Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူမှုစီးပွား အကျိုးများအောင် ရှေ့ဆောင်လမ်းပြ မြန်မာ့သမဝါယမ


06 Aug,2024

သမဝါယမစနစ်ဆိုသည်မှာ လူတို့၏ အတ္တဟိတ(ကိုယ့်အကျိုးစီးပွား)၊ ပရဟိတ(အများအကျိုး စီးပွား) ဒွန်တွဲမှုအပေါ်မှာ အခြေခံပြီး ကြံဆတီထွင်ထားသည့် စနစ်တစ်ခုပင်ဖြစ်သည်။ ထိုသို့ အတ္တနှင့် ပရ ဒွန်တွဲမှုအပေါ် အခြေခံထားသည်နှင့်အညီ လူတို့၏ စီးပွားရေးအခြေအနေများကို တိုးတက်အောင်မြင် စေရန်အလို့ငှာ လူတန်းစားမခွဲခြားဘဲ သာတူညီမျှစနစ်ဖြင့် အချင်းချင်း ဆက်ဆံပေါင်းသင်းကာ မိမိတို့၏ ဆန္ဒအလျောက် အတူတကွပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် ပြည်သူလူထုအကြား ယနေ့တိုင် စဉ်ဆက်မပြတ် ရပ်တည်နေနိုင်ခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သမဝါယမ စနစ်ဆိုသည်မှာ အတ္တကို ဗဟိုပြုခြင်းမျိုးမဟုတ်ဘဲ လိုအပ်နေသူတွေနှင့် ရှိနေသည့်သူတွေကို ဆက်စပ် ပေးသောစနစ် ဟုလည်း ဆိုနိုင်ပေသည်။ သမဝါယမစနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ သည် လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အတ္တ၊ ပရ ညီညွတ်မျှတ စွာ ပူးပေါင်းဆောင်ရွက်ပြီး တစ်ယောက်၏လုပ်အားသည် အများအတွက်အကျိုးကျေးဇူးဖြစ်စေသကဲ့သို့  အများ၏ လုပ်အားသည်လည်း တစ်ဦးတစ်ယောက်ချင်းစီအတွက် အကျိုးကျေးဇူးကို မျှဝေခံစားကြခြင်း ပင်ဖြစ်သည်။ 

သမဝါယမလုပ်ငန်းသည် မဇ္ဈိမပဋိပဒါ လုပ်ငန်းဖြစ်

          သမဝါယမလုပ်ငန်းသည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ခပ်ကြမ်းကြမ်းလုပ်ရသည့် လုပ်ငန်းမျိုး မဟုတ်၊ အရိယာသူတော်စင်များသာ ပယ်သတ်နိုင်သည့် လောဘ၊ ဒေါသ၊ မောဟကို အတင်းပယ်သတ် ပြီး အသာအယာလုပ်ရသည့် လုပ်ငန်းမျိုးဟုလည်းမဆိုသာ၊ ထိုနှစ်ခုကြား မျှတစွာ လုပ်ကိုင်ဆောင်ရွက် ရသည့် မဇ္ဈိမပဋိပဒါ လုပ်ငန်းပင်ဖြစ်သည်။ တစ်နည်းဆိုရပြန်သော် သမဝါယမလုပ်ငန်းသည် စီးပွားရေး မပါဘဲ ဝံသာနုရက္ခိတ ခေါ် အမျိုးသားစောင့်ရှောက်ရေး သက်သက်လည်းမဟုတ်၊ စီးပွားရေးတစ်ခုတည်း ကိုသာ ရှေ့ရှုပြီး လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းလည်းမဟုတ်၊ ထိုနှစ်ခုကြားတွင်ရှိသော  မဇ္ဈိမပဋိ ပဒါ လုပ်ငန်းပင်ဖြစ်သည်။ ထို့ကြောင့် သမဝါယမလုပ်ငန်းကို ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများရော၊ ကွန်မြူနစ်စနစ်ကျင့်သုံးသော နိုင်ငံများကပါ လက်ခံပြီး လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်။ သမဝါယမလုပ်ငန်းသည် ငွေကို အခြေခံမပြု၊ အမြတ်ကြီးရမှုကို ရှေ့မရှု၊ လူတို့၏ ကာယအား၊ ဉာဏ အားနှင့် အများအကျိုးသယ်ပိုးလိုသည့်စိတ်တို့ကို အခြေခံပြုပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ကိုယ့်ကျင့်တရား မပျက်ပြားရေး၊ အတူတကွ လုပ်ကိုင်ဆောင်ရွက်ပြီး မျှဝေခံစားခွင့်ကို ရှေ့ရှုသည့် စီးပွားရေးလုပ်ငန်းများတိုးတက်ရေးတို့ကို ဆောင်ရွက်သည့်လုပ်ငန်းပင်ဖြစ်သည်။                                                                                                                                                                                                                                                                                                                                                                                                                                   

ကမ္ဘာ့နိုင်ငံအချို့တွင် သမဝါယမလုပ်ငန်း အောင်မြင်မှုများ

သမဝါယမလုပ်ငန်းသည် မဇ္ဈိမပဋိပဒါလုပ်ငန်းဖြစ်သည့်အားလျှော်စွာ လူတို့သည်  သမဝါယမ ၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူသူများ အတူတကွ ပူးပေါင်း၍ သမဝါယမစနစ်ကို ယုံကြည်စွာဖြင့် ကျင့်သုံးလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံအချို့တွင် စီးပွားရေးလုပ်ငန်းများ အောင်မြင်လျက်ရှိရာ ကင်ညာနိုင်ငံတွင် ပြည်တွင်းအသား တင်ထုတ်လုပ်မှုတန်ဖိုး ၄၅ ရာခိုင်နှုန်းသည် သမဝါယမအသင်းများမှ ရရှိကြောင်း၊ နယူးဇီလန်နိုင်ငံတွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၂၂ ရာခိုင်နှုန်းသည် သမဝါယမအသင်းများမှ ရရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံသားများသည် သမဝါယမ အသင်းသားများဖြစ်ကြောင်းနှင့်  ကမ္ဘာပေါ်တွင် သမဝါယမအသင်းအများဆုံးကို ပိုင်ဆိုင်ထားရာ 2009 Global 300 စာရင်းတွင် ထိပ်ဆုံး နေရာရရှိထားသောအသင်းမှာ Dairy Farmers of America ဖြစ်ပြီး နှစ်စဉ် Global 300 စာရင်းတွင် ပါဝင်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ Credit Agricole Group အမည်ရှိ သမဝါယမဘဏ်သည် ပြင်သစ်နိုင်ငံနှင့် ကမ္ဘာ့သမဝါယမငွေကြေးအဖွဲ့အစည်းများတွင် အကြီးဆုံးဘဏ် စာရင်းဝင်ဖြစ်ကြောင်း၊ ကိုလံဘီယာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ ၂၄ ရာခိုင်နှုန်းမှာ သမဝါယမမှ တာဝန်ယူထားကြောင်း၊ ဆွစ်ဇာလန်နိုင်ငံတွင် ကုန်သွယ်မှုလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို Migros နှင့် Suisse သမဝါယမအဖွဲ့အစည်းများက လုပ်ကိုင်ကြကြောင်း၊ ကမ္ဘာတစ်ဝန်း ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သည့်လုပ်ငန်း များထက် ၂၀ ရာခိုင်နှုန်းပိုမိုသည့် လုပ်ငန်းပေါင်းသန်း(၁၀၀) ကို သမဝါယမအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံတွင် နိုင်ငံ့ဈေးကွက်၏ ၆၈ ရာခိုင်နှုန်း အား China Co-op ခေါ် တရုတ်နိုင်ငံ ဝယ်ယူရောင်းချရေး သမဝါယမ အသင်းမှ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖင်လန်နိုင်ငံ၏ လက်လီရောင်းဝယ်မှု လုပ်ငန်းတွင် သမဝါယမရောင်းဝယ်မှုတန်ဖိုးသည် ၄၀ ရာခိုင်နှုန်းကျော် ပါဝင်တည်ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းသမဝါယမဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍတွင် ပြင်သစ်နိုင်ငံ၌ ၆၀ ရာခိုင်နှုန်း၊ ဩစတြီးယားနိုင်ငံ၌ ၅၀ ရာခိုင်နှုန်း၊ ဂျာမနီ၊ ဖင်လန်နှင့် နယ်သာလန်နိုင်ငံတို့၌ ၄၀ ရာခိုင်နှုန်းစီ၊ အီတလီနိုင်ငံ၌ ၂၀ ရာခိုင်နှုန်း၊ စပိန်နိုင်ငံနှင့် ပေါ်တူဂီနိုင်ငံတို့၌ ၁၀ ရာခိုင်နှုန်းစီ ပါဝင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။

