အောင်လံမြို့နယ် မြင်းကပိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
အောင်လံ ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြင်းကပိုင်ကျေးရွာ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင် ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများသတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာနေ ပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၂၉၄သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မြင်းကပိုင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၅၁ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ခုနှစ်ဦး စုစုပေါင်း ၇၇ဦးတို့ကို ငွေကျပ် ၂၉၄သိန်းကို အသင်းသူ၊အသင်းသားများထံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသူ/ အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။