတစ်ဝှမ်းဖွဲ့စည်းထားသည့် သမဝါယမအသင်း/အဖွဲ့များအနေဖြင့် လက်ခံကျင့်သုံး လျက်ရှိသည့် သမဝါယမအခြေခံမူ(၅)ချက်ကို လိုက်နာနိုင်ရေးထုတ်ပြန်ထားခဲ့ခြင်းအပေါ် ပြန်လည် ဆန်းစစ်သုံးသပ်ခဲ့ကြပါသည်။ ၁၉၄၆ ခုနှစ်တွင် နိုင်ငံရေးအရ ကြားနေခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် ခိုင်မာအောင်ရပ်တည်ခဲ့မှုများကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ် ပြုခဲ့ပြီး အတိုင်ပင်ခံအဆင့်ကို လက်ခံရရှိခဲ့သည့် ကမ္ဘာ့ပထမဆုံး အစိုးရမဟုတ်သည့်အဖွဲ့အစည်း (INGO) (၃)ခုထဲမှ တစ်ခုအဖြစ်ပါဝင်ခဲ့ပါသည်။ တိုးချဲ့ဖွဲ့စည်းလာခဲ့ကြသည့် သမဝါယမအသင်းအဖွဲ့ အစည်းများအနေဖြင့် အချင်းချင်းပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် လူသားအကျိုးပြုမှုနှင့် ကမ္ဘာကြီး ရှင်သန်ရပ်တည်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ၁၉၆၆ ခုနှစ်တွင် မူလ သမဝါယမ အခြေခံမူ(၅)ချက်အပြင် နောက်ထပ် အခြေခံမူ(၁)ခုထည့်သွင်း၍ အခြေခံမူ(၆)ချက်ဖြင့် ဒုတိယ အကြိမ်ပြန်လည်ပြင်ဆင်ခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)အဖွဲ့ဝင် ကမ္ဘာ့သမဝါယမအသင်း/အဖွဲ့ များအနေဖြင့် ICA က သတ်မှတ်ပြဌာန်းထားသည့် သမဝါယမအခြေခံမူများကို လိုက်နာ၍ အသင်းများ ဖွံ့ဖြိုးရေးဆောင်ရွက်လာခဲ့ကြရာ ၁၉၉၅ ခုနှစ်တွင် ကျင်းပသည့်(၃၁)ကြိမ်မြောက် ကမ္ဘာ့ သမဝါယမညီလာခံကြီးမှ (၇)ခုမြောက်အခြေခံမူကို သဘောတူချမှတ်နိုင်ခဲ့ခြင်းနှင့်အတူ သမဝါယမ အဓိပ္ပါယ်၊ သမဝါယမကျင့်ဝတ်နှင့် အနှစ်သာရတို့ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းသို့ ထုတ်ပြန်ခဲ့သည့် ဖော်ပြပါသမဝါယမအထောက်အထား၊ လက္ခဏာဆိုင်ရာများကို ကမ္ဘာတစ်ဝှမ်းရှိ သမဝါယမများက လက်ခံကျင့်သုံး လိုက်နာဆောင်ရွက်နေကြပါသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ အခြေခံမူ (၇) ချက်
(၁) ဆန္ဒအလျှောက် လွတ်လပ်စွာအသင်းသားအဖြစ် ပါဝင်ခွင့်ရှိခြင်း၊ (Voluntary and Open Membership)
(၂) အသင်းသားများ၏ ဆန္ဒနှင့်အညီစီမံခန့်ခွဲခြင်း၊ (Democratic Member Control)
(၃) သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ (Member Economic Control)
(၄) အသင်းအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် လွတ်လပ်မှုရှိခြင်း၊ (Autonomy and Independence)
(၅) ပညာပေးရေး၊ လေ့ကျင့်ရေးနှင့် သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ (Education, Training and Information)
(၆) သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ (Co-operation among Co-operatives)
(၇) အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်း။ (Concern for Community)
သမဝါယမအဓိပ္ပါယ်
သမဝါယမအသင်းဆိုသည်မှာ ဆန္ဒအလျောက်ပူးပေါင်းကြသူတို့က မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန် အလို့ငှာ ပူးပေါင်းပိုင်ဆိုင် ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။
သမဝါယမကျင့်ဝတ်
(က) ရိုးသားခြင်း၊
(ခ) ပွင့်လင်းခြင်း၊
(ဂ) လူမှုရေး စိတ်ဓာတ်ရှိခြင်း၊
(ဃ) အများအကျိုးကို အလေးထားခြင်း၊
အနှစ်သာရ
(က) ကိုယ့်အား ကိုယ်ကိုးခြင်း၊
(ခ) ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခြင်း၊
(ဂ) အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဃ) တန်းတူညီမျှခြင်း၊
