ခန့်ဇော်(ကျေးလက်)
ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ရေးဆွဲအတည်ပြုခဲ့ပြီး အကောင် အထည်ဖော်ဆောင်ရွက်ရန် ကုန်ကျစရိတ်ပါဝင်သည့် Costed Plan ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၆-၂၀၃၀)ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ယခု သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEFတို့ပူးပေါင်း၍ အပိုင်း (၃)ပိုင်းခွဲပြီး လျာထားခဲ့ ပါသည်။ အပိုင်း (၁)အနေဖြင့် (၂၀၁၇-၂၀၁၈) ခုနှစ်ကို အပြောင်းအလဲ ဆောင်ရွက်သည့်ကာလ၊ အပိုင်း (၂)အနေဖြင့် (၂၀၁၉-၂၀၂၃) ခုနှစ်သည် တိုးမြှင့်ဆောင်ရွက်သည့်ကာလနှင့် အပိုင်း(၃) အနေဖြင့် (၂၀၂၃-၂၀၃၀)ပြည့်နှစ်သည် အပြီးသတ်ဆောင်ရွက်မည့်ကာလဟူ၍ ရေးဆွဲသတ်မှတ်ခဲ့သည်။
မဟာဗျူဟာအကောင်အထည်ဖော်ခြင်း
မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ (၇)နှစ်ရှိခဲ့ပြီဖြစ်၍ မျှော်မှန်းချက် အပေါ် အကောင်အထည်ဖော်နိုင်ခဲ့မှုအခြေအနေကို သိရှိရန်လိုအပ်သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ သုံးသပ်တင်ပြရန် လမ်းညွှန်ချက်ပြုခဲ့ပါသည်။ သုံးသပ်ချက်များ ပြုလုပ်ရာတွင် ရေပေးရေးကဏ္ဍတစ်ခုတည်းကိုသာ အဓိက ဦးတည်ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်းအရ ရေရရှိမှု၊ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ ရေရရှိမှုနှင့် ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်တို့အပေါ် အောက်ဖော်ပြပါအတိုင်း သုံးသပ်တွေ့ရှိရပါသည်-
၂၀၁၉ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ (၈၁.၆) ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသော(အနိမ့်ဆုံး) သောက်သုံးရေ၀န်ဆောင်မှုမှရေကို သောက်ရေအဖြစ် ရရှိအသုံးပြု နေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် အိမ်ထောင်စုအားလုံး၏ (၄၁.၄) ရာခိုင်နှုန်းသည် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ၀န်ဆောင်မှုမှ ရရှိသောရေကိုသောက်ရေအဖြစ် အသုံးပြု ကြကြောင်း တွေ့ရှိရပါသည်။ သန့်ရှင်း၍ဘေးကင်းသောသောက်သုံးရေ၀န်ဆောင်မှု ဆိုသည်မှာ ကောင်းမွန်သော ရေအရင်းအမြစ်များမှ သောက်သုံးရေရရှိ သောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်း အမြစ်များ သည် မိမိအိမ်၀င်းအတွင်းတည်ရှိပြီးလိုအပ်သည့် အချိန်တိုင်း ရေရသည့်အပြင် အီးကိုလိုင်းပိုးမွား ကင်းစင် ရပါမည်။ အိမ်ထောင်စုအားလုံး၏ (၄၀.၃) ရာခိုင်နှုန်းသည် အခြေခံစနစ်ရှိသောသောက်သုံးရေ ၀န်ဆောင်မှုမှရရှိသောရေကို သောက်ရေအဖြစ်အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အခြေခံ စနစ်ရှိသောသောက်သုံးရေ ၀န်ဆောင်မှုဆိုသည်မှာ ကောင်းမွန်သောရေအရင်းအမြစ်များမှ သောက်သုံးရေရရှိသောက်သုံးခြင်းဖြစ်ပြီး ထိုရေအရင်းအမြစ်များသို့ ရေသွားရောက်ခပ်ယူရန် အတွက် မိနစ် (၃၀)အောက်သာ ကြာမြင့်ပါသည်။ အထက်ဖော်ပြပါ ဘေးကင်းသောသောက်သုံးရေ ၀န်ဆောင်မှု(Safely Managed) နှင့် အခြေခံစနစ်ရှိသောသောက်သုံးရေ၀န်ဆောင်မှု(Basic Service) အား ၂၀၃၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရရှိသုံးစွဲနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျေးလက်ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးမဟာဗျူဟာအား ရေးဆွဲပြုစု အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။
