Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


08 Jul,2024

နေပြည်တော်  ဇူလိုင် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ရှိ Community Centre ၌ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ သင်တန်းသား သင်တန်းသူ(၂၆)ဦးဖြင့် ဖွင့်လှစ်ပို့ချလျက် ရှိသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်လျက်ရှိသည့်သင်တန်းသား သင်တန်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများကသင်တန်းဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှု မရှိခဲ့ သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရမှ လူသားအရင်းအမြစ်များ မွေးထုတ် ပေးသည့်အနေဖြင့် ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း များတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါသင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူ များ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းသား သင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၁၆၅၅ အိမ် ၊ လူဦးရေ ၈၈၈၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ဆုတောင်းပြည့်ကျေးရွာအဝင်လမ်း အရှည် သုံးမိုင် ၄ ဒသမ ၅ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ဘဏ္ဍာရေးနှစ်အလိုက် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတောချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီး ချောင်းကလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကျောင်းဝန်းအတွင်း ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှု အခြေ အနေများအားလည်းကောင်း၊ ဆုတောင်းပြည့်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်ရန် လျာထားသည့် မြေနေရာအားလည်းကောင်း ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ခုနစ်ရွာ၊ အိမ်ခြေ ၆၅၉ အိမ် ၊ လူဦးရေ ၃၄၇၈ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မရမ်း-ကျုံဖား ကျေးရွာချင်းဆက်လမ်း အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧက လျှင် ငွေကျပ် ၂ သိန်းနှုန်း နှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း များ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်း အမျိုးအစားတူညီသူများ စိတ်တူ ကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ဈေးနှုန်း သက်သာသော အရည်အသွေးမှန်ကန်သော သွင်းအားစုများအား တောင်သူများလက်ဝယ် စိုက်ပျိုးချိန် အချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် လည်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ခဲ့သည့် သွင်းအားစုနှင့်ညီမျှသောငွေများ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ နှင့်  သမဝါယမ  Exam Bank ချေးငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုရေးလုပ်ငန်းဆောင်ရွက်ပေးမှု အခြေအနေများ၊ စပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုး ထားရှိမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ မွေးမြူထုတ်လုပ်နေမှုများနှင့် မိမိတို့ကျေးရွာများရှိ အိမ်ရှေ့၊ လမ်း၊ စာသင်ကျောင်းများ သန့်ရှင်း သာယာလှပရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလီမိတက်သို့ရောက်ရှိပြီး သမဝါယမစာရင်းရေး စာရင်းကိုင် သင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းဆင်းပြီး ကုမ္ပဏီလုပ်ငန်းခွင်ဝင်ရောက်နေသော  ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဝန်ထမ်းများအနေဖြင့် မိမိတို့အလုပ် တာဝန်များအား ကြိုစားလုပ်ဆောင်ကြရန်ဆွေးနွေးမှာကြားပြီးနောက် ပန်းတနော်မြို့နယ်အတွင်းရှိ  ကျေးရွာ ၂၇ ရွာမှ သမဝါယမအသင်း ၃၄ သင်းရှိ အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်း အနား တက်ရောက်ကြပါသည်။

အခမ်းအနားတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီ ဥက္ကဋ္ဌက စက်ရုံ၌ ငါးတန်ငါးသားဖောက်များ ထုတ်လုပ်နေမှု အခြေအနေများ၊ ငါးအစာတောင့်ထုတ်လုပ်သည့်စက်ရုံ ငါးအသားလွှာနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံနှင့် ငါးအအေးခန်း သိုလှောင်ရုံ တည်ဆောက်လျက်ရှိပါကြောင်း၊ အဆိုပါစက်ရုံများ လည်ပတ်နိုင်ရေးအတွက် လျှပ်စစ် ဓါတ်အားလိုအပ်ချက်များရှိခြင်းကြောင့် စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်၍ ယခုအခါ စမ်းသပ်လည်ပတ်နေမှု အခြေအနေများ၊ စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ်ဓါတ်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် စပါးခွံလိုအပ်မှု၊ ငါးအစာတောင့်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဖွဲနုများလိုအပ်မှု တို့ကြောင့် ဆန်စက်တည်ဆောက်လျက်ရှိပါကြောင်း၊  ဆန်စက်မှ ထွက်ရှိလာသော စပါးခွံ၊ ဖွဲနုများအပြင် ထပ်မံလိုအပ်ပါက သမဝါယမအသင်းပိုင် ဆန်စက်များ၊ သမဝါယမ အသင်းသားတောင်သူများထံမှ ချိတ်ဆက်ဝယ်ယူရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံအမြန်လည်ပတ်နိုင်ရေးနှင့် ငါးတန်ငါး သားဖောက်များ ပိုမို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ စက်ရုံအတွက် လိုအပ်သော စပါး၊ စပါးခွံများ၊ ဖွဲနုများရရှိရေး သမဝါယမသင်သား တောင်သူများနှင့် ချိတ်ဆက်၍ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ အသင်းသား တောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစု ချင်းဝင်ငွေများတိုးပွားလာမှာဖြစ်သည့်အတွက် ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုး ကြစေလိုကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကျေးရွာနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် စက်ရုံ အတွင်း ငါးတန် ငါးသားဖောက်များ ထုတ်လုပ်နေမှု အခြေအနေများ၊ ငါးအစာတောင့် ထုတ်လုပ်သည့့််စက်ရုံ၊ ငါးအသားလွှာနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံနှင့် ငါးအအေးခန်း သိုလှောင်ရုံ တည်ဆောက်နေမှု အခြေအနေများ၊ စပါးခွံအသုံးပြုပြီး Gasifier နှင့် Gas Engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ်နေမှုနှင့် စပါးခွံ သိုလှောင်ရုံတည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုယဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသောကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်းဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးရွာ ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီဖြစ်၍ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေ ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm