နေပြည်တော် ဩဂုတ် ၆
လက်ရှိအခြေအနေအရ နိုင်ငံတော်အစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ ပြည့်မီ စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ဒေသအလိုက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိလာစေရေး၊ အရည်အသွေးပြည့် မီသည့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အတွက် ကော်မတီဝင်ဌာနများနှင့် ပေါင်းစပ်ကာ သက်ဆိုင်ရာ ကဏ္ဍအလိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁၆)၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၄/၂၀၂၄)တွင်လည်း “သဘာဝလွန် ဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး မိမိတို့နိုင်ငံတွင် အလားတူမဖြစ်အောင် မည်သို့ကာကွယ်တားဆီးရမည် ဆိုသည်ကို စဉ်းစားပြီး ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ကြရန်” ဟု လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ကြည့်ရမည်ဆိုပါက ၂၀၂၃-၂၀၂၄ ကာလအတွင်း လူကြောင့်ဖြစ်သည်များရှိသော်လည်း သဘာဝဘေး အန္တရာယ်ကြောင့် ရာသီဥတု ဖောက်ပြန်မှုများ ပို၍ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ၂၀၂၄ ခုနှစ် နွေရာသီကာလတွင် မိမိတို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှာ အယ်နီညိုနှင့် လာနီညာဆိုသည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှုကို တွေ့ကြုံခံစားခဲ့ရတာ အားလုံးအသိပဲဖြစ် ပါကြောင်း၊ အယ်နီညို လာနီညာတို့သည် ပုံမှန်ရာသီဥတု ဖြစ်စဉ်များကို ဖောက်လွဲဖောက်ပြန် ဖြစ်စေသည့် သဘာဝဖြစ်ရပ်များ ဖြစ်ကြပြီး အယ်နီညိုဖြစ်စဉ်များ ကြောင့် ကမ္ဘာကြီးပူနွေးလာမှုအပေါ် ဆင့်ကဲလွှမ်းမိုးမှုများမှတစ်ဆင့် နှစ်စဉ်အပူချိန် မြင့်မား စွာ ခံစားခဲ့ရပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၃ခုနှစ်အတွင်း အလွန့်အလွန် အားကောင်းသော မုန်တိုင်းများ တိုက်ခတ်ခြင်း၊ လေတိုက်နှုန်း ပြင်းထန်မှုနှင့် လေထုဖိအား ကျဆင်းမှုများ စံချိန်တင်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်း၊ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခြင်းများကို ကမ္ဘာနှင့် အဝှမ်း ခံစားနေရတာ ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ် ခဲ့တာတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီ ကာလမှာလည်း အယ်နီညိုရာသီဥတု အခြေအနေသက်ရောက်မှုကြောင့် ကမ္ဘာနှင့် အဝှမ်း ပူပြင်း ခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက် ကွဲခြင်း၊ ချော်ရည်ပူများစီးဆင်းခြင်း၊ ရေကြီးလွှမ်းမိုးမှုနှင့် မိုးသီးကျခြင်းများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကမ္ဘာ့အပူချိန် အမြင့်ဆုံး (၁၅)မြို့စာရင်းမှာ မြန်မာနိုင်ငံက ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦးစသည့် မြို့များ ပါရှိသည်ကို ရာသီဥတုသတင်းထုတ်ပြန်ချက်များအရ တွေ့ရှိကြပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် မိုခါမုန်တိုင်းတိုက်ခတ်မှု ဖြစ်စဉ်အပေါ် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင် လမ်းညွှန်မှု၊ ဝန်ကြီးဌာနများ အဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှုများ အရေးပေါ် တုန့်ပြန်ရေးဆောင်ရွက်ချက် များနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက် များအား ဝန်ထမ်းအားလုံးမှ သက်ဆိုင်ရာကဏ္ဍ အလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ သည့်အတွက် မိုခါမုန်တိုင်းအန္တရာယ်ကို အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို မည်သူမျှတားဆီး၍ မရသည့်အတွက် မိုခါမုန်တိုင်းအပါအဝင် ယခင် ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ် များ၏ အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုန့်ပြန်ခြင်းနှင့် ပြန်လည်ထူထောင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စီမံချက်များ အစီအမံများ ရေးဆွဲထားဖို့ မှာကြားလိုပါကြောင်း၊ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကော်မတီသို့ ပေးပို့တင်ပြသည့်အခါ လူ၊ ပစ္စည်း၊ စနစ် စသည့် ကြိုတင်ပြင်ဆင်မှုများကို ထည့်သွင်း တင်ပြသွားရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ ကချင်ပြည်နယ်တွင် ထူးကဲ မိုးများရွာသွန်းခဲ့ပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဧရာဝတီမြစ်ရေ တိုးလာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ် ခဲ့ပါကြောင်း၊ ဇူလိုင်လမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများကြီးမြင့်လာပြီး ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ရေကြီးနစ်မြုပ်ခဲ့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အချို့ဒေသ များတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယခုလို သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ဧရိယာတွေမှာ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ရေသန့် စင်စက်များဖြင့် ရေဖြန့်ဝေခြင်း၊ ရေသန့်ဆေးပြားများ ဆေးထုပ်များ ဖြန့်ဝေခြင်း၊ ကလိုရင်း ဆေးခတ်ခြင်း စသည့်လုပ်ငန်းများအပြင် ကော်မတီဝင်အခြားဌာနများမှလည်း သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများအား တတ်နိုင်သမျှဆောင်ရွက်ပေးနေတာ တွေ့ရ ပါကြောင်း၊ ဒါ့အပြင် အဆိုပါဒေသများတွင် သဘာဝဘေး အလွန်ကာလမှာ လိုအပ်သည်များ ဆောင်ရွက်ပေးရန် လိုအပ် မှာဖြစ်ပါကြောင်း လက်ရှိသဘာဝဘေးဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ်သည့် ဒေသများအတွက် အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင် ရွက်ရာတွင် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများအတွက် သီးနှံမျိုးစေ့များနှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန် ရောဂါ ကာကွယ်ဆေးဝါး၊ တိရစ္ဆာန်အစာ ထောက်ပံ့ပေးနိုင်မှု၊ ငါး၊ပုစွန် သားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်းများအတွက် ရေသန့်စင်စနစ် ဆောင်ရွက်မှု၊ တွင်းဆေး တွင်းမှုတ်ခြင်း၊ ကလိုရင်း ဆေးခတ်ခြင်း၊ ရေသန့် ဆေးပြားများပေးဝေခဲ့မှုနှင့် သောက်သုံးရေဖြန့်ဝေ ပေးနိုင်မှုများ၊ စားရေရိက္ခာအတွက် အရန်ဆန် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်မှု၊ ကူညီကယ်ဆယ် ထောက်ပံ့ပေးခဲ့မှု အခြေအနေများနှင့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများ နှင့်ပတ်သက်၍ ရေတို၊ ရေရှည်ဆောင်ရွက် ပေးမည့် အစီအစဉ်များကို ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးစေလိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး ကျရောက်နိုင်သည့် အတွက် ဦးစီးဌာန အလိုက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ လူ၊ပစ္စည်း၊စနစ် အရေးပေါ် တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြား ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနမှ ဖွင့်လှစ်ပို့ချလျက်ရှိသည့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွေအပေါ်မှာ Third Party အဖွဲ့ နှစ်ဖွဲ့နှင့် စစ်တမ်းကောက် ယူခဲ့ပါကြောင်း၊ စစ်တမ်းများအရ တွေ့ရှိသုံးသပ်အကြံပြုချက် များအပေါ်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းလွင်နှင့် ကော်မတီဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဌာနအလိုက် မိုခါမုန်တိုင်းကျရောက်မှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လက်ရှိဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ လျာထားနိုင်မှု၊ ရေရှားပါး ကျေးရွာများအတွက် ရေဖြန့်ဝေပေးနိုင်မှု၊ လတ်တလော ဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ်ဒေသများတွင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကော်မတီဝင်ဌာနများမှ သဘာဝဘေးမကျရောက်မီ ကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများ၊ ရေကြီးနစ်မြုပ်ဒေသများတွင် ထိခိုက်ပျက်စီးမှု ကွင်းဆင်းစစ်ဆေးဆောင် ရွက်ထားမှု အခြေ အနေများ၊ အရန်မျိုးစပါး စုဆောင်းထားရှိမှု၊ ကြိုတင်ပျိုးထောင်ထားရှိမှု၊ အစားထိုး သီးနှံစိုက်ပျိုးရန် လျာထားမှု၊ တိရိစ္ဆာန်ကာကွယ်ဆေးထိုးမည့် အစီအစဉ်များ၊ ပညာပေး ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြီးဆုံးပါက မတည်ရင်းနှီးဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ပေးရန်၊ မိုးစပါးများ အောင်မြင်ရေး၊ ပျက်စီး သွားသော လယ်မြေများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးနှင့် သွင်းအားစု များ ပံ့ပိုးနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီး လုပ်ငန်းများအား ပြန်လည် သုံးသပ်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။