Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်သူအကျိုးပြု မြို့နယ်သမဝါယမအသင်းစု


22 Jul,2024

ဦးစွာမြန်မာနိုင်ငံရှိ သမဝါယမအသင်းဖွဲ့စည်းမှုကိုတင်ပြပါရစေ။ အသက်(၁၈)နှစ်ပြည့် ပြီး အသင်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အနည်းဆုံးလူပုဂ္ဂိုလ်(၅)ဦးဖြင့် အခြေခံသမဝါယမ အသင်းဖွဲ့စည်းနိုင်ပြီး၊ အခြေခံအသင်း(၃)သင်းဖြင့် သမဝါယမအသင်းစုကိုဖွဲ့စည်းနိုင်ပါသည်။ သမဝါယမအသင်းစုချုပ်ကို အသင်းဝင်အသင်းစုများဖြင့် ဖွဲ့စည်းပြီး အသင်းစုနှင့် အသင်းစုချုပ် တို့ပါဝင်သော ဗဟိုသမဝါယမအသင်းကို ဖွဲ့စည်းထားကြောင်းသိရှိရပါသည်။ ၃၁-၅-၂၀၂၄ ရက် နေ့ထိ အသင်းဝင်(၄၆၁)သင်း ပါဝင်သောဗဟိုသမဝါမအသင်း(၁)သင်း၊ အသင်းဝင်(၅၁၅)သင်း ပါဝင်သောသမဝါယမအသင်းစုချုပ်(၂၂)သင်း၊ အသင်းဝင်(၂၀၂၂၄)သင်း ပါဝင်သောအသင်းစု (၄၄၉)သင်းနှင့် အသင်းသားဦးရေ(၄.၁၉) သန်းတို့ဖြင့် အခြေခံသမဝါယမအသင်း (၃၈၁၈၇) သင်း ဖွဲ့စည်းမှတ်ပုံတင်ထားသည့်အတွက် သမဝါယမအသင်းပေါင်း (၃၈၆၅၉) သင်းတို့က အသင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍ တို့မှ ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါ သည်။

ဒေသခံပြည်သူများအတွက် အကျိုးပြုလျက်ရှိနေသော ညောင်ဦးမြို့နယ်သမဝါယမ အသင်းစု၏ လုပ်ငန်းဆောင်ရွက်နေမှုများကို စာရေးသူလေ့လာမိသလောက် မျှဝေပေးလိုပါသည်။ ကမ္ဘာနိုင်ငံများတွင် သမဝါယမလုပ်ငန်းများ အောင်မြင်လျက်ရှိနေပြီး မိမိတို့နိုင်ငံတွင်ဘာကြောင့် အောင်မြင်နေတဲ့သမဝါယမအသင်းတွေ နည်းနေသေးတာလဲ ဆိုတဲ့မေးခွန်းက ရှေ့တန်းရောက် နေသည်ကိုမငြင်းဝံ့ပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရနေသည့် မြန်မာ့သမဝါယမအသင်းများအနေဖြင့် အချို့သောကြယ်ပွင့် တစ်နည်းအောင်မြင်နေသော သမဝါယမအသင်းများအနေဖြင့် ယင်းတို့၏ အသင်းဝင်/အသင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေသည်ဆိုသည့် ပကတိအရှိတရားကလည်း လက်တွေ့ မှာ အမှန်ရှိနေပြန်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၇၅)အုပ်စု၊ ကျေးရွာပေါင်း(၂၂၀)ရွာတို့ရှိပြည်သူ(၃၀၃၂၅)ဦးတို့မှ အများဖြင့်ပူးပေါင်းဆောင်ရွက်လိုသောစိတ် ရှိသူ၊ သမဝါယမစနစ်အား ယုံကြည်လက်ခံကြသူများဖြင့် ရပ်ကွက်/ကျေးရွာကို အခြေခံဖွဲ့စည်း ထားသော အခြေခံသမဝါယမအသင်း(၂၅၀)သင်းရှိပြီးအဆိုပါအသင်းများသည် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုတွင် အသင်းဝင်များအဖြစ် ပါဝင်လျက်ရှိပါသည်။ မြို့နယ်သမဝါယမအသင်းစု ကို အမှုဆောင်ဒါရိုက်တာ(၉)ဦး၊ အသင်းဝန်ထမ်း(၃၂)ဦးတို့ဖြင့် လုပ်ငန်းခွဲ(၁၁)ခုကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်သမဝါယမအသင်းစုအနေဖြင့် အသင်းဝင် အခြေခံသမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ကောင်းမွန်မှုနှင့် ကြိုးစားလုပ်ကိုင်လိုသော ဆန္ဒရှိသည့်အသင်းများအား လယ်ယာမြေအဆင့်မြှင့်တင်ခြင်း၊ အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း၊ အရောင်းဆိုင်(သွင်းအားစုအထူး)လုပ်ငန်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင် ရွက်သည့် အခြေခံသမဝါယမအသင်း(၁၇၃)သင်း၊ စိုက်ဧက(၃၄၁၉)ဧကတို့အတွက် ကျပ်(၁၀၁၉၉) သိန်းနှင့် ညီမျှသောမျိုးကောင်းမျိုးသန့်၊ သွင်းအားစုမြေဩဇာများ သီးနှံစိုက်ပျိုးမှုအပေါ် အခြေခံပြီး ထောက်ပံ့ပေးထားသောကြောင့် ကျေးလက်နေ အသင်းသားတောင်သူဦးကြီးများ အနေဖြင့် သီးနှံများအထွက်တိုး၍ ကိုယ်စီဝင်ငွေတိုးနေသည်ကလည်း အောင်မြင်လျက်ရှိပြီး ပြည်သူအားထားရာ သမဝါယမအသင်းတစ်သင်း၏ ဆောင်ကြဉ်း ပေးနိုင်မှုဟုဆိုချင်ပါသည်။

