စိုးထွန်းနိုင် (ပန်းတနော်)
နိုင်ငံတော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အအုံများတွင် လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူဖြစ်စေ သည့်လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်းသည် အရေးကြီးပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားစေရန် အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အလေးထားစဉ်းစားသည့် ကဏ္ဍတစ်ရပ်လည်းဖြစ်သည်။ ထို့အတူ ဒေသခံပြည်သူများ၏ လိုလားချက်လည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်းတွင် မြို့ပြ၌ နေထိုင်သူ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်ဒေသများတွင် နေထိုင်သူဦးရေမှာ ၇၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ ထိုသို့ လူနေများပြားသည့် ကျေးလက်ဒေသများတွင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို စီမံကိန်းများချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး အခြေခံအဆောက်အအုံများ လိုအပ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း မရှိမဖြစ် အချက်တစ်ချက်ဖြစ်ပါသည်။
ကျေးလက်ဒေသများတွင် တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာရန်နှင့် ကုန်စည်စီးဆင်းရန်အတွက် ကျေးလက်လမ်းများကို အဓိကအားထား၍ အသုံးပြုလျက် ရှိပါသည်။ ကျေးလက်လမ်းများသည် ရှေးယခင်ကတည်းက နိုင်ငံအတွက်အရေးပါသည့် အခန်းကဏ္ဍတွင်ရှိခဲ့ပြီး ကျေးလက်လမ်းနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ခန့်မှ စတင်ကာ မြူနီစပယ်အဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် စတင်သန္ဓေတည်ခဲ့သည်။ ထိုမှတစ်ဆင့် ကျေးလက်လမ်းနှင့်ပတ်သက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို အဆင့်ဆင့် ဖွဲ့စည်းခဲ့ကာ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဆက်ဆက်က အစဉ်တစိုက် ဆောင်ရွက်လာခဲ့ပါသည်။
ကျေးလက်လမ်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာခြင်းဖြင့် ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိ လာစေပါသည်။ ထို့အတူ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စအဝဝအတွက်လည်း လျင်မြန်လွယ်ကူစွာ ဆက်သွယ်သွားလာဆောင်ရွက်နိုင်ပေသည်။ ထိုကြောင့်ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ မည်ဖြစ်ပါ သည်။
ကျေးလက်လမ်းအမျိုးအစားများ
ကျေးလက်လမ်းများကို အမျိုးအစား သုံးမျိုး ခွဲခြားနိုင်ပြီး အဆင့်(က) အမျိုးအစားလမ်းများသည် များပြားသော လူဦးရေအတွက် ဝန်ဆောင်မှုပေးရခြင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သောချိတ်ဆက်မှုကို ပံ့ပိုးခြင်း၊ ကျေးရွာအုပ်စုများအတွင်းတွင် ပံ့ပိုးထားသော ဝန်ဆောင်မှုနှင့် အဆောက်အအုံများအတွက် အရေး ပါသောကြောင့် အဆင့်(က) အမျိုးအစား ကျေးလက်လမ်းများအတွက် မြင့်မားသည့်စံနှုန်းနှင့် သတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆင့် (ခ) အမျိုးအစား တွင်မူ ကျေးရွာများကို ချိတ်ဆက်ပေးထားပြီး လူဦးရေ ၁၀၀၀ အောက်ကို ဝန်ဆောင်မှုပေးနေသည့် ကျေးလက်လမ်းများ ပါဝင်ပါသည်။
ပိုမိုသေးငယ်သည့် ရွာများ၊ လူဦးရေပိုနည်းသည့် ရွာများကို ဝန်ဆောင်မှုပေးပြီး အဆင့်(က) အမျိုးအစားထက်စံနှုန်းနှင့် သတ်မှတ်ချက်ပိုနိမ့်သော်လည်း ရာသီမရွေး သွားလာနိုင်သည့် လမ်းများအဖြစ်ဖောက်လုပ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပါသည်။ အဆင့်(ဂ) အမျိုးအစားလမ်းများတွင် အဓိက ကျေးရွာချင်းဆက်လမ်းများအဖြစ် သတ်မှတ်ထား ခြင်းမရှိဘဲ ကျေးရွာတစ်ခုအတွက် အဓိကချိတ်ဆက်မှုအဖြစ် ဝန်ဆောင်မှုမပေးသော အခြားကျေးလက်လမ်းများ အားလုံးပါဝင်ပြီး အဆိုပါလမ်းများကို ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် မြှင့်တင်မှုစာရင်းတွင် ဦးစားပေးအဆင့်၌ မပါဝင်ပါ။
မဟာဗျူဟာရေးဆွဲဆောင်ရွက်
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများရရှိလာစေရန်အတွက် ကျေးလက်ဒေသရှိ လမ်းများကို အဆင့် မြှင့်တင်ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ရာသီမရွေးသွားလာနိုင်ခြင်းမရှိသည့် ကျေးလက်လမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး ဝန်ဆောင်မှုများ၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ၊ ဝန်ဆောင်မှုများနှင့် အခြားကန့်သတ်မှုများအပေါ် အကျိုးသက်ရောက်မှုရှိစေရန်အတွက် မဟာဗျူဟာရေး ဆွဲဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာအရ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ဖြစ်သည့် မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာများကို ရာသီမရွေးဆက်သွယ် သွားလာနိုင်မှု ပံ့ပိုးပေးရန် ရည်မှန်းထားရှိပြီး နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မှတ်ပုံတင်ထားသော ကျေးလက်နေလူဦးရေ ၉၀ ရာခိုင်နှုန်း၏ လမ်းပန်းဆက်သွယ် ရေးအတွက် ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် ၂၀၃၀ ပြည့်နှစ်အထိ စုစုပေါင်း ၁၅ နှစ်အတွင်း ဆောင်ရွက်ရန် မျှော်မှန်းရေးဆွဲ ခဲ့ပါသည်။
ပြန်လည်သုံးသပ်ပြင်ဆင်
ယခုအခါတွင် မဟာဗျူဟာ၏ မူလစံနှုန်းသတ်မှတ်ချက်များကို ပြောင်းလဲရန်လိုအပ်ခြင်း၊ မြေပြင်နှင့် ကိုက်ညီသည့် ရည်မှန်းချက်များဖြစ်စေရန် လိုအပ်ခြင်းတို့ကြောင့် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် ဆောင်ရွက်ပေးနိုင်မှုအခြေအနေကို ပြန်လည်သုံးသပ်ဆန်းစစ်ပြီး ခေတ်ကာလအနေအထား၊ မြေပြင်အခြေအနေ၊ ကျေးလက်နေပြည်သူများ၏ လမ်းအသုံးပြုမှုပုံစံ အပြောင်းအလဲများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် မဟာဗျူဟာကို ပြင်ဆင်ရေးဆွဲရန် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယခင်က ကျေးလက်လမ်းများ၏ လမ်းမိုင်ခွဲဝေမှုအရ ကျေးလက်လမ်းမိုင်ပေါင်း ၄၃၉၇၇ ဒသမ ၀၄ မိုင်ရှိခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ကုန်တွင် ကွန်ကရစ်လမ်း ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိပြီး ၂၁ ဒသမ ၂၃ ရာခိုင်နှုန်းမှာ ရာသီမရွေးသွားလာနိုင်သော အမာခံလမ်းများဖြစ်သည်။ ကျန်လမ်း ၆၇ ဒသမ ၉၀ ရာခိုင်နှုန်းသည် ခြောက်သွေ့ ရာသီတွင် သွားလာနိုင်သည့် မြေသားလမ်းများဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၂၁၇ ရွာရှိပြီး ကျေးလက်လမ်းများကို ဆက်သွယ် သွားလာ အသုံးပြုနေသည့် ကျေးရွာပေါင်း ၄၁၆၂၀ ရှိရာ ၆၅ ဒသမ ၈၄ ရာခိုင်နှုန်းရှိပါသည်။ အဆိုပါရွာများတွင် ၄၅ ဒသမ ၃၇ ရာခိုင်နှုန်းသာ ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများကို အသုံးပြုနိုင်ပြီး ၅၄ ဒသမ ၆၃ ရာခိုင်နှုန်းမှာ ခြောက်သွေ့ရာသီမှ သွားလာနိုင်သော လမ်းများကို ဆက်သွယ်သွားလာ အသုံးပြုလျက်ရှိပါသည်။
ကျေးလက်လမ်းများကို မဟာဗျူဟာရည်မှန်းချက် ပြည့်မီနိုင်ရန် ၂၀၂၉-၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လမ်းများ၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ၃၅၁၈၂ မိုင်မှာ ရာသီမရွေး သွားလာနိုင်သော လမ်းများဖြစ်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ခြောက်သွေ့ရာသီမှ သွားလာအသုံးပြုနိုင်သော ကျေးလက်လမ်းမိုင် ၂၁၀၆၁ မိုင်ကျော်ကို ရာသီမရွေး သွားလာနိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် မဟာဗျူဟာပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။
ဦးစားပေးအဆင့်များ
မဟာဗျူဟာသည် ၂၀၃၀ ပြည့်နှစ်အမီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ကျေးလက်လမ်းအသုံးပြုသော ကျေးရွာများကို ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းများအဖြစ် ချိတ်ဆက်ပေးသွားနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို အသုတ်လိုက်ခွဲ၍ နှစ်များစွာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်သည်။ နောက်ဆုံးတွင် ကျေးရွာအများစုသည် ရာသီမရွေးအသုံးပြုနိုင်သော လမ်းပန်းဆက်သွယ်မှုကို ရရှိမည်ဖြစ်ပါသည်။ သို့သော်အချို့ ရွာများမှာမူ ၂၀၃၀ နောက်ပိုင်း ကာလတွင်လည်း လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းကို ခံစားရဆဲဖြစ်နိုင်ပါသည်။
မဟာဗျူဟာကာလအတွင်း ရာသီမရွေးအသုံးပြုနိုင်သော လမ်းများရရှိမည့် ကျေးရွာများကို ရွေးချယ်ရာတွင် ရွာတစ်ခုစီ၏ လူဦးရေပမာဏပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါသည်။ ဦးစားပေးအဆင့်သတ်မှတ်ရာတွင် ကျေးရွာတွင် လူဦးရေ ၁၀၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာအစု အဖွဲ့တွင် လူဦးရေ ၂၀၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်းကို ပထမဦးစားပေးအနေဖြင့် လည်းကောင်း၊ ကျေးရွာတစ်ရွာတည်း လူဦးရေ ၅၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာအများစုဖွဲ့၍ လူဦးရေ ၁၀၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်းများကို ဒုတိယဦးစားပေးအနေဖြင့် လည်းကောင်း၊ ကျေးရွာတစ်ရွာတည်း လူဦးရေ ၂၅၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာများစုဖွဲ့၍ လူဦးရေ ၅၀၀ နှင့်အထက် ဆက်သွယ်သည့် ကျေးလက်လမ်းများကို တတိယဦးစားပေးအနေဖြင့်လည်းကောင်း၊ ကျေးရွာတစ်ရွာတည်း လူဦးရေ ၂၅၀ အောက် ဆက်သွယ်သည့် ကျေးလက်လမ်း သို့မဟုတ် ကျေးရွာ အများစုဖွဲ့၍ လူဦးရေ ၅၀၀ အောက် ဆက်သွယ်သည့် ကျေးလက်လမ်းများကို စတုတ္ထဦးစားပေးအနေဖြင့် လည်းကောင်း ရွေးချယ်၍ ၂၀၃၀ အမီ လမ်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အဆင့်မြှင့်တင်မည့်လမ်းမိုင်များ
ကျေးလက်လမ်းများ မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လမ်း ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်မြှင့်တင်ရန်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၈၂၉/၁ ဒသမ ၂၈၄) မိုင်၊ ကချင်ပြည်နယ်တွင် (၅၅၆/၃ ဒသမ ၄၂၄) မိုင်၊ ကယားပြည်နယ်တွင် (၄၄/၂ ဒသမ ၁၂၈) မိုင်၊ ကရင်ပြည်နယ်တွင် (၂၂၉/၁ ဒသမ ၉၈၂) မိုင်၊ ချင်းပြည်နယ်တွင် (၁၉၄၅/၅ ဒသမ ၂၃၂) မိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၁၄၁/၂ ဒသမ ၁၃) မိုင်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၂၈၂/၃ ဒသမ ၉၃၄) မိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် (၁၄၁၁/၃ ဒသမ ၈) မိုင်၊ မကွေးတိုင်းဒေသကြီးတွင် (၁၄၁၅/၇ ဒသမ ၅၂၂) မိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈၄၉/၄ ဒသမ ၅၉၄) မိုင်၊ မွန်ပြည်နယ်တွင် (၁၄၈/၅ ဒသမ ၈၅)မိုင်၊ ရခိုင်ပြည်နယ်တွင် (၆၇၇/၃ ဒသမ၂၃၄) မိုင်၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၄၃၈/၆ ဒသမ ၅၇၄) မိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် (၁၈၀/၁ ဒသမ ၁၂၈) မိုင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၂၁၁၄/၁ ဒသမ ၈၈) မိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် (၁၀၁၆/၅ ဒသမ ၃၃) မိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၂၈၅/၄ ဒသမ ၉၁၂) မိုင်တို့ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်ကုန်တွင် တိုင်းဒေသကြီး/ပြည်နယ်အချို့၌ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းများ အသုံးပြုနိုင်မှုမှာ (၈၀ ရာခိုင်နှုန်း) လွှမ်းခြုံနိုင်သော်လည်း တိုင်းဒေသကြီး/ပြည်နယ်အချို့၌ (ဆိုင်ကယ်လမ်း/မြေသားလမ်း)များ တည်ရှိမှု မတူညီသဖြင့် ၂၀၃၄-၂၀၃၅ ဘဏ္ဍာနှစ်အထိ ဆက်လက် ဆောင်ရွက်မှသာ (၈၀ ရာခိုင်နှုန်း)ကျော်ကို သွားလာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဌာန၏ မူဝါဒရည်မှန်းချက်များနှင့်အညီ ကျေးလက်လမ်းတံတားလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်လာရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နှစ်အလိုက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေများ တိုးမြှင့်ရရှိရန် လိုအပ်ဆဲဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
အကျိုးကျေးဇူးများစွာရရှိ
ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များအတွက် အထောက်အကူဖြစ်စေပါသည်။ ကျေးလက်လမ်းများက ကျေးရွာပြင်ပရှိ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးကို ဖန်တီးပေးနိုင်သည့်အပြင် ထုတ်ကုန်ရောင်းချခြင်း၊ ကုန်ကြမ်းရောင်းဝယ်ခြင်း၊ ဈေးကွက် တွင်းအချိန်မီရောက်ရှိခြင်း စသည့်အချက်များကို ဖန်တီးပေးနိုင်သဖြင့် အနာဂတ်ဝင်ငွေရရှိမှု အခွင့်အလမ်းကို တိုးတက်စေကာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပါသည်။ ကျေးလက်လမ်းများကြောင့် ထုတ်ကုန်များ တိုးတက်များပြားလာခြင်း၊ လိုအပ်သည့် ဗဟုသုတနှင့် အကြံဉာဏ်များရရှိစေရန် ကူညီထောက်ပံ့ပေးခြင်းဖြင့် ဝင်ငွေမြင့်မားမှုကို ဦးတည်စေပြီး ငတ်မွတ်ခေါင်းပါးမှုလျှော့ချရေးကိုလည်း အထောက်အကူပြုပါသည်။
ကျန်းမာရေးနှင့် ပတ်သက်သည့် အကူအညီများ၊ ဝန်ဆောင်မှုများနှင့် ပညာပေးခြင်းများရရှိနိုင်ရန် ထောက်ပံ့ပေးပြီး ကျေးလက်ဒေသကျန်းမာရေး အဆင့်အတန်း ကိုလည်း မြှင့်တင်ပေးနိုင်သဖြင့် ကျန်းမာရေးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေပါသည်။ ပညာသင်ကြားရန် အခက်အခဲများနှင့် ကုန်ကျစရိတ်များကိုလည်း လျှော့ချပေး နိုင်ပြီး အတန်းပညာမပြီးဆုံးမီ ကျောင်းထွက်မှုရာခိုင်နှုန်းကိုလည်း လျော့ကျစေပါသည်။ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်စေပြီး နိုင်ငံအတွင်းရှိ ဝေးလံခေါင်သီသော ဒေသများနှင့် အခြားဒေသများကြား မညီမျှမှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။
ယခုအခါ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရန် ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံသုံး၍ ဆောင်ရွက်နေသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးဦးတည်ချက်(၂)(ခ)ပါ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် အချက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မှု တစ်စိတ်တစ်ဒေသ လည်းဖြစ်ပါသည်။ လမ်း၊ တံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အခြေခံအဆောက်အအုံများကို ဖြည့်ဆည်း တည်ဆောက်ခြင်းဖြစ်ပါသည်။
အကျိုးရလဒ်အားဖြင့် ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်သွယ်မှု လွယ်ကူချောမွေ့ကာ ဆင်းရဲချမ်းသာကွာဟ မှုကျဉ်းမြောင်းစေပြီး တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း သွေးရင်းသားရင်းသံယောဇဉ်ကို ပိုမိုခိုင်မြဲစေကာ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုမြင့်မားစေမည်ဟု ယုံကြည်ပါသည်။ အချုပ် အားဖြင့် ဆိုရပါလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် စိတ်ရင်းစေတနာမှန်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်နေမှုများကြောင့် မိမိတို့နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ တိုးတက်ကောင်းမွန်လာမည်ဖြစ်သကဲ့သို့ ပြည်သူတို့၏ စားရေရိက္ခာဖူလုံ ပြည့်ဝမှု၊ တိုင်းပြည် သာယာဝပြောမှုတို့နှင့်အတူ တစ်နိုင်ငံလုံး ဒေသအကြားအလပ်မကျန် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ခံစားကြရမည်ဖြစ်ပါကြောင်း ယုံကြည်မိပါ တော့သည်။ ။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။