ထိုင်းနိုင်ငံတွင် သမဝါယမစနစ်ကို လွန်ခဲ့သော နှစ်ပေါင်း(၁၀၀) ကျော်၊ ၁၉၁၅ ခုနှစ်ဝန်းကျင် ကတည်းက စတင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမဆုံးသော သမဝါယမအသင်း Wat Chan Cooperative Unlimited Liabilityကို Phitsanulok၌ အစိုးရက ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အကြွေးမဆပ်နိုင်သည့် တောင်သူများအား အကူအညီပေးနိုင်ရန် ကျေးရွာချေးငွေသမဝါယမအသင်းငယ်လေးတစ်ခုအဖြစ် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးဖူလုံမှုမှတစ်ဆင့် ကုန်သွယ်နိုင်မှုအဆင့်အထိ စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် ရည်ရွယ်ခဲ့ပြီး သမဝါယမ စနစ်တွင် စိုက်ပျိုးရေး၊ ချေးငွေနှင့် ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ ရှိရ ပါသည်။
၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံ၏GDPတွင် သမဝါယမအသင်းများ၏အထောက်အကူပြုနိုင်မှုသည် (၁၃)ရာခိုင်နှုန်းခန့်ရှိပြီး သမဝါယမအသင်းအားလုံးလည်ပတ်နေသည့် လုပ်ငန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄.၉ ဘီလီယံခန့် ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ သမဝါယမအသင်းပေါင်း (၈,၁၃၀) ကျော်ရှိပြီး နိုင်ငံလူဦးရေ၏ (၁၉)ရာခိုင်နှုန်းခန့်၊ အသင်းသား(၁၂)သန်းခန့်သည် သမဝါယမ အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အနက်တစ်ဝက်ခန့်သည် စိုက်ပျိုးရေးဆိုင်ရာသမဝါယမအသင်းဝင်များ ဖြစ် ကြသည်။
၁၉၆၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ထိုင်းနိုင်ငံသမဝါယမအသင်းအဖွဲ့ချုပ်(The Cooperative League of Thailand)သည် ထိုင်းနိုင်ငံရှိ သမဝါယမအသင်းအားလုံးကို ကိုယ်စားပြုသည့် အမျိုးသား အဆင့်အဖွဲ့ချုပ်ဖြစ်ပြီး အဖွဲ့ချုပ်အောက်ရှိ သမဝါယမအသင်းများအားလုံးကို ၁၉၆၈ ခုနှစ် သမဝါယမ ဥပဒေအသစ်အရ မှတ်ပုံတင်စေခဲ့သည့်အပြင် ချေးငွေယူနီယံသမဝါယမအသင်းများစွာ တည်ထောင်ခဲ့ သည်ကို တွေ့ရှိရပါသည်။ အပြည်ပြည်ဆိုင်ရာသမဝါယမမဟာမိတ်အသင်း(International Cooperatives Alliance-ICA)သို့ ၁၉၇၄ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အာရှတိုက်ရှိ နိုင်ငံပေါင်း (၂၂)နိုင်ငံမှ ချေးငွေသမဂ္ဂပေါင်း (၄၅,၀၀၀)ကျော်ဖြင့် ၁၉၇၁ ခုနှစ်၌ ဖွဲ့စည်းခဲ့သည့် အာရှဒေသချေးငွေယူနီယံ အသင်းချုပ် (Asian Confederation of Credit Unions -ACCU)သို့ ၁၉၉၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့တာ တွေ့ရပါသည်။ ထိုင်းနိုင်ငံရှိ သမဝါယမစနစ်၏ထူးခြားချက်မှာ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း၊ အဖွဲ့အစည်း(၂)ရပ်လုံးမှ သမဝါယမကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် လျက်ရှိခြင်းပင်ဖြစ်သည်။
ကဏ္ဍအလိုက် သမဝါယမအသင်းများရှိခြင်း