(င) တရားမျှတခြင်း၊
(စ) စည်းလုံးညီညွတ်ခြင်း၊
၂၀၀၂ခုနှစ်တွင် အထက်ပါ သမဝါယမအထောက်အထား၊ လက္ခဏာဆိုင်ရာထုတ်ပြန်ချက် (Statement of Cooperative Identity) အား ကမ္ဘာနှင့်အဝှမ်း သဘောတူလက်ခံထားသော မူဘောင်ကို ပေးဆောင်သည့် ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ သမဝါယမအသင်း များမြှင့်တင်ရေး ထောက်ခံအကြံပြုချက် 193 တွင်ထည့်သွင်းထားသည်ကို တွေ့ရပါသည်။
ICA အဖွဲ့ချုပ်အနေဖြင့် မူလစတင်ဖွဲ့စည်းခဲ့သည်မှ ၁၉၈၁ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ရုံးချုပ်အဖြစ်အခြေစိုက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အဓိကကျသော နိုင်ငံတကာ အဖွဲ့အစည်းအများအပြားရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ ပြောင်းရွေ့ခဲ့ပါသည်။ ICA အဖွဲ့ချုပ်သည် အပြန်အလှန်ချိတ်ဆက်ပြီး ဗဟိုချုပ်ကိုင်မှုကင်းသော ကမ္ဘာလောက၏စိန်ခေါ်မှု များကို ကူညီဖြည့်ဆည်းပေးရန်အတွက် အာဖရိက၊ အမေရိက၊ အာရှ- ပစိဖိတ်နှင့် ဥရောပတို့တွင် ၁၉၉၂ ခုနှစ်မှ စတင်၍ ဒေသဆိုင်ရာရုံးခွဲ(၄)ခုကို ထူထောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ICA အဖွဲ့ချုပ်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ ပြောင်းရွေ့ကာ အကျိုးအမြတ်ကို အဓိကမထားသော အသင်းအဖွဲ့တစ်ခုအဖြစ် ထူထောင်ခဲ့ပြီး ယနေ့တိုင် ICA ဌာနချုပ်(ရုံးချုပ်)အဖြစ် ဘရပ်ဆဲလ်မြို့တွင် တည်ရှိနေပါသည်။ ICA ၏ အဖွဲ့ဝင်များအနေဖြင့် လယ်ယာကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ လက်လီအရောင်း(စားသုံးသူ)၊ ငါးလုပ်ငန်း၊ ကျန်းမာရေး၊ အိုးအိမ်၊ အာမခံ၊ စက်မှုနှင့် ဝန်ဆောင်မှုစသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး သက်ဆိုင်ရာ ဒေသအလိုက် သမဝါယမအသင်းဝင်၊ အသင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ကြဉ်း ပေးလျက်ရှိနေပါသည်။
အာဖရိကဆိုင်ရာဒေသရုံးခွဲတွင်(၃၅)နိုင်ငံ၊ အမေရိကန်ရုံးခွဲတွင် (၂၁)နိုင်ငံ၊ အာရှပစိဖိတ် ဆိုင်ရာရုံးခွဲတွင် မြန်မာနိုင်ငံအပါအဝင်(၃၄)နိုင်ငံနှင့် ဥရောပရုံးခွဲတွင်(၂၉)နိုင်ငံ စုစုပေါင်း ကမ္ဘာ့နိုင်ငံ (၁၁၉)တို့က အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိပြီး သမဝါယမအသင်း/အဖွဲ့ (၃၀၅)ဖွဲ့တို့က ICA အသင်းဝင် အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက်နေ့ တွင် ICA အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးနောက် ICA ၏ ထုတ်ပြန်ထားသော သမဝါယမသဘောတရား ဆိုင်ရာစံနှုန်းများ၊ ကျင့်ဝတ်နှင့် အနှစ်သာရ၊ အခြေခံမူများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုဆိုင် လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ တည်ဆဲသမဝါယမအသင်းဥပဒေတွင် မြန်မာ့သမဝါယမအခြေခံမူ(၁၀)ချက်ကို ဖော်ပြပါအတိုင်း တွေ့ရှိရပါသည်။
သမဝါယမအခြေခံမူ(၁၀) ချက်
(၁) အသင်းကိုမိမိဆန္ဒအလျောက်ပါဝင်လိုသူများဖြင့်ဖွဲ့စည်းရန်
(၂) အသင်းသား(သို့)ကိုယ်စားလှယ်သည် လူတကိုယ်ဆန္ဒမဲတစ်မဲ ပေးနိုင်သည့် ညီမျှ သော အခွင့်အရေးရရှိ၍ အသင်း၏လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်
(၃) အသင်းတွင်ထည့်ဝင်ထားသော အစုအတွက်ရရှိရမည့် အကျိုးခံစားခွင့်ကို ကန့်သတ်ထားရန်