ကျေးလက်ဒေသများရေရရှိရေး၊ကျန်းမာသန့်ရှင်းရေးနှင့်၊တစ်ကိုယ်ရည်သန့်ရှင်းရေး မဟာဗျူဟာ(၂၀၁၅-၂၀၃၀)အရ ၂၀၃၀ပြည့်နှစ်တွင်သန့်ရှင်းသောသောက်သုံးရေနှင့် အခြေခံ သောက်သုံး ရေဝန်ဆောင်မှုရရှိရန် မဟာဗျူဟာရည်မှန်းချက်အနေဖြင့်-
(က) ၂၀၁၅ ခုနှစ်တွင် ၆၁%
( ခ ) ၂၀၂၀ ခုနှစ်တွင် ၇၀%
( ဂ ) ၂၀၂၅ ခုနှစ်တွင် ၈၅%
(ဃ) ၂၀၃၀ပြည့်နှစ်တွင် ၁၀၀%ပြည့်မီအောင်ဆောင်ရွက်သွားရန် မျှော်မှန်းလျာထားခဲ့ခြင်း ဖြစ်ပါသည်။
ကျေးလက်ရေရရှိရေး ဘက်စုံစီမံကိန်းအသွင်
ကျေးလက်ရေရရှိရေးကို ဘက်စုံစီမံကိန်းအသွင်ဖြင့် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေရရှိမှုနှင့် စီမံကိန်းလုပ်ငန်းများမှ ရန်ပုံငွေထည့်ဝင်မှုများရှိပါသည်။ နိုင်ငံတော်မှ (၂၀၁၉-၂၀၂၀) ပြည့်နှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အထိ (၅)နှစ်တာကာလအတွင်း ခွင့်ပြုရန်ပုံငွေ အနေဖြင့် ကျပ် (၂၄၆.၈) ဘီလီယံ၊ စီမံကိန်းလုပ်ငန်းများဖြစ်သည့် UNICEF၏ ထောက်ပံ့ရေးရန်ပုံငွေ၊ Central Dry Zone Project၊ Eastern State Agribusiness Project၊ Western State Agribusiness Project၊ အလှူ ရှင်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ Village Development Plan Project၊ Mekong-Lancang Cooperation Special Fund Project တို့မှ (၂၀၁၉-၂၀၂၀)ပြည့်နှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အထိ (၅)နှစ်တာကာလအတွင်း ထည့်ဝင်သည့် ရန်ပုံငွေကျပ် (၃.၁) ဘီလီယံခန့် ရရှိခဲ့ပါသည်။ ထို့ကြောင့် ကျေးလက်ရေရရှိရေးကဏ္ဍတွင် ဘက်စုံစီမံကိန်းအသွင်ဖြင့် ရန်ပုံငွေရရှိ/ ထည့်ဝင်မှုများအရ နှစ်စဉ်ပျမ်းမျှကျပ်(၅၅.၅)ဘီလီယံခန့် အသုံးပြုဆောင်ရွက်လျက်ရှိပြီး ရေပေးရေး လုပ်ငန်းဘတ်ဂျက် တစ်ခုတည်းဖြင့်ဆိုပါက ရည်မှန်းချက် ပြည့်မီရန် ခက်ခဲကြောင်းတွေ့ရှိရပါသည်။
ကျေးလက်ရေရရှိရေး လွှမ်းခြုံမှုအခြေအနေှ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် RWS-MIS Rural ှWater Supply, Monitoring and Informatics System စနစ်ဖြင့် မြေပြင်တွင် ရေရရှိရေးအခြေအနေ၊ ရေလိုအပ်ချက် အခြေအနေများကို နှစ်စဉ်ပုံမှန်ကောက်ယူလျက်ရှိသည့်အပြင် ဆောင်ရွက်လျက် ရှိသော ဖွံ့ဖြိုးရေး စီမံကိန်းများအတွက်လည်း ကျွဲကူးရေပါဖြစ်စေရန် ကျေးရွာများသို့ရောက်တိုင်း ရေရရှိမှုအခြေအနေ များကို ပုံမှန်မှတ်တမ်းပြုကောက်ယူဆောင်ရွက်လျက်ရှိပါသည်။ ကောက်ယူရရှိသော အချက်အလက် များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေလွှမ်းခြုံမှုအခြေအနေမှာ (၈၉ %) ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့် စောင့်ကြည့်ချိန်ညှိကြည့်ရမည် ဖြစ်ပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စနစ်အလိုက် လွှမ်းခြုံမှုအနေဖြင့်-