ထိုင်းနိုင်ငံတွင် သမဝါယမအသင်းများကို ကဏ္ဍများအလိုက်ဖွဲ့စည်းထားရှိရာ ယေဘုယျအားဖြင့် အမျိုးအစား(၇)မျိုးခန့်ခွဲ့ခြားနိုင်ပြီး စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် ၅၃ ရာခိုင်နှုန်း၊ ချေးငွေ ကဏ္ဍတွင် ၂၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၅ ရာခိုင်နှုန်း၊ ချေးငွေရယူသူများတွင် ၉ ရာခိုင်နှုန်း နှင့် စားသုံးသူကဏ္ဍတွင် ၂ ရာခိုင်နှုန်းစသည်ဖြင့် တွေ့ရှိရသည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင် သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာန(Cooperative Promotion Department-CDP)ကို ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် သမဝါယမကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့တာ တွေ့ရသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များနှင့်အတူ စိုက်ပျိုးရေးသမဝါယမအသင်းများကိုလည်း မြှင့်တင်ပေးခဲ့ပြီး (၁၂)ကြိမ်မြောက် အမျိုးသား အဆင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်(၂၀၁၇-၂၀၂၁)သည် စိုက်ပျိုးရေးကဏ္ဍတွင် လယ်သမား တစ်ဦးချင်းအား သမဝါယမအသင်း(သို့) အခြားမိတ်ဖက်များဖြင့် ပူးပေါင်းလုပ်ဆောင်ရန်၊ အလုပ်လက်မဲ့ လျှော့ချရန်၊ သင့်လျော်သောနည်းပညာများကို အသုံးချရန်နှင့် ဈေးကွက်ရှာဖွေရေးနည်းလမ်းများကို အသုံးပြုပြီး ဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲနိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အခြေခံလူတန်းစားပြည်သူများနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် ငွေကြေးဝန်ဆောင်မှုများ ရရှိနိုင် စေရန် လူထုအခြေပြုဘဏ္ဍာရေးသမဝါယမအသင်းများ အားကောင်းလာစေရေး အလေးပေး ဆောင်ရွက် ခဲ့သည်ကိုတွေ့ရသည်။ သမဝါယမကဏ္ဍ အဆင့်ဆင့်ပြောင်းလဲလာမှု၏နောက်ကွယ်တွင် ကျောထောက် နောက်ခံပြုဥပဒေများသည်လည်း လိုအပ်ချက်နှင့်လျော်ညီစွာ ပြင်ဆင်ပြဌာန်းထားမှု များရှိခဲ့သည်ကို လေ့ လာသိရှိရပါသည်။
သမဝါယမဥပဒေ
ထိုင်းနိုင်ငံ၏ ပထမဆုံးသော သမဝါယမဥပဒေကို ၁၉၁၄ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမအကြိမ်ပြင်ဆင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် သမဝါယမအသင်းများအက်ဥပဒေကို အတည် ပြုခဲ့ပြီး ၁၉၁၄ ခုနှစ် သမဝါယမအသင်းဥပဒေကိုတော့ လွှမ်းမိုးပယ်ဖျက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သမ ဝါယမအသင်းများအက်ဥပဒေကို ပထမအကြိမ်ပြင်ဆင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဒုတိယအကြိမ် ပြင်ဆင် ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တတိယအကြိမ်ပြင်ဆင်ခဲ့ရာ ယခင်အက်ဥပဒေအား ပြင်ဆင်သည့်ပုဒ်မ (၁၈) ခု ပါဝင်ပါသည်။
၂၀၁၀ ပြည့်နှစ် ဥပဒေပြင်ဆင်ချက်၏ အဓိကအချက်များ
အဓိကပြင်ဆင်ခဲ့သည့်အချက်များမှာ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ လမ်းညွှန် ချက်များဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးနှင့် သမဝါယမပြည်ထောင်စုဝန်ကြီးထံသို့ အကြံ ပြုတင်ပြရန် အမျိုးသားအဆင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့အား လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ပေးအပ်ခြင်း၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ရေးဆွဲသည့်ကာလနှင့်အညီ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနှင့် အစီအမံများရေးဆွဲရမည်ဖြစ်ခြင်း၊ စိုက်ပျိုး ရေး၊ ရေလုပ်ငန်း၊ မြေယာအခြေချမှု၊ စားသုံးသူ၊ စားဝတ်နေရေးနှင့် ချေးငွေ၊ ဝန်ဆောင်မှုနှင့် ချေးငွေ ယူနီယံ စသည့် သမဝါယမကဏ္ဍ (၇)ခုလုံးကို မြှင့်တင်ပေးရမည်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံသား များသာလျှင် သမဝါယမ အသင်းဝင်ဖြစ်ခွင့်ရှိခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိသမဝါယမ အသင်းဥပဒေအား ပြင်ဆင်ရန် စီစဉ်လျက်ရှိရာ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်ရန်၊ တိုးတက် ကောင်းမွန်စေမည့် ထည့်သင့်ထည့်ထိုက်သည့်အချက်များအား ထည့်သွင်းဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမကဏ္ဍ
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာသမဝါယမကဏ္ဍတွင် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မြေယာ အသုံးချမှုဟူ၍ အမျိုးအစား (၃)မျိုး ခွဲခြားထားပြီး စိုက်ပျိုးရေးအခြေပြုသမဝါယမအသင်းတွင် နိုင်ငံ လူဦးရေ၏ (၁၀)ရာခိုင်နှုန်းခန့်မှာ အသင်းဝင်များဖြစ်ကြသည်။
Photong စိုက်ပျိုးရေးသမဝါယမအသင်း
၁၉၃၆ ခုနှစ်တွင် သမဝါယမအသင်း(၅)သင်းကို အဖွဲ့ဝင် ၇၆ ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး ၃၉,၉၀၀ ဘတ်ဖြင့် စတင်လည်ပတ်ခဲ့ရာ ၁၉၇၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အသင်းသား ၂၈၈ ဦး၊ လည်ပတ်ရန်ပုံငွေ ၈၄၄,၆၈၀ ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၇၁ ခုနှစ်တွင် "Photong စိုက်ပျိုးရေး သမဝါယမလီမိတက်" ဟု ပြောင်းလဲခဲ့ပြီး ၁၉၇၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် Photong Cooperative Ltd.၊ Photong Rice Selling Cooperative Ltd.နှင့် Photong Land Cooperative Ltdတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ဆန်လုပ်ငန်းအတွက် အခြောက်ခံခြံ၊ ထရပ်ကားများနှင့် ဂိုဒေါင်များ၊ အဆောက်အဦ၊ ဗဟိုဈေးများ ပိုင်ဆိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဗဟိုဈေး/ ဗဟိုဈေးကွက်
သမဝါယမအသင်းဗဟိုဈေးတွင် ကုန်ပစ္စည်းများသိုလှောင်ရာနေရာ၊ ဆန်အခြောက်ခံရာနေရာနှင့် ကတ္တားတို့ပါဝင်ပြီး ယင်းသည် ရောင်းသူနှင့် ဝယ်သူ တွေ့ဆုံရာနေရာလည်းဖြစ်သည်။ အဆောက်အဦ အားလုံးကို CDPမှကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ခုနှစ်တွင် ၎င်းဈေးကွက်မှ ဆန်တန်ချိန် ၁၅၀,၀၀၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်းသိရှိရသည်။ အသင်းဝင်မဟုတ်သောလယ်သမားများအနေဖြင့် ဗဟိုစျေးရှိ အထောက်အကူပြုပစ္စည်းများကို အသုံးပြုနိုင်သော်လည်း အသင်းမှရရှိသည့်အကျိုးအမြတ်ကိုမူ အသင်းဝင် လယ်သမားများသာ ခံစားခွင့်ရှိမည်ဖြစ်သည်။ စျေးကွက်တွင် ဆန်တစ်တန် ရောင်းချနိုင်ပါက ဘတ် ၅၀ ရရှိကြောင်း သိရှိရ သည်။ အသင်းအနေဖြင့် ဆန်များ ဝင်ရောက် ရောင်းချခြင်းမရှိဘဲ လယ်သမားများ ကိုယ်တိုင် ဝယ်သူများနှင့် ပွင့်လင်း မြင်သာစွာ ဈေးနှုန်းညှိနှိုင်းရောင်းချနိုင်သည်ကို တွေ့ရသည်။
ဘက်စုံစျေးကွက်ရှာဖွေရေးမဟာဗျူဟာချမှတ်ခဲ့သည့် KACစိုက်ပျိုးရေးသမဝါယမအသင်း
၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် Khao Kitchakuod(KAC) စိုက်ပျိုးရေးသမဝါယမအသင်းသည် အဖွဲ့ဝင် (၁,၄၀၀)ကျော်ရှိပြီး အသင်း၏အဓိကလုပ်ဆောင်ချက်မှာ အရည်အသွေးပြည့်မီသော သစ်သီး ဝလံများ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းတို့ဖြစ်သည်။ Khao Kitchakuod ခရိုင်မှ နှစ်စဉ် သစ်သီးဝလံထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချရမှု လည်ပတ်ငွေပမာဏမှာ ပျှမ်းမျှ အမေရိကန်ဒေါ်လာ (၇)သန်းကျော်ရှိသည့်အတွက် နိုင်ငံတော်အဆင့် သစ်သီးဝလံထုတ်လုပ်တင်ပို့သူများ ဖြစ်လာခဲ့သည့် အတွက် KAC သည် စုပေါင်းစျေးကွက်ရှာဖွေရေး၊ စျေးကွက်မြှင့်တင်ရေး၊ ထုတ်လုပ်မှု ထိန်းချုပ်ရေးနှင့် အသိပညာ ဖြန့်ဝေခြင်းတို့ အပါအဝင် အလုံးစုံစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် ဘက်စုံဈေးကွက် မဟာဗျူဟာ (multi-pronged marketing strategy)ကို ချမှတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါဘက်စုံဈေးကွက်မဟာဗျူဟာသည် အောက်ခြေမှ အထက်သို့တက်သည့် မဟာဗျူဟာကို အခြေခံ ထားပြီး ဈေးကွက်ပေါင်းစည်းရေးဆောင်ရွက်ချက်များ၊ ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ် များ (Good Agricultural Practices-GAP)ကို အခြေခံသည့် အရည်အသွေး ဦးစားပေး သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် အသင်းဝင်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်း နည်းလမ်းများကို အဓိကဦးစားပေး ရေးဆွဲထားရှိခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများအကြား သမဝါယမကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ
ထိုင်းနိုင်ငံသည် အာဆီယံဒေသတွင်း သမဝါယမအသင်းများအကြား စိုက်ပျိုးရေးနှင့် အခြား ထုတ်ကုန်များအတွက် စျေးကွက်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် (၈)ကြိမ်မြောက် အာဆီယံ သမဝါယမကဏ္ဍစီးပွားရေးလုပ်ငန်းဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အတွေ့အကြုံများ နှီးနှော ဖလှယ်ခဲ့ကြသည်။ စီးပွားရေး၊ ကုန်သွယ်မှု၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် သမဝါယမအသင်းများ အကြားပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်နိုင်ရေးအတွက် ထိုင်း-အာဆီယံစင်တာနှင့် သတင်းအချက်အလက် ဗဟိုဌာနသမဝါယမအသင်းချုပ်(Thai-ASEAN Center and Information Hub)ကို တည်ထောင်ခဲ့သည်။
သမဝါယမအသင်းနှင့် အစိုးရအဖွဲ့အစည်းများအကြား ဆက်ဆံရေး
သမဝါယမမြှင့်တင်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၏သမဝါယမ စာရင်း စစ်ဆေးရေးဦးစီးဌာနကဲ့သို့သော အစိုးရဌာနများသည် သမဝါယမအသင်းအဖွဲ့အားလုံးနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှုရှိပြီး အောက်ပါတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ကြောင်း တွေ့ရသည်-
(က) ဥပဒေပြုရေး၊မှတ်ပုံတင်ရေးနှင့် သမဝါယမစနစ် အားကောင်းစေရေး၊
( ခ ) နိုင်ငံတစ်ဝှမ်းရှိ လေ့ကျင့်ရေးစင်တာ (၁၀)ခုမှတစ်ဆင့် သမဝါယမကဏ္ဍ စွမ်းဆောင်
ရည် မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးသင်တန်းများ ပို့ချပေးခြင်း၊
( ဂ ) သမဝါယမအသင်းများအား နည်းပညာအကူအညီများ ပေးခြင်း၊
(ဃ) သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ သမဝါယမအသင်းများသို့ ငွေကြေးအကူ အညီ/ အထောက်အပံ့များ ပေးခြင်း၊
( င ) မှန်ကန်သည့်လမ်းညွှန်ချက်များနှင့် ဦးတည်ချက်များ ချမှတ်ပေးခြင်း။