(၄) အသင်း၏လုပ်ငန်းမှ ထွက်ပေါ်လာသည့် အသားတင်အမြတ်ငွေများကို အသင်း သားများ၏ ဆုံးဖြတ်ချက်ဖြင့်ခွဲဝေရန်
(၅) သမဝါယမသဘောတရားနှင့် နည်းစနစ်ပြန့်ပွားရေးအတွက်ဆောင်ရွက်ရန်
(၆) ပြည်တွင်း/ပြည်ပရှိ သမဝါယမအသင်းအချင်းချင်း ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန်
(၇) အသင်းသည် အသင်း၏ စီးပွားရေးနှင့်လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်းသာဖြစ်စေရန်
(၈) အသင်းသည် အသင်းသား၊ အသင်းဝင်များ၏ အကျိုးကို ဦးတည်ဆောင်ရွက် ခြင်းဖြင့် ယင်းတို့၏ လှုနေမှုအဆင့်အတန်းမြင့်မားရေးကို ရှေးရှု့ဆောင်ရွက်ရန်
(၉) အသင်းသားများ သို့မဟုတ် အသင်းဝင်များသည် အသင်း၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများဖြစ်ကြစေရန်
(၁၀) အသင်းသည် အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူစီးပွားဘက် လုပ်ကိုင် သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်းလုပ်အား ပစ္စည်းတို့ပူးပေါင်း၍ အများ ၏ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်စေရန်
၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှ နှစ်စဉ် ဇူလိုင်လ ပထမအပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးတွင် နှစ်စဉ် ဇူလိုင်လ ပထမအပတ်စနေနေ့ ရောက်တိုင်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် သမဝါယမအသင်းများ၏ အထောက်အကူပြုဆောင်ရွက်မှုကို ဂုဏ်ပြုသော အားဖြင့် ၂၀၁၂ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာသမဝါယမနှစ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးမှ တရားဝင် ကြေညာခဲ့ပြီး သမဝါယမလှုပ်ရှားမှုများကို မန်ချက်စတာမြို့တွင် ကမ္ဘာ့သမဝါယမညီလာခံကျင်းပမှု နှင့်အတူ ကျင်းပခဲ့ကြပါသည်။ လာမည့် ၂၀၂၅ ခုနှစ်ကိုလည်း ဒုတိယအကြိမ်အပြည်ပြည်ဆိုင်ရာ သမဝါယမနှစ်အဖြစ် သတ်မှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ICA သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ဥရောပကော်မရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ခဲ့ကြပြီး ကုလသမဂ္ဂအဖွဲ့ကြီးမှလည်း အလေးထားအသိအမှတ်ပြုခံနေရသည့် အဖွဲ့အစည်း ကြီးအဖြစ် ရှင်သန်ရပ်တည်နေပါသည်။
ပထမ၊ ဒုတိယကမ္ဘာ့စစ်ကြီးများဖြစ်ပွားခဲ့သော်လည်း ICA အနေဖြင့် ကြံ့ကြံ့ခိုင် ရပ်တည် နိုင်ခဲ့သည့် ရှေးအကျဆုံးသော လူမှုစီးပွားရေးအဖွဲ့အစည်းကြီးဖြစ်ကာ သမဝါယမလှုပ်ရှားမှုများ၏ ကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူများကို အားပေးရန်နှင့် ကာကွယ်ရန်၊ အသင်းဝင်အဖွဲ့အစည်းများ အကြား အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးကို လှုံ့ဆော်ရန်၊ စီးပွားရေးနှင့် လူမှုရေးတိုးတက် မှုကို မျက်နှာသာပေး၍ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်၊ နှစ်ဦးနှစ်ဖက်အပြန် အလှန်ကူညီထောက်ပံ့မှုနှင့် ဒီမိုကရေစီကိုအခြေခံသည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုကိုမြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင်များအတွက် အလေးထားဦးတည်ဆောင်ရွက်လျက်ရှိနေခြင်း ကြောင့် ICA အနေဖြင့် နောင်နှစ်ပေါင်းများစွာ ကမ္ဘာမြေတွင် ပြုံးပျော်စွာ ရှင်သန်ရပ်တည်နေနိုင် မည်ဟု ယုံကြည်မိပါသည်။ ICA အဖွဲ့ဝင်မဖြစ်သေးသော နိုင်ငံများတွင်လည်း ယင်းတို့ဒေသနှင့် ပတ်သက်သည့် အများနှင့်စုပေါင်းဆောင်ရွက်သည့် အသင်း/အဖွဲ့များရှိနေနိုင်ပါသည်။