မြန်မာနိုင်ငံ၏ သမဝါယမအသင်းများအခြေအနေ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကပ်ရောဂါဆိုးကြောင့် လူအများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့သည့် အရပ်ဒေသ များရှိ သမဝါယမအသင်းများ၏ စီးပွားရေးလုပ်ငန်းများအပါအဝင် နိုင်ငံသားလုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများ၌ COVID-19 ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် နေအိမ်တွင်သာ နေထိုင်ရခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားခဲ့ရခြင်း စသည့် ကန့်သတ်ထိန်းချုပ် မှုများကြောင့် ကုန်ထုတ်လုပ်မှုများကျဆင်းခြင်း၊ ကုန်စည်စီးဆင်းမှုများ နှေးကွေးခြင်း၊ ရောင်းဝယ် ဖောက်ကားမှုများ အရှိန်အဟုန် တန့်သွားခြင်းနှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း စသည့် စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ ယခုအခါ အဆိုပါ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊ စီးပွားရေးအကျပ်အတည်းများကို ဖြေလျှော့ပေးနိုင်ရေးနှင့် အလုံးစုံ ပပျောက်ရေးတို့အတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များ၊ သက်ဆိုင်ရာပညာရှင်များက နည်းလမ်း မျိုးစုံဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းကဏ္ဍ၊ သမဝါယမကဏ္ဍတို့တွင် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပေသည်။ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရ သည့် သမဝါယမစီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်  လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပံ့ပိုးကူညီမှုများကို ရယူပြီး သမဝါယမအသင်းနှင့် အသင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် သမဝါယမအသင်းများရှိသကဲ့သို့ သမဝါယမအသင်းသားများ ၏ စုပေါင်းအားကို အခြေခံပြီး ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများ ဆန္ဒနှင့်အညီစီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းဆိုသည့် သမဝါယမအနှစ်သာရ ပြည့်ဝစွာဖြင့် မိမိတို့ သမဝါယမအသင်းနှင့် အသင်းသားများ၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့် အောင်မြင်နေသော သမဝါယမအသင်းများ လည်း ရှိပေသည်။

အနှစ်သာရပြည့်ဝစွာ  အောင်မြင်နေသော သမဝါယမအသင်း

မြန်မာနိုင်ငံ၏  ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုလုပ်ငန်းများကို သမဝါယမအသင်းများက နေရာ ဒေသနှင့် အခြေအနေဖန်တီးနိုင်မှုအပေါ် အခြေခံ၍ သမဝါယမစနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထာက်အကူပြု ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြေခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို သမဝါယမစနစ် နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အလို့ငှာ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိ ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများအနက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သမဝါယမအသင်းဖွဲ့စည်းပြီး  အသင်းနှင့် အသင်းသား များအကျိုး သယ်ပိုးဆောင်ရွက်ပေးသည့် အောင်မြင်နေသော သမဝါယမအသင်းများထဲမှ ငွေစုငွေချေး သမဝါယမအသင်းတစ်သင်းကို ထုတ်နုတ်တင်ပြလိုပါသည်။ ထိုသမဝါယမအသင်းကား မန္တလေးမြို့ စည်ပင်သာယာငွေစုငွေချေးသမဝါယမအသင်း ပင်ဖြစ်ပေသည်။

မန္တလေးမြို့ စည်ပင်သာယာငွေစုငွေချေးသမဝါယမအသင်းသည် ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းဖြစ်ကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့တွင် အသင်းသား(၁၀၃၂)ဦး၊ မတည်ငွေကျပ်(၁၄ ဒသမ ၅)သိန်း ဖြင့် အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါအသင်းသည် မန္တလေးမြို့ စည်ပင်သာယာ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းတစ်သင်း ဖြစ်ကြောင်း၊ အသင်းကို အမှုဆောင်အဖွဲ့ဝင်(၅)ဦး၊ အသင်းစာရင်းစစ်(၂)ဦးတို့ဖြင့် စီမံခန့်ခွဲ၍ အသင်းဝန်ထမ်း (၅)ဦး ခန့်အပ်ထားပြီး အသင်း၏လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာဖြင့် လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်း၏ရည်ရွယ်ချက်မှာ အသင်းသားဝန်ထမ်းများ စည်းလုံးညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီး သမဝါယမစနစ်ဖြင့် ငွေစုဆောင်းခြင်း၊ ငွေချေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အသင်းသားဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ ယခုအခါ အသင်းသားအင်အား(၂၂၀၀)ဦးအထိ ပါဝင်လာပြီး အသင်း၏ မတည်ငွေဖြစ်သည့် အသင်းသားအစုငွေ ကျပ်(၁၁၀)သိန်း၊ အသင်းသားစုဆောင်းငွေကျပ်(၁၀၆၉၃ ဒသမ ၀၉)သိန်းအထိ ရှိလာပြီဖြစ်သည့်အတွက် မန္တလေးမြို့တွင် အင်အားအတောင့်တင်းဆုံးသော ငွေစုငွေချေးအခြေခံ သမဝါယမအသင်းတစ်သင်းဖြစ်ကြောင်း၊ အသင်းသားများအား ချေးငွေထုတ်ချေးပေးရာတွင် အသင်းသားတစ်ဦးလျှင် အနည်းဆုံး ငွေကျပ်(၅)သိန်းမှ အများဆုံးငွေကျပ်(၁၅)သိန်းအထိကို ချေးငွေ ကာလ(၆)လ/(၁၀)လ သတ်မှတ်၍ ထုတ်ချေးပေးကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသင်းသား များထံသို့ ချေးငွေကျပ် (၁၅၁၃၄.၂)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊  အသင်းသားများ၏ စုဆောင်းငွေအပေါ် ပြန်ပေးသည့် အတိုးနှုန်းမှာ(၇၅)ပြားဖြစ်ပြီး အသင်းသားများ လိုအပ်ချိန်တွင် ချက်ချင်းပြန်လည် ထုတ်ပေးကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးအနေဖြင့် ငွေကျပ် (၈၉၇.၉၂၅)သိန်းကို ထုတ်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ အသင်းသား (၂၂၀၀)ဦးအား အသင်းသား အကျိုးဝေစုအနေဖြင့် အသင်းသားချီးမြှင့်ငွေနှင့် အစုပေါ်ချီးမြှင့်ငွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အသင်းသားနှင့် အသင်းသားမိသားစုများ နာရေးကိစ္စ ပေါ်ပေါက်ခဲ့ပါက အသင်းသားတစ်ဦးလျှင် နာရေးထောက်ပံ့ငွေအဖြစ် ငွေ(၇၀၀၀၀)ကျပ် ထောက်ပံ့ပေးကြောင်း၊ အသင်းဝန်ထမ်းများကို လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများထဲမှ သင့်တော်သူများအား တာဝန်ပေးခန့်အပ်ထားခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံတော်မှရရှိသည့် လစာနှုန်းထား အတိုင်း အသင်းမှလည်း ဝန်ထမ်းလစာကို သတ်မှတ် ထုတ်ပေးကြောင်း သိရှိရပါသည်။