အများသုံးရေတိုင် ရေပိုက်လိုင်းစနစ် - ၁၈ ရာခိုင်နှုန်း
အဝီစိစက်ရေတွင်းစနစ် - ၃၂ ရာခိုင်နှုန်း
အခြားအဆင့်မြှင့် ရေပင်ရင်းများ - ၃၉ ရာခိုင်နှုန်း
စုစုပေါင်း - ၈၉ ရာခိုင်နှုန်း
Share of the population with access to safety managed drinking water in East and Southeast Asia in 2022, by country or territory အချက်အလက်များအရ အရှေ့နှင့် အရှေ့တောင် အာရှနိုင်ငံများ၏ (၂၀၂၂) ခုနှစ် စစ်တမ်းတွင် မြန်မာနိုင်ငံရဲ့ သန့်ရှင်းသောသောက်သုံးရေ ှဝန်ဆောင်မှုရရှိမှုအခြေအနေ (Safely Managed Drinking Water Service)- သန့်ရှင်းသော သောက်သုံးရေဝန်ဆောင်မှုရရှိသည့်လူဦးရေသည် ကျေးလက်နှင့်မြို့ပြအပါအဝင် စုစူပေါင်း လူဦးရေ ရဲ့(၅၇)ရာခိုင်နှုန်းဖြင့် အဆင့်(၉)တွင်ရှိကြောင်း လေ့လာတွေ့ရှိရပြီး အခြေခံသောက်သုံးရေ ဝန်ဆောင်မှုရရှိသည့်အခြေအနေကိုမူထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
မဟာဗျူဟာကို အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်မှုအရ အောက်ပါအတိုင်း သုံးသပ်တွေ့ရှိရပါသည်-
၁။ ၂၀၃၀ ပြည့်နှစ်တွင် (၁၀၀) ရာခိုင်နှုန်း လွှမ်းခြုံရန်အတွက်ဆိုလျှင် နှစ်စဉ်ရန်ပုံငွေ (၁၀၀)ဘီလီယံခန့် လိုအပ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ ဘတ်ဂျက် လျာထား နိုင်မည်ဖြစ်လို့ ပြည်သူအားလုံး ငြိမ်းချမ်းရေးအတွက် စဉ်းစားရပါမည်။
၂။ နိုင်ငံတော်ဘတ်ဂျက်၊ ပြည်တွင်းအလှူရှင်များ၊ ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။
၃။ လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှု မရှိလျှင် မဆောင်ရွက်နိုင်ပါ။ ပြည်သူများ/ အဖွဲ့အစည်းများ အားလုံး နားလည်သိရှိရန်လည်း လိုအပ်ပါသည်။ “Water For All” ရေသည် လူသားအားလုံးအတွက် ဖြစ်ပါသည်။
၄။ ရေအရင်းအမြစ်များထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဦးစီးဌာနများ၊ ပြည်သူများနှင့် အတူ အသိပညာပေးခြင်းနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ တိုးချဲ့ လုပ်ဆောင်ရန် လိုအပ်ပါသည်။
၅။ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသည်။
၆။ ဒီဇယ်၊ လျှပ်စစ်မီး ရရှိမှုသည် ကန့်သတ်ချက်ဖြစ်၍ ဆိုလာစနစ် အပါအဝင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို အသုံးချပြီး လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်ပါသည်။
၇။ ရေကော်မတီမှ ကိုယ်အားကိုယ်ကိုးပြီး ရေဖိုးရေခစနစ် ကောက်ခံပြီး စဉ်ဆက်မပြတ် ပြင်ဆင်ထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။
၈။ အရေးပေါ်သဘာဝဘေးကာလ ကြုံကြိုက်လာပါက လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင် ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက်လည်း အစီအမံများ ရေးဆွဲထားရှိရန်လည်း လိုအပ်ပါသည်။
၉။ ရေကိုတန်ဖိုးထားတတ်ရန်နှင့် ရေချွေတာရေးကိုလည်း စဉ်ဆက်မပြတ် အသိပညာ ပေးရန် လိုအပ်ပါသည်။
မျှော်မှန်းချက် ပြည့်မီရေး တွေ့ရှိရသည့်စိန်ခေါ်မှုများ
နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ဒေသဖွံ့ဖြိုးရေးပြုလုပ်နိုင်မည်ဖြစ်ခြင်း၊ ရာသီ ဥတုပြောင်းလဲမှုများကြောင့် မမျှော်မှန်းနိုင်သည့်သဘာဝဘေးအန္တရာယ်များ ကျရောက်တတ်ခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘတ်ဂျက်ခွဲဝေရရှိမှုကန့်သတ်ချက်ရှိခြင်းတို့သည် အဓိကကြုံတွေ့ရသည့် စိန်ခေါ်မှုများဖြစ်ပါသည်။
ကျေးရွာအဆင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်
ရေနှင့်ကျန်းမာသန့်ရှင်းမှုအကြောင်းပြောလျှင် အမှိုက်စနစ်ကိုချန်လှပ်ထား၍ မရနိုင်ပေ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဖွံ့ဖြိုး ရေးလုပ်ငန်းဆောင်ရွက်သောကျေးရွာများတွင် အသိပညာပေးစည်းရုံးပြီး စံပြကျေးရွာများတွင် မဖြစ် မနေ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းသိမ်းရန်အတွက် အမှိုက်စီမံခန့်ခွဲမှုစနစ်၊ အမှိုက်သိမ်း စနစ် များကို စနစ်တကျ ထည့်သွင်းဆောင်ရွက် ပေးလျက်ရှိပါသည်။ စံပြကျေးရွာမဟုတ်သော ကျေးရွာ များတွင်လည်း ၎င်းတို့၏ စိတ်အားထက်သန်မှု၊ အများအကျိုး ဆောင်ရွက်လိုသူများကို ကော်မတီမှ ဦးဆောင်စေပြီး လူငယ်များ၊ ကျောင်းသား/သူများအပါအဝင် အပတ်စဉ်/နေ့စဉ် ပုံမှန်အမှိုက်သိမ်း သည့်စနစ်ကို ဆောင်ရွက်စေလျက်ရှိရာ ကျေးရွာပေါင်း(၆,၄၅၁)ရွာအထိပုံမှန်အမှိုက်သိမ်းစနစ် ရှိနေ ပြီ ဖြစ်ပေသည်။ ဆောင်ရွက်နိုင်မှုကို ဦးစီးဌာနမှ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ဆုပေးပြီး အသိ အမှတ်ပြုနေသလို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အကောင်းဆုံးဆုရ ကျေးရွာများကို ဆုပေးလျက်ရှိပါသည်။
ရေသည်နိုင်ငံအရေး
စာရေးသူအနေဖြင့် မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ရှိသော သောက်သုံးရေရရှိရေးနှင့် ပေါင်းစပ် တာဝန်ရှိသော စိုက်ပျိုးရေ ရရှိရေးတွေကို ဆောင်ရွက်ရင်း ရေအရင်းအမြစ်၊ ရေကဏ္ဍကျယ်ပြန်မှုနှင့် ရေအရေးပါပုံ၊ ရေအရေးကြီးပုံတွေကို စဉ်းစားမိတာက ရေသည် စွမ်းအင်၊ ရေနှင့် စွမ်းအင်သည် နိုင်ငံ့ အရေး၊ နိုင်ငံသားများ၏အရေး၊ ရေနိုင်ငံရေးအဖြစ် တွေ့မြင်သုံးသပ်မိပါသည်။ ရေသည် ပြည်သူ့ ကျန်းမာရေး၊ စိုက်ပျိုးရေး၊စက်မှုလုပ်ငန်းနှင့် နိုင်ငံတော်လုံခြုံရေးအပါအဝင် နိုင်ငံတစ်နိုင်ငံ၏ သာယာ ဝပြောရေးကဏ္ဍများစွာနှင့် ဆက်စပ်နေသောကြောင့် ရေသည် အရေးကြီးသော အမျိုးသားရေးကိစ္စ လည်း ဖြစ်ပါသည်။ ထို့အပြင် ရေသည် စွမ်းအင်ထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တို့တွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ဤသို့ တွေ့ရှိရပါသည်-
(က) ရေအားလျှပ်စစ် ထုတ်လုပ်မှု၊
( ခ ) အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊
( ဂ ) ဇီဝစွမ်းအင်ထုတ်လုပ်ခြင်း၊
(ဃ) ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊
( င ) ဘူမိအပူပေးစွမ်းအင်၊
( စ ) လှိုင်းနှင့် ဒီရေစွမ်းအင်ထုတ်လုပ်မှုတို့တွင် ရေသည် များစွာအရေးပါပြီး ရေနှင့် စွမ်းအင် အရင်းအမြစ် (၂)ခုလုံးကို ရေရှည်တည်တံ့ပြီး အကျိုးရှိစွာ အသုံးပြုနိုင်မှုသေချာစေရန်မှာ ပေါင်းစပ်စီမံ ခန့်ခွဲမှုဗျူဟာများ၏အရေးပါမှုကို မီးမောင်းထိုးပြနေသည့်အချက်ပင်ဖြစ်သည်။ ယခု ခေတ်အခါတွင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကြီးမားလာမှုနှင့်အမျှ တစ်ဖက်တွင်လည်း ရာသီဥတု ဖောက်ပြန်၍ ရေရရှိ နိုင်မှုအပေါ်သက်ရောက်မှုများရှိလာခြင်းကြောင့် ရေနှင့် စွမ်းအင်တို့ကြား အချိုး ညီမျှစွာ အသုံးချနိုင်ရန် အမျိုးသားစီမံကိန်းနှင့် မူဝါဒများချမှတ်ခြင်းသည် ပိုမိုအရေးပါလာခဲ့သည်။ ထိုမှတစ်ဖန် စွမ်းအင်နှင့်လျှပ်စစ်သည် ရေကဲ့သို့ပင် နိုင်ငံ့အရေး၊ နိုင်ငံရေးတို့နှင့် နက်ရှိုင်းစွာ ဆက်စပ် နေသည်ကို တွေ့ရှိရပေသည်။
လျှပ်စစ်စွမ်းအင်သည် နိုင်ငံ့အရေး
စွမ်းအင်ဆိုင်ရာမူဝါဒနှင့် စည်းမျဉ်း။ ။ နိုင်ငံတော်အစိုးရသည် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ခြင်းနှင့် သုံးစွဲခြင်းတို့အတွက် မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးလျက်ရှိပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော စွမ်းအင်များနှင့်ပတ်သက်၍ ထောက်ပံ့ကြေး နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ စည်းမျဉ်းများသည် နိုင်ငံရေးအခင်းအကျင်းအပေါ် သိသိသာသာ သက်ရောက်လွှမ်းမိုးမှုရှိပါသည်။
အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု။ ။ ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက် ခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်လျက်ရှိပြီး နိုင်ငံတော်ဘတ်ဂျက်လိုအပ်ချက် နှင့် ဖြည့်ဆည်းပေးနိုင်မှုအပေါ်မူတည်၍ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ရန်ပုံငွေပါဝင်ရင်းနှီးမြှုပ်နှံမှု သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။
စွမ်းအင်လုံခြုံရေး။ ။ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိရေးသည် နိုင်ငံ၏အမျိုးသားလုံခြုံရေး အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးတင်းမာမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ ဈေးကွက်အတက်အကျများနှင့်ဆက်စပ်နေမှုများစသည်တို့ကို လျော့ပါးစေရန် မတူ ကွဲပြားသည့် စွမ်းအင်အရင်းအမြစ်များ သုံးစွဲနိုင်ရန်၊ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် နိုင်ငံအများစု ဦးစားပေး လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။
စီးပွားရေးအကျိုးသက်ရောက်မှု။ ။ လျှပ်စစ်ဓာတ်အားသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် အရေးပါပြီး အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူနေမှုအဆင့်အတန်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုအရေးကိစ္စများ။ ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့ချရန်အတွက် နိုင်ငံတကာတွင် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချခြင်း၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။
လူမှုအဆင့်အတန်းသာတူညီမျှရှိမှု။ ။ စွမ်းအင်လိုအပ်ချက်ကို လျှော့ချရန် ရည်ရွယ်သည့် အစီ အစဉ်များ နိုင်ငံတိုင်းတွင်ရှိပြီး နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို လူတန်းစားအစုံ မျှမျှတတ ရရှိစေရေးသည် အဓိကကျသည့်နိုင်ငံရေးရည်မှန်းချက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပေသည်။
ကမ္ဘာ့နိုင်ငံရေး။ ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်များနှင့် နပ်စပ်ဖြတ်ကျော် စွမ်းအင်ကုန်သွယ်မှုကဲ့သို့သော နိုင်ငံတကာသဘောတူညီချက်များနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များတွင် ရှုပ်ထွေးသော နိုင်ငံရေးညှိနှိုင်းမှုများပါဝင်နေပြီး နိုင်ငံအနေဖြင့် အမျိုးသား အကျိုးစီးပွားကို ရှေးရှု၍ ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များနှင့် ဟန်ချက်ညီမျှမှုရှိစေရေး ချိန်ညှိရန် လိုအပ်ပါသည်။
ပြည်သူလူထု၏သဘောထားနှင့် ရွေးကောက်ပွဲများ။ ။ စွမ်းအင်မူဝါဒများသည် ရွေးကောက်ပွဲများ တွင် အရေးပါသောကိစ္စရပ်တစ်ခုဖြစ်နိုင်ပြီး ပါတီကိုယ်စားလှယ်များသည် လျှပ်စစ်ဓာတ်အားခ၊ ဓာတ်အားရရှိမှုစသော စွမ်းအင်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးမည်ဟု ကတိပြုရင်း မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လေ့ရှိကြပါသည်။ လျှပ်စစ်ဓာတ်အားသည် ခေတ်သစ်လူနေမှုဘဝတွင် မရှိ မဖြစ် အရေးပါသောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုဆိုင်ရာမူဝါဒများသည် လူ့အဖွဲ့ အစည်းနှင့် စီးပွားရေးအတွက် ကြီးမားသောသက်ရောက်မှုများဖြစ်ပေသည်။
ရေသည် စွမ်းအင်အတွက် အရေးကြီးလိုအပ်ပြီး၊ လျှပ်စစ်မီးဟာလည်း နေ့စဉ်လူနေမှုဘဝ၊ စားဝတ်နေရေးတို့အတွက် မရှိမဖြစ်လိုအပ်သလို၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အလွန်ပဲ အရေးကြီးပါသည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအင်ကို နိုင်ငံအတွက် လုံလောက်အောင် ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး နည်းလမ်းမျိုးစုံသုံး၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် မူဝါဒများချမှတ်စီမံရမည် ဖြစ်သကဲ့သို့ တာဝန်ရှိသည့်ဌာနများအား လုပ် ဆောင်နိုင်ရေး တွန်းအားပေး၍ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးရပါမည်။ အသစ်တည်ဆောက်နိုင်ဖို့ အဟောင်းဖျက်ဆီးနေတာတွေကို ရပ်သင့်ပါပြီ။ လုပ်နိုင်ရန်လည်း ရန်ပုံငွေရှိရပါမည်။ ရန်ပုံငွေရှိဖို့ ပြည်သူများကလည်း လျှပ်စစ်မီတာခတွေ မပျက်မကွက် ပေးဆောင်ကြရန်လိုအပ်ပါသည်။ လိုအပ် သည့်ရန်ပုံငွေရရှိဖို့ စီးပွားရေးကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ပြီး စီးပွားရေးကောင်းဖို့ နိုင်ငံ တည်ငြိမ်အေးချမ်းရန်လည်းလိုအပ်ပါသည်။ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေးရန် လိုအပ် သည့်အပြင် ကုန်ကျငွေကာမိစေသည့် တန်ရာတန်ကြေးဖြစ်မည့် အခွန်အခနှုန်းထားများ ဖြစ်ရန်နှင့် အမှန်ပေးဆောင်ရန်လည်း လိုအပ်ပါသည်။ လျှပ်စစ်မီတာခကို မိမိတို့နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြားနှိုင်းယှဉ်ကြည့်ပါက မိမိတို့နိုင်ငံက များစွာသက်သာနေသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့် နိုင်ငံတကာနှင့်လိုက်လျောညီထွေဖြစ်ပြီး