ညောင်ဦးမြို့ မဏိစည်သူဈေးတွင် ကျောင်းသုံး၊ ရုံးသုံးပစ္စည်းများ၊ လယ်ယာသုံးစိုက်ပျိုး ရေးဆေးများ၊ အထည်နှင့်လူသုံးကုန်ပစ္စည်းများ၊ ဆန်နှင့်အသင်းစုဆီစက်မှကြိတ်ခွဲသော စားသုံးဆီ များကိုလည်းရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေမှုရှိစေနိုင် ရေး အထောက်အကူပြုလျက် ရှိကြောင်းသိရှိရပါသည်။ ပုဂံဘုရားဖူးပြည်သူများ ခရီးသွားအဆင်ပြေစေ ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးတို့အတွက် ညောင်ဦးမန်းမော်တော်ယာဉ်လုပ်ငန်းကို ၁၉၇၄ ခုနှစ်မှ စတင်လိုင်းဝင်ပြေးဆွဲခဲ့ပြီး မော်တော်ယာဉ်(၇)စီးဖြင့် ပုဂံညောင်ဦး-မန္တလေး-နေပြည်တော် ခရီးစဉ်များကို နေ့စဉ်ပြေးဆွဲလျက်ရှိခြင်းကြောင့် အသင်းအနေဖြင့် တစ်နှစ်တာအတွင်း ဝင်ငွေကျပ်(၁၂၆၆) သိန်း ရရှိလျက်ရှိကြောင်းသိရှိရပါသည်။ မိုးစပါး၊ ဝါ၊ နှမ်းနှင့်အခြားသီးနှံ စိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း(၁၀)သင်းသို့  ကျပ်(၁၃၄၆)သိန်းတန်ဖိုးရှိ အထွက်နှုန်းတိုးမျိုးနှင့် သွင်းအားစု တို့ကို စိုက်ဧက(၆၃၂)အတွက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်းလည်းသိရှိရပါသည်။ ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆောင်ရွက်ပေးမှုအနေဖြင့် ယွန်းထည်ပစ္စည်းလုပ်ငန်း၊ မိုလ်လုပ်ငန်းနှင့် ဆေးရေး ပန်းချီလုပ်ငန်း၊ မြေပဲဆုံဆီနှင့်ပဲကြော် လုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်း(၃)သင်း ကိုလည်း မြို့နယ်သမဝါယမအသင်းစုပိုင်ငွေ ကျပ်(၉၂၄)သိန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိအောင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် ကြယ်တစ်ပွင့်ရဲ့ စွမ်းဆောင်နိုင်မှု များသည် ဒေသခံပြည်သူများအတွက် “သစ်တစ်ပင်ကောင်းငှက်တစ်သောင်းနား” ဆိုသည့်ပမာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအတွက် အားကိုးရာ မြို့နယ်သမဝါယမ အသင်းစုအဖြစ် တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်ပေသည်။

သူဌေးကန်မွေးမြူရေးကုန်ထုတ်သမဝါယမအသင်းနှင့် အကျိုးတူဆိတ်မွေးမြူရေးလုပ်ငန်း ကိုဆောင်ရွက်လျက်ရှိရာ ဆိတ်ကောင်ရေ(၃၄၀)ကောင်မွေးမြူထားရှိကြောင်း သိရှိရပါသည်။ မြို့နယ်သမဝါယမအသင်းစုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု၊ ခရီးသည်ယာဉ်လိုင်း၊ အရောင်းဆိုင်စသည့် လုပ်ငန်းနယ်ပယ်များမှာလည်း လုပ်ငန်းများ အောင်မြင် အောင်ဆောင်ရွက်နိုင်သကဲ့သို့ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်ပြည်သူအများစု သုံးစွဲမှုပြုနေသည့် ညောင်ဦးပဲဆီသန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းမှလည်း နိုင်ငံတော်၏ သွင်းကုန် အစားထိုးလုပ်ငန်း အထူးသဖြင့် စားအုန်းဆီတင်သွင်းခြင်းကို အစားထိုးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ညောင်ဦးပဲဆီသန့်ဟု ဈေးကွက်အတွင်းလူသိများသော စားသုံးဆီဘူးများကို မြို့နယ် သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်မှ ကြိတ်ခွဲဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်ပါသည်။ လတ်တလောတွင် မြင်းကောင်ရေ(၂၅)ကောင်သုံး စပါယ်ရှယ်ဝမ်းဆီဆုံ(၂)လုံးဖြင့် နေ့ညမပြတ် ကြိတ်ခွဲလျက်ရှိပြီး ဇူလိုင်လတွင် နောက်ထပ်ဆီစက်(၁)လုံးဝယ်ယူ၍ တိုးချဲ့လုပ်ကိုင် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါဆီဆုံ(၃)လုံးဖြင့် ကြိတ်ခွဲပါက တစ်ရက်လျှင် မြေပဲဆံပိဿာ(၁၂၅၀) ကြိတ်ခွဲနိုင်မည်ဖြစ်ပြီး တစ်နှစ်ပတ်လုံးပိဿာ(၄)သိန်းခန့် ကြိတ်ခွဲနိုင် မည်ဖြစ်၍ မြေပဲဆီပိဿာ(၁.၆) သိန်းခန့်နှင့် မြေပဲဖတ်ပိဿာ(၂.၃) သိန်းခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။ ညောင်ဦးပဲဆီသန့်၏အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသက် သာမှုတို့ကြောင့် ဝယ်လိုအားများလာခြင်းဖြစ်၍ ဆီစက်အသစ်များ တိုးချဲ့တည်ထောင်လာခဲ့ ခြင်းဖြစ်သည်ဟုလည်းသိရပါသည်။ လက်လီတစ်မျိုးလက်ကားတစ်သွယ် ဆီဈေးကွက်အတွင်း သက်တန့်ရောင်ကြယ်တစ်ပွင့်၏ ရောင်းချဖြန့်ဖြူးပေးနေမှုမှာ နိုင်ငံတော်၏စီးပွားရေး ဦးတည် ချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု မှတ်ယူနိုင်မည်ဖြစ်ပေသည်။

မြို့နယ်အတွင်း အသင်းသားတောင်သူများ စိုက်ပျိုးသည့်လယ်ယာဧက(၃၅၀၀)ကျော်မှ ထွက်ရှိသောမြေပဲဆံများကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ရောင်းချ သည့် မြေပဲဆံပေါ်မူတည်ပြီး Refund ပေးခြင်းကို ဆောင်ရွက်သလို အခြားသောပွဲရုံများထက် မြေပဲဆံ(၁)ပိဿာလျှင် (၅၀)ကျပ်နှုန်းဈေးပိုပေး၍ ဝယ်ယူခြင်းတို့ကိုလည်း ဆောင်ရွက်နေခြင်း ကြောင့် အရည်အသွေးကောင်းမွန်သောကုန်ကြမ်းများ လုံလောက်စွာရရှိလျက်ရှိကြောင်း သိရှိရ ပါသည်။ ထိုထိုသောလုပ်ငန်းအဖုံဖုံကို ဆောင်ရွက်နေသည့် ပြည်သူအကျိုးပြု မြို့နယ်သမဝါယမ အသင်းစု၏ (၃)နှစ်အတွင်း ထိုက်သင့်သည့် ဝင်ငွေနှင့်အမြတ်များလည်း ရရှိလျက်ရှိနေပါသည်။

သမဝါယမအသင်းစုအနေဖြင့် ရရှိလာသောဝင်ငွေများအနက်မှ အသင်းဝင်အခြေခံအသင်း များသို့ အစုပေါ်အမြတ်၊ ကျန်းမာရေး၊ လူမှုရေး၊ အသင်းသားတောင်သူထောက်ပံ့ပေးခြင်း တို့အပြင် လှူဒါန်းမှုများအား ပြုလုပ်ခဲ့ကြောင်းကိုလည်း ဇယားပါအတိုင်း ထောက်ပံ့ဆောင်ရွက် ပေးထားကြောင်း သိရှိရပါသည်။

သမဝါယမအသင်းများနှင့်အသင်းသားများသို့ ထောက်ပံ့ပေးနိုင်မှုအခြေအနေဇယား

          (ကျပ်သိန်း)

စဉ်

အကြောင်းအရာ

ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ငွေ

၂၀၂၁-၂၀၂၂

၂၀၂၂-၂၀၂၃

၂၀၂၃-၂၀၂၄

အစုပေါ်ပြန်အမ်းငွေ

ကျန်းမာရေးစရိတ်

လူမှုရေးစရိတ်

ပညာရေးစရိတ်

ကျေးရွာများသို့ရေလှူ

ဘာသာရေး အလှူငွေ

အသင်းသားတောင်သူ

၂၄

၁၅

၆၈

၁၀

                   ၁၁

၅၈

၂၇

၁၅

၁၅၉

၄၃

၈၅

၂၇

၁၀

၁၄၁

၄၁

၆၆

 

စုစုပေါင်း

၁၉၃

၃၃၉

၂၉၃

အချုပ်အားဖြင့်ဆိုရလျှင် အသင်းအတွက်ဝင်ငွေတိုးတက်ရရှိအောင်လည်း ကြိုးစားဆောင် ရွက်နိုင်ခြင်း၊ မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများအနေဖြင့် ထွက်ရှိလာသည့် မြေပဲကဲ့သို့သော သီးနှံများအတွက် ဈေးကွက်ခိုင်မာမှုလည်းရရှိနေခြင်း၊ အသင်း/အသင်းသားများ အကျိုး ထောက်ပံ့ ငွေများပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ခြင်း၊ ပြည်သူများ သက်သာ သောဈေးနှုန်းဖြင့် မြေပဲဆီသန့်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရေး တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေခြင်းစသည့် ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ကောင်းကျိုးအလီလီဖော်ဆောင်ပေးနေသော ပြည်သူအကျိုးပြု မြို့နယ်သမဝါယမအသင်းစုဖြစ်သည့် ညောင်ဦးမြို့နယ်သမဝါယမအသင်းစု ကဲ့သို့အောင်မြင်လျက်ရှိသည့် သမဝါယမအသင်းများ မြန်မာ့မြေဝယ် ရှင်သန်တည်ရှိလျက်ရှိနေ ပါကြောင်း မီးမောင်းထိုးပြလိုက်ပါရစေ။           ။

ကိုးကား။        ညောင်ဦးမြို့နယ်သမဝါယမအသင်းစု၏ စာရင်းအချက်အလက်များ                                                                                                                

                                                                                           K ဇင်သစ်

                                                                                 (မန်းတက္ကသိုလ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်