သို့ဆိုရာ သမဝါယမများသည် ရာစုနှစ် နှစ်စုနီးပါးခန့် ကမ္ဘာမြေပေါ်တွင် ရှင်သန်ရပ်တည် နေခြင်းနှင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးစေကာမူ မတူကွဲပြားမှုကြားက ရုန်းကန်ရှင်သန် ရပ်တည်နေသည်က လက်တွေ့ဆန်လွန်းလှပါသည်။ မျက်မှောက်ကာလတွင် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးလျက်ရှိသည့် အမိနိုင်ငံတော်တွင်လည်း သမဝါယမလုပ်ငန်းများ ရှင်သန်ရပ်တည် လာခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ တိုင်ခဲ့ပြီဖြစ်ပေသည်။ ခေတ်အဆက်ဆက်အစိုးရများ၏ စီးပွားရေး စီမံကိန်းအကောင်အထည်ဖော်မှုများတွင် ကျရာအခန်းကဏ္ဍမှ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ သည့် ယနေ့ခေတ်သမဝါယမလောကသားများအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာ အခန်းကဏ္ဍတစ်ခုအဖြစ်ဖော် ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ICA အဖွဲ့ဝင်နိုင်ငံ အချို့၏ ၃၁-၁၂-၂၀၂၀ ရက်နေ့ရှိ အသင်းဖွဲ့စည်းမှုနှင့် အသင်းသား အဖြစ် ပါဝင်နေမှုကို ဖော်ပြပါဇယားဖြင့် ထုတ်နှုတ်ဖော်ပြအပ်ပါသည်။
ကမ္ဘာ့နိုင်ငံများတွင် သမဝါယမလုပ်ငန်းများ အောင်မြင်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုများတွင် သမဝါယမများက ပံ့ပိုးကူညီမှုများပြုနေသည်က ငြင်း၍မရနိုင်ပါ။ မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများက သမဝါယမ စနစ်ကို အောင်မြင်မှုရရှိစေရေး တွန်းအားတစ်ရပ်အဖြစ်ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး ချိန်ခွင်လျှာကို ထိန်းညှိဖို့သမဝါယမများအား သက်ဆိုင်ရာအစိုးရများမှ ပံ့ပိုးမှုများရှိနေသကဲ့သို့ မြန်မာ နိုင်ငံရှိ ဖွဲ့စည်းပြီးသမဝါယမအသင်းများအား နိုင်ငံတော်၏ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်မည် ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုမြင့်မားလာပြီး ဆင်းရဲချမ်းသာကွာဟမှုကို လျော့ကျစေနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ရေးသားလိုက်ရပါသည်။
၁၉-၈-၂၀၂၄ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ (၁၂၉)နှစ် မြောက်အား ဂုဏ်ပြုရေးသားလိုက်ရပါသည်။
K ဇင်သစ်
(မန်းတက္ကသိုလ်)
8.8.2024
9:00 AM
ကျမ်းကိုး :
၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ
အာရှနှင့်ပစိဖိတ် |
|||
---|---|---|---|
စဉ် |
နိုင်ငံအမည် |
ဖွဲ့စည်းပြီး သမဝါယမအသင်းပေါင်း |
အသင်းသားဦးရေ(သန်း) |
၁ |
ဘင်္ဂလားဒေရှ့် |
၁၉၂၀၂၀ |
၁.၅၁ |
၂ |
တရုတ် |
၃၀၂၈၁ |
၃.၄ |
၃ |
အိန္ဒိယ |
၈၅၄၃၅၅ |
၂၉၀.၀၆ |
၄ |
အင်ဒိုနီးရှား |
၂၁၂၁၃၅ |
၃၇.၇၈ |
၅ |
ဂျပန် |
၄၂၀၀၀ |
၁၀၅.၀၀ |
၆ |
မြန်မာ |
၃၈၆၅၃ |
၄.၁၉ |
၇ |
ဖိလစ်ပိုင် |
၉၄၃၂ |
၇.၆၄ |
၈ |
တောင်ကိုရီးယား |
၅၁၀၀ |
၀.၃၁ |
၉ |
ဗီယက်နမ် |
၂၄၆၄၈ |
၇.၀၁ |
၁၀ |
ထိုင်း |
၈၁၃၀ |
၁၁.၆၃ |
အာဖရိကတိုက် |
|||
၁ |
ကင်ညာ |
၂၅၀၅၀ |
၁၄.၀၀ |
၂ |
ယူကန်ဒါ |
၂၁၃၄၆ |
၅.၆ |
အမေရိကတိုက် |
|||
၁ |
ဘရာဇီး |
၆၈၂၈ |
၁၄.၆ |
၂ |
အမေရိကန် |
၂၉၂၈၅ |
၃၅၀.၈၇ |
ဥရောပတိုက် |
|||
၁ |
ပြင်သစ် |
၂၂၅၈၉ |
၂၈.၇၄ |
၂ |
ဂျာမနီ |
၇၃၁၉ |
၂၂.၅၄ |
၃ |
ဗြိတိသျှ |
၇၀၆၃ |
၁၄.၀၀ |
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။