ခေတ်ကာလနှင့်လျော်ညီသော သင့်တင့် သည့်နှုန်းထားတစ်ရပ်ကို ပြင်ဆင်ရန် လိုအပ်ပါသည်။ သို့မှသာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ် နိုင်ပေမည်။ ကန့်ကွက်သူများလည်း ရှိနိုင်ပါသည်။ သို့ရာတွင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင် ရန် လိုအပ်ပြီး လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြရန် လိုအပ်ပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း များတွင် သုံးစွဲရန်နှင့် ပြည်တွင်းအတွက် ဖူလုံမှုရှိရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ထုတ်ကုန်များများထုတ်လုပ်တင်ပို့နိုင်ငံမှသာ နိုင်ငံ့စီးပွားတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုလုပ်ငန်းများ အသစ်တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းများအတွက် ရန်ပုံငွေ ရရှိဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။
ဆောင်ရွက်သင့်သည်များကို မလုပ်ဆောင်ပါက တာဝန်မကျေပွန်ရာ ရောက်မည်ဖြစ်သကဲ့သို့ အဟောင်းတွေလည်းမပြုပြင်နိုင်၊ အသစ်တွေလည်းမတည်ဆောက်နိုင်ဖြစ်ပြီး အမှောင်ထဲတွင် ထိုင်နေကြရပေလိမ့်မည်။ ထို့အပြင် လည်ပတ်နေသည့်စက်ရုံတွေလည်း ရပ်တံ့ကုန်လိမ့်မည်။ စက်ရုံ တွေ ရပ်တန့်သွားပါကအလုပ်လက်မဲ့တွေများလာမည်ဖြစ်ပါသည်။ နိုင်ငံ့အရေးဖြစ်သည့်အတွက် နိုင်ငံရေးကို အသုံးချကန့်ကွက်ဆန့်ကျင်သူများကို အလေးမထားဘဲ ပြည်သူများ သိရှိနားလည် လက်ခံလာစေရန် ရှင်းပြအသိပညာပေးရပါမည်။ ကဏ္ဍတစ်ခုနှင့် တစ်ခု၏ ချိတ်ဆက်မှု၊ ဆက်စပ် ဖြစ်တည်မှုကို နားလည်သဘောပေါက်အောင် ရှင်းပြပြီး လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန် အားပေးလုပ်ဆောင်ကြရပါမည်။
“ရေအသက် တစ်မနက်” ဟူ၍ ရေသည် ကျန်းမာရေးအတွက် အရေးကြီးကြောင်းကို တင်စား ပြောဆိုကြပေသည်။ သန့်ရှင်းသော သောက်သုံးရေရရှိဖို့ စီမံဆောင်ရွက်ကြရမှာဖြစ်ပါသည်။ ရေဖူလုံ မှု မရှိခြင်းနှင့် လျှပ်စစ်မီးမရရှိခြင်းများသည်လည်း ဆင်းရဲခြင်း တစ်မျိုးဖြစ်ပေသည်။ ကျွန်တော်တို့ ဘာကြောင့် ဆင်းရဲသလဲ အဖြေရှာကြည့်မည်ဆိုပါက စီးပွားရေး မကောင်းလို့၊ စီးပွားရေးလုပ်ကိုင်ရန် ငြိမ်းချမ်းမှုမရှိလို့၊ လျှပ်စစ်မီး လုံလောက်မှုမရှိလို့၊ ထုတ်ကုန်ထုတ်လုပ်တင်ပို့နိုင်မှုနည်းပါးလို့၊ စည်း လုံးညီညွတ်မှုမရှိလို့၊ နိုင်ငံရေးမတည်ငြိမ်လို့ စတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်။ အခြေခံ အဆောက်အဦများ ဖျက်ဆီးတာတွေကို အားမပေးကြပါနဲ့။ တားဆီးပေးကြပါ။ ဝိုင်းဝန်းထိန်းသိမ်း ပေးကြပါ။ မတားဆီးနိုင်ပါက ရှေ့တိုးနိုင်မည်မဟုတ်ပါ။ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်များ ပြည့်မီ ရေးကြိုးစား ဆောင်ရွက်ရာတွင် ဒေသများ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသအားလုံး တည်ငြိမ်အေးချမ်းရေးအတွက် အဖွဲ့အစည်း အားလုံး၊ ပြည်သူအားလုံးတို့က သတိ၊ ဉာဏ်ပညာနှင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း...... ။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။