ပြည်နယ်သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနများသည် သမဝါယမအသင်းများအား နည်းပညာ အကူအညီများ ပံ့ပိုးပေးသော်လည်း လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်မှုမရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ သမဝါယမကဏ္ဍဆောင်ရွက်ချက်များ
ထိုင်းအစိုးရသည် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန်နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကြား ချိတ်ဆက်မိစေရန် ၂၀၁၈ခုနှစ်တွင် စတင် ဆောင်ရွက် ခဲ့ပြီး Meetings, Incentives, Conventions and Exhibitions (MICE) Department က သမဝါယမ ထုတ်ကုန်များကို ခင်းကျင်းပြသခြင်းနှင့် ကော်ပိုရိတ်အုပ်စုများအကြား ထုတ်ကုန်များ မြှင့်တင်ပေးခြင်း၊ သမဝါယမအသင်းများနှင့် ကော်ပိုရေးရှင်းများအကြား ပိုမိုကောင်းမွန်သောစျေးကွက်ချိတ်ဆက်မှုများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာန(CPD)သည် ၂၀၁၉ D6 ခေတ်မစိုက်ပျိုးရေးစီမံကိန်း (D6 Modern Agricultural Project 2019)၏ အစိတ်အပိုင်းအဖြစ် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီမံခန့်ခွဲမှု၊ စျေးကွက်ရှာဖွေရေးနှင့် စာရင်းကိုင်နယ်ပယ် တို့တွင် စိုက်ပျိုးရေးသမဝါယမအသင်းများအား ပံ့ပိုးကူညီခဲ့ပါသည်။ ၂၀၁၁ခုနှစ်တွင် အစိုးရက ပင်လယ် ဆားထုတ်လုပ်ခြင်းကို လယ်ယာလုပ်ငန်းအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ထုတ်လုပ်သူများအား တောင်သူများအဖြစ် အသိအမှတ်ပြုခဲ့သဖြင့် ပင်လယ်ဆားထုတ်လုပ်ခြင်းလုပ်ငန်းသည် မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး ဆားသမဝါယမအသင်းများသည် ထိုင်းနိုင်ငံ၏ အလားအလာ ကောင်းသော စီးပွားရေးလုပ်ငန်းများ ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်လည်း စိုက်ပျိုးရေးသမဝါယမအသင်းဝင်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော စပါးမျိုးနှင့် ပဲစေ့မျိုးများကို သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပြီး ထွက်ရှိလာသော အရည်အသွေးမြင့် စပါးနှင့် ပဲများကို ပြန်လည်ဝယ်ယူသည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ လယ်ယာ ထွက်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရန်အတွက် ဝယ်ယူပြီးသောမျိုးစေ့များကို တောင်သူ များထံ ပြန်လည်ဖြန့်ဝေပေးသည်။ ထို့ပြင် တောင်သူများ၏ကြွေးမြီများ လျော့ချနိုင်ရေးအတွက်လည်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။
လယ်သမားများ၏ကြွေးမီများ လျော့ချရေးစီမံကိန်း
နိုင်ငံအတွင်းရှိ ဘတ်ငွေ (၁)သိန်းအောက် ကြွေးမီရှိသော လယ်သမား (၁.၅) သန်းခန့်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် အတိုးနှုန်း ၃ ရာခိုင်နှုန်းလျှော့ချပေးခဲ့သည့်အပြင် ၃ နှစ်ဆက်တိုက် ချေးငွေယူပိုင်ခွင့်ပေးခြင်းဖြင့် အတိုးနှုန်းမြင့်မားစွာချေးယူထားသည့်အကြွေးများအား ပြန်ဆပ်နိုင်စေ ခြင်း၊ လယ်ယာကုန်ထုတ်စွမ်းအားအတွက် ရင်းနှီးမြုပ်နှံခြင်းတို့ကို ဆောင်ရွက်နိုင်စေခဲ့သည်။
မြေသြဇာဝယ်ယူရေးချေးငွေ
ထို့ပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနသည် လယ်သမားအသင်းဝင်များအတွက် ဓာတ်မြေ သြဇာနှင့် မျိုးစေ့ဝယ်ယူရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေရရှိစေမည့်စီမံကိန်းကို ဆောင်ရွက် ပေးခဲ့သည့်အတွက် ရန်ပုံငွေကုန်ကျစရိတ်နှင့် လယ်ယာထွက်ကုန်များ၏ကုန်ကျစရိတ်တို့ကို လျှော့ချနိုင် ပြီး လယ်သမားများ၏ဝင်ငွေ တိုးပွားစေခဲ့သည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော အစီအစဉ် အချို့ရှိခဲ့သော်လည်း သက်သာသောချေးငွေ မပံ့ပိုးပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဦးဆောင် ကော်မတီက တောင်သူများ၏အခက်အခဲများကို ဖြေလျော့ပေးနိုင်ရန်နှင့် စိုက်ပျိုးသီးနှံ အထွက်နှုန်း တိုးစေရန် စိုက်ပျိုးရာသီချိန်အမီ သွင်းအားစုများ ရရှိနိုင်ရေး၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး နှင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူအစုအဖွဲ့၊ သွင်းအားစုရောင်းချသူများအစု အဖွဲ့၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူများအစုအဖွဲ့များ ဖွဲ့စည်း၍ သွင်းအားစုရောင်းချသူများအစုအဖွဲ့မှ တောင်သူ များထံ ၁ဧကလျှင် ဆောင်းပဲတီစိမ်းအတွက် ငွေကျပ် ၁.၂သိန်း၊ နွေစပါးအတွက် ငွေကျပ် ၂သိန်းနှင့် ညီမျှသည့် မြေဩဇာနှင့် ပိုးသတ်ဆေးစသောသွင်းအားစုများ ဖြန့်ဖြူးပေးပြီး သီးနှံပေါ်ချိန်တွင် ဝယ်ယူ ကြိတ်ခွဲတင်ပို့သူများအစုအဖွဲ့ထံ အဆိုပါငွေတန်ဖိုးနှင့်ညီမျှသောသီးနှံများကို တောင်သူအစုအဖွဲ့က ပြန်လည် ပေးဆပ်ရသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့သည်။ အတိုးမဲ့ချေးငွေဖြစ်သည့်အပြင် ဝန်ဆောင်ခ ၁% အားလည်း တောင်သူများမှ ကျခံရန်မလိုအပ်ဘဲ သွင်းအားစုရောင်းချသူများအစုအဖွဲ့၊ ဝယ်ယူ ကြိတ်ခွဲတင်ပို့သူများအစုအဖွဲ့များတို့မှ ၀.၅%စီကျခံဆောင်ရွက်ကြခြင်းဖြစ်ပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။
တစ်ဖက်တွင်လည်း ဦးဆောင်ကော်မတီက ကုမ္ပဏီများ ပြည်ပမှသွင်းအားစုများ တင်သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ကို ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိပြီး ရည်ညွှန်းဈေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီများက လအလိုက် တင်သွင်းမည့်အဆိုပြုတန်ချိန်များ တင်ပြရာ၌ ဈေးနှုန်းယှဉ်ပြိုင်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်မည့် ဈေးနှုန်းများကိုပါ တစ်ပါတည်း တင်ပြစေကာ ဈေးနှုန်းအနိမ့်ဆုံးဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်မည့်ကုမ္ပဏီများအား စိစစ်ရွေးချယ်ပြီး သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ထောက်ခံပေးလျက်ရှိရာ ကုမ္ပဏီအသစ်များ၊ ကုမ္ပဏီငယ်များကိုပါ ဈေးနှုန်း ယှဉ်ပြိုင်နိုင်အောင် စီစဉ်ပေးထားပြီး အဟောင်းရော၊ အသစ်ပါ နစ်နာမှု မရှိစေရအောင် စိစစ် ထောက်ခံပေးလျက်ရှိပါသည်။ ထို့ပြင် သွင်းအားစုများအား သိုလှောင်ထားရှိပြီးသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ ဈေးကစားခြင်းများမရှိစေရေး စိစစ်ကြီးကြပ်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းသို့လည်း ညှိနှိုင်းထားရှိပြီးဖြစ်ပါသည်။
သမဝါယမကဏ္ဍဖွံ့ဖြိုးလာစေရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတကာ အထောက်အပံ့/ချေးငွေအနေဖြင့်မူ ရှေးယခင်က ချေးငွေ/ အထောက်အပံ့အချို့ ရရှိခဲ့သော်လည်း အတိုး နှုန်း မြင့်မားခဲ့သည်ကို တွေ့ရှိရသည်။
သမဝါယမကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များ
ထိုင်းနိုင်ငံရှိ သမဝါယမအသင်းများတွင်မူ အခြားနိုင်ငံများကဲ့သို့ပင် ငွေကြေးထောက်ပံ့မှု အရင်း အမြစ်များရှိသည်ကိုတွေ့ရပြီး ယင်းတွင် အဖွဲ့ဝင်များ၏ရှယ်ယာများ၊ အဖွဲ့ဝင်များ၏အပ်ငွေများ၊ ပိုလျှံငွေ များအပေါ် ဆောင်ရွက်ချက်များ၊ ပြင်ပချေးငွေ/ အထောက်အပံ့များ ပါဝင်သည်ကို တွေ့ရှိရသည်။ သမဝါယမဖွံ့ဖြိုးရေးရန်ပုံငွေဟူ၍ရှိပြီး ယင်းကို သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနမှ စီမံခန့်ခွဲကာ စိုက်ပျိုးရေးသမဝါယမဘဏ်မှ ချေးငွေမရရှိနိုင်သောသမဝါယမအသင်းများအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနတွင် ရန်ပုံငွေအတွက် စုစုပေါင်းဘတ်သန်း(၃၀၀၀) လျာ ထားပြီး ဘတ် (၁)သန်းအောက် ချေးငွေရယူခြင်းကို ပြည်နယ်အစိုးရမှ ဆုံးဖြတ်နိုင်သည်။ ဘတ် (၁)သန်း အထက်ဖြစ်ပါက ဗဟိုအဆင့်မှ ဆုံးဖြတ်ပြီး သမဝါယမဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ အောက်ပါ အတိုင်း သတ်မှတ်ထားရှိသည်-
(က) ရှေ့ပြေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ (ဥပမာ- သမဝါယမအသင်းများအတွက် ဗဟို စျေးကွက်တစ်ခု တည်ထောင်ခြင်း)၊
( ခ ) အတိုးမဲ့ဆောင်ရွက်ပေးခြင်း၊
( ဂ ) တစ်နှစ်လျှင် အတိုးနှုန်း 0 မှ 6% (ပထမနှစ်တွင် 6% နှုန်းဖြင့် စတင်သော်လည်း ချေးငွေကို အချိန်မီပြန်ဆပ်ပါက အတိုးနှုန်း လျော့ကျသွားမည်ဖြစ်ခြင်း)။
သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု
ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် Patum Rice Mill ဆန်စက်သည် ဆန်များကို လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်း၊ ဆန်စက်များမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများထံမှ ဝယ်ယူခြင်းဖြင့် ပြည်တွင်းပြည်ပသို့ ဆန်များ တင်ပို့ရောင်းချ လျက်ရှိသည်။ အစိုးရအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုအတွက် စံချိန်စံညွှန်းသတ်မှတ်ပေးထားပြီးဖြစ် သော်လည်း ကုမ္ပဏီဖက်မှလည်း ဆန်အရည်အသွေးကို စဉ်ဆက်မပြတ် စစ်ဆေးရပြီး ထုတ်ကုန်အရည် အသွေးထိန်းချုပ်နိုင်ရန် စပါးအရည်အသွေးအလိုက် စျေးနှုန်း သတ်မှတ်ပေးသည်ကို တွေ့ရှိရသည်။
ယခုအချိန်တွင် စျေးကွက်ရှာဖွေရေးလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများက အဓိကအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ အချို့သမဝါယမအသင်းများသည် ပုဂ္ဂလိကကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ ကုန်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရှိရသည်။
အစိုးရက စျေးကွက်ရှာဖွေရေးကို မူဝါဒပိုင်းအရ ပံ့ပိုးကူညီပေးခြင်း
ထိုင်းအစိုးရသည် စပါးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပမှ စပါးဝယ်ယူခြင်းအား တားမြစ်သည့်ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး စပါးဈေး အနိမ့်ဆုံးသတ်မှတ်ဈေးထက် ကျသွားသည့်အခါ မူလသတ်မှတ်ဈေးနှုန်းဖြင့် အစိုးရက ဝယ်ယူပေးသည့် စျေးနှုန်းအာမခံစနစ်ကို ထူထောင်ပေးခဲ့သည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် သမဝါယမအသင်းများ၏ အခန်းကဏ္ဍ
သမဝါယမအသင်းများသည် သမဝါယမအသင်းဝင်များအတွက် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် နည်းလမ်း အမျိုးမျိုးဖြင့် ဝင်ငွေဖန်တီးပေးခြင်းတို့ဖြင့် ဆင်းရဲမွဲတေမှုလျော့ချရေးတွင် ပါဝင်ကူညီပေး လျက်ရှိပါသည်။
ဆင်းရဲမှုလျော့ချခြင်းဖြင့် လူမှုရေးကဏ္ဍမြှင့်တင်ခြင်း
ထိုင်းနိုင်ငံရှိ သမဝါယမအသင်းအများစုသည် အသင်းဝင်များ၏စီးပွားရေးလုပ်ငန်းများကို ပံ့ပိုး ပေးရုံသာမက စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် လေ့ကျင့်ရေးသင်တန်းများ ပို့ချပေးခြင်း၊ ဆေးဖိုးဝါးခ ထောက်ပံ့ပေးခြင်း၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအတွက် အခြေခံလူမှုဝန်ဆောင်မှုများ ပေးခြင်း တို့အတွက် လူမှုရေးရန်ပုံငွေများ ထူထောင်ထားရှိပြီး ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေး သမဝါယမအသင်း (၃၇၁) သင်းသည် ၎င်းတို့၏ အသားတင်အမြတ်ငွေမှ ၄.၆၆ ရာခိုင်နှုန်း (ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ကြား) ကို ပညာရေးနှင့် လေ့ကျင့်သင်ကြားပေးရေးအတွက် ခွဲဝေပေးခဲ့ကြောင်း လေ့လာ သိရှိရပါသည်။
သမဝါယမအသင်းအဖွဲ့ဝင်တစ်ယောက် ဆုံးပါးသွားခဲ့ပါက နာရေးစရိတ်ကို မျှဝေကျခံခြင်းဖြင့် မိသားစုကို ကူညီရန်အတွက် "နာရေးကူညီမှုအသင်း"ကို ဖွဲ့စည်းတည်ထောင်ထားရှိပြီး ယင်းမှာ ကျေးလက်ဒေသရှိ သမဝါယမအသင်းများကြားတွင် လုပ်ရိုးလုပ်စဉ်(ထုံးစံ)တစ်ခု ဖြစ်သည်။ ထို့အပြင် မမျှော်မှန်းနိုင်သောသဘာဝဘေးအန္တရာယ်များ ကြုံလာပါကလည်း အရေးပေါ်ချေးငွေများ ထုတ်ချေးပေး ခြင်း၊ မသန်စွမ်းသူများအား အများပြည်သူထံမှ အသိအမှတ်ပြုမှုရရှိရန် ကူညီပေးခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရရှိနိုင်စေရန်အတွက် အားပေးလုပ်ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မျက်မမြင်နှင့်မသန်စွမ်းသူများအတွက်ချေးငွေသမဝါယမအသင်းလိမိတက် (Credit Union Cooperative of the Blindness and the Disabled Limited)ကို ထူထောင်ထားရှိပြီး မသန်စွမ်းအဖွဲ့ဝင်များအား အရင်းအနှီးနှင့် ချေးငွေများပေးသည်။ အများစုမှာ ထီရောင်းခြင်းဖြစ်ပြီး လက်ရှိတွင် သမဝါယမအသင်းသား ၁၁၇ ဦး၊ စုစုပေါင်း မတည်ငွေ ဘတ် ၈၀၀,၀၀၀ ကျော်ဖြင့် လုပ်ငန်း လည်ပတ်လျက်ရှိသည်။
အချုပ်အားဖြင့်ဆိုရသော် အထက်ဖော်ပြပါလေ့လာတွေ့ရှိချက်များအရ ထိုင်းနိုင်ငံရှိ သမဝါယမ လုပ်ငန်းများသည် ကဏ္ဍစုံဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး အစိုးရ-ပုဂ္ဂလိက ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်လျက်ရှိပြီး ထိုင်းပြည်သူများ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများ၏စားဝတ်နေရေးကို အဆင်ပြေချောမွေ့စေရန် ပံ့ပိုးကူညီပေးနိုင်သည့်အပြင် အလုပ် အကိုင်ဖန်တီးပေးနိုင်မှုနှင့် အခြားလူမှုအကျိုးအမြတ်များမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးကို သွယ်ဝိုက်သော နည်းဖြင့် ပံ့ပိုးပေးနိုင်လျက်ရှိသည်ကို အားကျဖွယ် တွေ့မြင်ရပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် သမဝါယမစနစ်ကိုစံပြုသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဆိုပါက တောင်သူများဝင်ငွေတိုးပွားလာသည်နှင့်အမျှ ဆင်းရဲမှုလျော့ချရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ခန့်ဇော်(ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်