အဆိုပါအသင်းသည် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ  ချမ်းအေးသာစံမြို့နယ်သမဝါယမဦးစီးဌာန၏ အနီးကပ်ထိန်းကျောင်းတည့်မတ်ပေးမှု၊  အသင်း အမှုဆောင်အဖွဲ့ဝင်များ၏ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေးစိတ်ဓါတ်ရှိခြင်း၊ အများအကျိုးအလေး ထားခြင်း ဆိုသည့် သမဝါယမကျင့်ဝတ်နှင့်အညီ စေတနာထား လုပ်ကိုင်ဆောင်ရွက်ပေးမှုတို့ကြောင့် အသင်းသားများ၏ သက်သာချောင်ချိရေးနှင့် ငွေကိုချွေတာသုံးစွဲပြီး လစဉ်စုဆောင်းတတ်သည့် အလေ့အကျင့် ကောင်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့သို့ အသင်းသား များ၏အကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်သည်သာမက နိုင်ငံတော်ဘဏ္ဍာသို့လည်း အခွန်တော် ငွေများကို သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဥပဒေနှင့်အညီ နှစ်စဉ်ပေးသွင်းခဲ့ပြီး ယခု အခွန်စည်းကြပ်သည့် ဘဏ္ဍာရေးနှစ်အတွက်လည်း နိုင်ငံတော်ဘဏ္ဍာသို့ အခွန်ဥပဒေနှင့်အညီ အခွန်တော်ငွေများပေးဆောင်နိုင်ရေး လျာထားစီမံ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

သမဝါယမအသင်းတစ်သင်း၏ လုပ်ဆောင်ချက် အောင်မြင်မှု ရှိ/မရှိ ဆိုသည့်အချက်ကို ဖော်ထုတ်တင်ပြရာ၌ အသင်းကို ဦးဆောင်ဦးရွက်လုပ်ကိုင်သူ အမှုဆောင်အဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး သမဝါယမကျင့်ဝတ်နှင့်အညီ စီမံခန့်ခွဲလုပ်ဆောင်နိုင်မှု၊ ဆန္ဒအလျှောက် ပူးပေါင်းပါဝင် ကြသူ အသင်းသားများကလည်း မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒတွေ ဖြည့်ဆည်းရန်အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်ရသည့် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည် ဆိုသည့်အချက်ကို သိရှိလိုက်နာမှုစသည့် ကောင်းမွန်မှန်ကန်သော အသိတရားနှင့် လုပ်ဆောင်ချက်များ ပေါ်လွင်ထင်ရှား အောင် ဖော်ထုတ်တင်ပြနိုင်ရမည်ဖြစ်ပါသည်။ မန္တလေးမြို့ စည်ပင်သာယာ ငွေစုငွေချေးသမဝါယမ အသင်းတွင် အသင်းသားထောင်နှင့်ချီ၍ များပြားပြီး အသင်း၏ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်ကာ အသင်းသားအကျိုး သယ်ပိုးပေးနိုင်ခဲ့ခြင်းသည် ယခုတင်ပြခဲ့သည့် ကောင်းမွန်မှန်ကန်သော အသိတရား၊ လုပ်ဆောင်ချက်များ ရှိသင့်သလောက် ရှိနေခြင်းကြောင့် အောင်မြင်နေသော သမဝါယမအသင်းအဖြစ် ထုတ်ဖော်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေသော သမဝါယမအသင်းများအနေဖြင့် အောင်မြင်နေသော သမဝါယမအသင်းများ၏ လုပ်ငန်း ဆောင်ရွက်ပုံနည်းစနစ်၊ အမှုဆောင်အဖွဲ့ဝင်တိုင်းတွင် ရှိရမည့် လုပ်ငန်းစွမ်းဆောင်ရည်၊ ထမ်းဆောင် ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်တို့နှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်မှု၊ အသင်းသားတိုင်း သိရှိလိုက်နာရမည့် သမဝါယမအခြေခံသဘောတရားနှင့် သမဝါယမ စိတ်ဓါတ်တို့ကို စံနမူနာယူ၍  လူမှုစီးပွား အကျိုးများအောင် ရှေ့ဆောင်လမ်းပြ သမဝါယမအသင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် အကြံပြုတိုက်တွန်း ရေးသားတင်ပြလိုက်ရပေသည်။

 

စစ်လွမ်းနောင်(မန်းမြေသား)

သမဝါယမ

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm