Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှလုံးသားထဲက မြကန်နှင့် ပုဂံလွမ်းချင်း


28 Jun,2024

မြင့်စိုး(နတလ)

                                                မြကန်သာ

                                                တောင်ကျချောင်းတေး

                                                ရေဝင်ပြေးလှည့်

                                                ရေအေးကြည်စွာ

                                                ကန်ပိုင်မာလျက်

                                                ကြာပေါင်းထုံထုံ

                                                ငှက်မျိုးစုံသည်

                                                ဘုံဝတိံသာ

                                                နန္ဒာပေလော

                                                တူစွဟုတ္တာ

                                                                             အမည်မသိရှေးစာဆို

                                                                  [ပုဂံခေတ်ကျစွာမင်းလက်ထက်ခန့်]

နှလုံးသားထဲက မြကန်

          နှလုံးသားထဲက မြကန်ဟု ကျွန်တော် တင်စားခေါ်ဝေါ်လိုက်ရခြင်းမှာ ၁၉၇၅၊ ၁၉၇၆ ခုနှစ်အချိန်ကာလ၊ ပုဂံဆိုတာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ကိုပင် တိတိပပ မသိသေးသော အထက်တန်းကျောင်းသား ဘဝကတည်းက “မြကန်” သည် ကျွန်တော့် ရင်ထဲသို့ တိုးဝှေ့နေရာယူထားပြီး ဖြစ်နေ၍ပါတည်း။ အမည်မသိရှေးစာဆို ရေးဖွဲ့ထားသော မြကန် ကဗျာလေးက တစ်ကြောင်းချင်းလည်း တစ်ကြောင်းချင်းမို့၊ တစ်ပုဒ်လုံးလည်း တစ်ပုဒ် လုံးမို့ မေ့ထားဖို့ရာ၊ မေ့သွားဖို့ရာ မစွမ်းသာသောကြောင့် ယနေ့အသက် ၆၆ နှစ် အဖိုးအို ပေါက်စဘဝရောက်သည်ထိ နှလုံးသားမှာ စူးစူးနစ်နစ် ထိုးစိုက်နေရာယူထားခြင်း ဖြစ်ပါလိမ့်မည်။ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊ နန္ဒာပေလော ဆိုသည့် အဖွဲ့အနွဲ့က အလင်္ကာမြောက်လွန်းလှသလို၊ ကြားရခဲမြင်ရခဲပေလို့လားတော့မသိ၊ “တူစွဟုတ္တာ” ဆိုသည့် စကားလုံးလေးများ၏ အဖိအဖော့ကို ခံစားလာမိသည်မှာလည်း နှစ်ပေါင်း ၄၀ မကတော့ပြီ။ ဆိုရသော် ကျွန်တော့်နှလုံးသားထဲမှာ မြကန်၏ ပုံရိပ်များက အမြဲတမ်း တည်ရှိလို့နေပါသည်။

          မြကန်သည် တုရင်တောင်၏ အနောက်ဘက်တွင် တည်ရှိပြီး ထီးလှိုင်ရှင်ကျန်စစ်သား မင်းကြီးကိုယ်တိုင် ဦးဆောင်လျက် ပုဂံသူပုဂံသားအပေါင်းတို့ တူးဖော်ထားသော ကန် ဖြစ် ကြောင်း၊ မြကန်၏မူလအမည်မှာ မဟာနိဗ္ဗာနလက်ဆွဲချီရေကန် (မဟာနိဗ္ဗာန်လက်ဆွဲချီ ကန်) ဖြစ်ကြောင်း၊ သေခြင်းမရှိသောဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အမရကန် (မ-မရဏ) ဟူ၍လည်း ခေါ်ကြကြောင်း သိရသည်။ ကန်အမျိုးအစားမှာ ပိုက်လှမ်းတောင်အား တာတမံအရံအတားမျိုး ပိတ်ဆို့ကာဆီး ဆောင်ရွက်ထားသည့် တစ်ဖက်ဆည်ကန် အမျိုးအစားဖြစ်သည်။ သက္ကရာဇ် ၅၉၈ ခုနှစ်တွင် ပုဂံကျစွာမင်းကြီးက မြကန်ကို ပြန်လည် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည် ဆို၏။ သို့ကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ အမည်မသိ ရှေးစာဆို၏ ရေးဖွဲ့သည့် အချိန်ကာလကို ပုဂံခေတ်ကျစွာမင်းလက်ထက်ခန့်ဟု ဖော်ပြထား ကြောင်း တွေ့ရသည်။

မြကန်သို့ ရောက်ခဲ့ကြသည်

          သည်တစ်ခေါက် ပုဂံ/ ညောင်ဦးခရီးစဉ်မှာ တုရင်တောင်ခြေရှိ မြကန်သို့ အရင်သွားဖြစ် ခဲ့ကြသည်။ ပုဂံသို့ မရောက်မီ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ မိတ္ထီလာမြို့နယ်အတွင်းရှိ ရေချိုကျေးရွာအုပ်စု၊ ကျေးရွာ ၁၄ ရွာက ဝါစိုက်သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ဝါအထွက်တိုးဖို့၊ အဆင့်မီဝါများ ရရှိစေဖို့အတွက် မျိုးနှင့်သွင်းအားစု ဓာတ်မြေ ဩဇာများ ပံ့ပိုးပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဝါကြိတ်ဝါဖိစက်များ လိုအပ်လျှင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးမည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဝါကြိတ်ဝါဖိစက်ရုံများတွင် စက်အင်အားတိုးချဲ့လိုပါကလည်း ကူညီချိတ်ဆက်ဆောင်ရွက်ပေးမည်။ နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သော အဆင့်မီချည်မျှင် ထုတ်လုပ်ခြင်း၊ အထည်ရက်လုပ်ခြင်းလုပ်ငန်းများအထိ တောင်သူများ၊ လုပ်ငန်းရှင်များ စနစ်တကျ ပါဝင်လာစေရေးတို့ကိုလည်း တိုက်တွန်းမှာကြားခဲ့သည်။ စက်မှုဝန်ကြီးဌာန၏ ချည်မျှင်နှင့် အထည်စက်ရုံများ၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများ၊ ပုဂ္ဂလိက ချည်မျှင်နှင့် အထည်စက်ရုံများနှင့် တောင်သူများ အချိတ်အဆက်မိရန် လိုအပ်သကဲ့သို့ ရက်ကန်းလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း မေ့ထား၍မရပေ။ ဆိုရသော် ဝါပင်စိုက်၍ ဝါဂွမ်းထုတ်ယူပြီး ချည်ထည်ရက်လုပ်သည့်အဆင့်ထိ ဝါလုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့် မိမိ ပါဝင် ရမည့် အခန်းကဏ္ဍအလိုက် ရည်မှန်းချက်ပေါက်မြောက် အောင်မြင်အောင် ကြိုးပမ်း အားထုတ်ကြဖို့ လိုပါသည်။

          ဝါစိုက်ပျိုးရေးကိစ္စကို ရေချိုရွာမှာ ပြောဆိုဆွေးနွေးအပြီး ကျောက်ပန်းတောင်း မြို့နယ်ထဲက ကြက်ပြစ်ကျေးရွာသို့ ဆက်လက်ထွက်ခွာကြကာ သမဝါယမအသင်းဖွဲ့ထား သော ဝါစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့သည်။ မိုးဝါမီသူများ မိုးဝါစိုက်ပျိုးရေးအတွက် မျိုး ရထား ပြီး/မပြီး၊ မရသေးလျှင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ပေးမည်။ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထည့်သွင်း နိုင်ရေး၊ ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေး ကူညီပံ့ပိုးပေးမည်။ ထိုမှ ကျောက်ပန်းတောင်း မြို့နယ်ထဲက နှစ်ကျပ်ခွဲကျေးရွာသို့ ရောက်ရှိချိန်မှာမူ ဆီထွက်သီးနှံ စိုက်ပျိုးရေးကို ဦးစားပေးဆွေးနွေးဖြစ်သည်။ သည်ရွာက အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်းကိုသာ အများဆုံးစိုက်ပျိုးသောရွာ ဖြစ်၏။ ထီးတော်ရှင်(ထီးလှုပ်ဘုရား) ရှိနေ၍လည်း လူသိများသော ရွာကြီးဖြစ်သည်။ နှစ်ကျပ်ခွဲရွာမှ တောင်သူများနှင့် တွေ့ဆုံအပြီး ပုဂံ/ ညောင်ဦးကို ခရီးဆက်ခဲ့ရာ ထိုနေ့ညနေပိုင်းမှာ ရောက်လာခဲ့ကြသည်။ အတူလိုက်ပါလာ သည့် အဖွဲ့ဝင်များထဲ၌ မြကန်ကို မရောက်ဖူး၊ မမြင်ဖူးသေးသူများ ရှိနေ၍ သူတို့ကို ပို့ဆောင်ပေးချင်သည်။ ကိုယ်တိုင်ကလည်း မြကန်၏ အငွေ့အသက်ကို ပြန်လည် ခံစား လိုသည်။ သည့်အတွက် ကျွန်တော်တို့အဖွဲ့ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ တုရင်တောင် ခြေအနီးက မြကန်သို့ ရောက်ရှိခဲ့ကြသည်။

 

ကျန်စစ်သားမင်းကြီး၏ မြကန်ကျောက်စာ

          အချို့သောနှစ်များ၌ ယခုလို ဇွန်လရောက်လျှင် မြကန်အတွင်းမှာ ရေစဝင်နေပြီ ဖြစ်ကြောင်း သိရသည်။ မြကန်၏ ကန်ပေါင်ရိုးပေါ်မှာ လှမ်းမြှော်ကြည့်ရှုလျှင် ကျန်စစ်သား မင်းကြီး၏ မြကန်ကျောက်စာစိုက်ထူခဲ့သော အမှတ်အသားပြ နေရာလေးကို တွေ့နေရသည်။ အဆိုပါကျောက်စာမူရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနက ပုဂံရှေးဟောင်းသုတေသနပြတိုက် ၌ သိမ်းဆည်းထားကြောင်းနှင့် ကိုယ်ပွားကျောက်စာတစ်ချပ်ကိုမူ ကန်ပေါင်ပေါ်ရှိ အဆောက် အဦလေးထဲမှာ ထားရှိပေးကြောင်း သိရ၍ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ပါသည်။

          ဂြီ ။ နမောတဿ ဘဂဝတော အရဟတော သံမာသံဗုဒ္ဓဿ ပ္ပတိဓမ္မရာဇဿ …. မုနိ အစချီ၍ ရေးသားထားသော ပါဠိစကားလုံးများ၏ အောက်တွင် မြန်မာအဓိပ္ပါယ်ပြန်ဆိုထား သည်မှာ လူတို့၏ သက်တမ်းနှစ်သောင်းကာလ၌ ကဿပဗုဒ္ဓဘုရားသခင်သည် ဤလောက တွင် ပွင့်တော်မူပြီးနောက် ဗာရာဏသီပြည်ကို အမှီပြု၍ ဣသိပတနမည်သော မိဂဓါဝုန် တောဝယ် မဟာဝိဟာရကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အတို့သခင် ဤအရှင်တရားမင်းသည် ကုဋေရှစ်ဆယ်ရှိသော သူကြွယ်ဖြစ်၍ အလှူပေးခြင်း၊ သီလ ဆောက်တည်ခြင်း၊ အထူးထူးသောကောင်းမှုတို့ကို ပြု၏။ ထိုကဿပဗုဒ္ဓဘုရား သာသနာ တော်၌ အသက်အတိုင်းနေ၍ ထိုမှစုတေခဲ့သော် ပါဋလိပုတ်ပြည်တွင် မင်းမျိုး၌ ဖြစ်လာ၏။ ထိုအခါ ရန်စစ်ဝန်ကြီးသည် ထခဲ့၏။ ပါဋလိပုတ်ပြည်တွင် သွား၍ဖြစ်သော အတို့သခင်တရား မင်းသည် ထိုစစ်ကိုလျှင် အကြွင်းမဲ့ရှုံးစေ၍ (ဝါ) အရှုံးကြီး ရှုံးစေ၍ လူအပေါင်းတို့အား ချမ်းသာစေ၏။ အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ အထူးထူးသောကောင်းမှုတို့ကို ပြု၏။ မင်းကျင့်တရားဆယ်ပါးကို စောင့်ထိန်းပြီးလျှင် အသက်အတိုင်းနေ၍ ထို        

ခဲ့သော်                  မပြည် ရာမမင်းမျိုး၌ ဖြစ်လေ၏။ ကိုယ်ပွားကျောက်စာ၏ အောက်ဆုံးစာကြောင်း စာလုံး (၂) လုံးကိုမူ ကျွန်တော် ဖတ်မရခဲ့ပါ။

အရှေ့ဖွားစော၊ မြင်းကပါနှင့် မင်းနန်သူ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း အောက်ပါအတိုင်း လမ်းညွှန်ခဲ့ပါသည် -

                   “ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရေကန်များနှင့်

                   အထင်ကရနေရာများသို့ သွားလာမှုလွယ်ကူချောမွေ့

                   စေရန်အတွက် ဂျင်းကျောက်ဖြင့် လမ်းများခင်းပေးရန်”

          အထက်ပါလမ်းညွှန်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မေလ ၂၈ ရက်နေ့၌ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ဖောက်လုပ်ပေးရမည့်လမ်းများ အခြေအနေ ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လမ်းများကို ဦးစားပေးအဆင့်သတ်မှတ်ခြင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနက တာဝန်ယူမည့်လမ်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန က တာဝန်ယူမည့်လမ်းများ အကြမ်းဖျဉ်းခွဲဝေသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့လျာထားသတ်မှတ်ချက်အရ မိမိတို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက တာဝန်ယူပြုပြင်ဖောက်လုပ်ပေးရမည့် ပထမဦးစားပေး (၆) လမ်းမှာ အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားသောလမ်း၊ မြင်းကပါကျေးရွာတွင်းလမ်းများ၊ ကုန်းတန်းကြီးကျေးရွာအဝင်လမ်း၊ မင်းနန်သူကျေးရွာအဝင်လမ်း၊ အနောက်ဖွားစောကျေးရွာ အဝင်လမ်း၊ ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာ အဝင်လမ်းတို့ ဖြစ်ပါသည်။ ဒုတိယဦးစားပေး (၃) လမ်းမှာ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း၊ မင်းနန်သူကျေးရွာ ရွာတွင်းလမ်းများ၊ တောင်ဘီကျေးရွာ ရွာတွင်းလမ်းများ ဖြစ်ကြသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ကျွန်တော်နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ပြည့်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့် အင်ဂျင်နီယာများ၊ ဒေသမှ တာဝန်ရှိသူများ လိုက်ပါလျက် အထက်ပါလမ်း (၉) လမ်းကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ လမ်း(၉)လမ်းအနက် အရှေ့ဖွားစောကျေးရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်း၊ မြင်းကပါကျေးရွာတွင်းလမ်းများနှင့် ကုန်းတန်းကြီးကျေးရွာအဝင်လမ်းတို့တွင် ပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ အရှေ့ဖွားစော၊ အနောက်ဖွားစောရွာများသည် ပုဂံခေတ် နရသီဟပတေ့မင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မိဖုရားဖွားစောနှင့် ဆက်နွယ်နေသောရွာများ ဖြစ်ကြသည်။ မိဖုရားဖွားစောကို စောလှဝန်း ဟူ၍လည်း ခေါ်ကြ၏။ ပုဂံခေတ်တွင် မိဖုရားသက်တမ်း ရှည်ကြာသူ၊ ဉာဏ်ပညာကြီးသူ၊ ရုပ်ရည်ချောမောသူအဖြစ်နှင့်လည်း ထင်ရှားခဲ့သည်။ နရသီဟပတေ့ဘုရင်ကိုလည်း ထိန်း ကျောင်းတည့်မတ်ပေးနိုင်သူဟူ၍လည်း သိရ၏။ နရသီဟပတေ့မင်း လွန်လေသောအခါ ကျော်စွာမင်းကိုလည်းကောင်း၊ တစ်စီးရှင်သီဟသူကိုလည်းကောင်း ထီးနန်းရရှိအောင် ကူညီ ပေးခဲ့သူလည်း ဖြစ်၏။ မိဖုရားဖွားစောသည် အေဒီ ၁၂၉၅-၉၆ တွင် ကွယ်လွန်သည်ဟု ဖော်ပြထားရာ ယင်းနောက်ပိုင်းတွင် စောဘွဲ့ခံမိဖုရား အများအပြား ပေါ်ထွက်ခဲ့ကြောင်း၊ မိဖုရားဖွားစော၏ ညီမတော်များထဲက တတိယဖွားစောအမည်ခံ မိဖုရားသည် သားတော် သမီးတော်တို့နှင့်အတူ ပုဂံ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာတွင် ရွာကြီးတစ်ရွာ တည်ခဲ့ရာ ဖွားစောရွာဟု အမည်တွင်ခဲ့ကြောင်း သိရသည်။

          အရှေ့ဖွားစောရွာအဝင်မှ ဇေယျဝေရီကန်သို့ သွားရာလမ်းသည် ၁ မိုင် ၃ ဖာလုံခန့် ရှည်လျားပြီး ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ အနိမ့်ပိုင်း ၅၂၄၀ ပေခန့်ကို ၂ ပေ မြေသားထုဖို့ပေးရန် လိုအပ်ပြီး ပေ ၅၀ ရေကျော် (၁) စင်း၊ ပေ ၈၀ ရေကျော် (၁) စင်းနှင့် ပေ ၁၅၀ ရေကျော် (၁) စင်းတို့ကိုလည်း ထည့်သွင်းတည်ဆောက်ပေးရမည် ဖြစ်သည်။ မြင်းကပါရွာသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွက် စံပြကျေးရွာ (Smart Village) အဖြစ် သတ်မှတ်ပြီး ခွင့်ပြုရန်ပုံငွေဖြင့် ရွာတွင်းလမ်း ၇ ဖာလုံ စတင်ဆောင်ရွက်ပေးနေသော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ ရပ်ကွက်ကြီး (၆) ခု၊ အိမ်ခြေ ၁၁၅၁ အိမ်၊ လူဦးရေ ၅၂၆၃ ဦး နေထိုင်လျက်ရှိပြီး သမိုင်းဝင်မနူဟာဘုရား၊ မြစေတီ ဘုရားတို့အပါအဝင် ဘုရားစေတီ ၁၃ ဆူ၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ အထက်တန်း(ခွဲ) ၁ ကျောင်း၊ ဆေးပေးခန်း (၁) ခန်း၊ ဈေး (၁) ခု၊ ယွန်းပစ္စည်းဆိုင် ၁၇ ဆိုင်တို့ ရှိနေပြီး အာဆီယံ နိုင်ငံများအတွင်း လူမှုစီးပွားဘဝမြင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကျေးရွာကွန်ရက် ချိတ်ဆက်မှုအတွက်လည်း ရွေးချယ်ထားသော ကျေးရွာဖြစ်ပေသည်။ စံပြကျေးရွာ (Smart Village) စီမံကိန်းနှင့်အတူ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ယွန်းထည် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပေရာ အနာဂတ်ကာလ ခရီးသွားလုပ်ငန်းကိုပါ များစွာအထောက်အကူပြုမည် ဖြစ်သည်။

          မင်းနန်သူကျေးရွာအဝင်လမ်းသည် ညောင်ဦးမှ ပုဂံမြို့သစ်သို့ ဆက်သွယ်ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းသစ်မှ ရွာတွင်းသို့ဝင်ရသည့် အရှည် ၂.၅၈ ဖာလုံခန့် လမ်းဖြစ်သည်။ ရွာတွင်းသို့ ရောက်သွားသောအခါ၌လည်း ညောင်ဦး- ပုဂံမြို့သစ် ကတ္တရာလမ်းဟောင်းနှင့် ဆုံနေသောကြောင့် ၎င်းအဝင်လမ်း ၂.၅၈ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးပါရန် ဒေသခံများက တင်ပြလာပါသည်။ မင်းနန်သူ ကျေးရွာအတွင်းရှိ ရွာတွင်းလမ်းများ အနေဖြင့်လည်း စုစုပေါင်း ၂.၅ ဖာလုံခန့် ရှိလေရာ ဂျင်းကျောက် ခင်းနိုင်ရေး တွက်ချက်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

          ကုန်းတန်းကြီးကျေးရွာအဝင်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အရှည် ၄ ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင် ဆောင်ရွက်နေပြီ ဖြစ်ရာ ကျန်လမ်း ၁ မိုင်ကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာသို့ သွားသောအဝင်လမ်းကမူ ၁/၄ မိုင် အရှည်ရှိပြီး ၎င်းလမ်းပေါ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် အလျားပေ ၆၀ အနံပေ ၂၀ ရှိ ရေကျော် (၁) စင်း စတင်တည်ဆောက်ပေးနေပြီ ဖြစ်သည်။ ကျန်လမ်းများဖြစ်သည့် အနောက်ဖွားစောကျေးရွာအဝင်လမ်း ၂.၆၅ ဖာလုံ၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း ၃ ဖာလုံ၊ တောင်ဘီကျေးရွာအဝင်လမ်း ၅.၂ ဖာလုံတို့ကိုလည်း လိုက်လံကြည့်ရှုခဲ့ရာ သတ်မှတ် ကာလအမှီ ဂျင်းကျောက်ခင်း၍ ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး၊ လိုအပ်သည့်လမ်းအကျယ် ရရှိရေး ညှိနှိုင်းတွက်ချက် ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

 

ပုဂံလွမ်းချင်း

          ကျွန်တော့်ဘဝမှာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲရောက်ခဲ့ရောက်ခဲ့၊ ထပ်မံ၍ သွားချင်မိ သော မြို့ရွာဒေသများ ရှိနေပါသည်။ မြန်မာပြည်မြောက်ဖက်အစွန်ဆုံးက အိမ်ခြေ ၂၀ ကျော် သာရှိသော ပန်နန်းဒင်မြို့လေးသို့ (၃) ကြိမ်၊ ခေါင်လန်ဖူးမြို့သို့ (၄) ကြိမ်၊ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲက မက်မန်းမြို့လေးသို့ (၄) ကြိမ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသက ဟိုမိန်းမြို့လေးသို့ (၄) ကြိမ် ရောက်ခဲ့ဖူးပါပြီ။ သွားခွင့်ကြုံလျင်လည်း ထပ်၍သွားပါဦးမည်။ ချင်းပြည်နယ်က ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များသည်လည်းကောင်း၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့များသည်လည်းကောင်း၊ ရခိုင် ဒေသ မြို့ရွာများသည်လည်းကောင်း ကျွန်တော့်နှလုံးသားပုံရိပ်ထဲမှာ ထင်ဟတ်နေဆဲ။ ထိုနည်းနှင်နှင်ပင် ကျွန်တော် ထပ်ကာထပ်ကာ ရောက်ဖူးချင်သော နေရာတစ်ခုမှာ ပုဂံ/ ညောင်ဦးဒေသ ဖြစ်သည်။ ပုဂံရှိ ရှေးဟောင်းစေတီဘုရားပုထိုးများ၏ အရိပ်အာဝါသကို မှီခိုနေထိုင်ရင်း ခံစားရသည့် အေးငြိမ်းချမ်းသာမှုသည် ဘယ်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်လောက် အောင် သိမ်မွေ့နူးညံ့လွန်းသည်။ နောက်ထပ် သည့်ထက်ပိုသော အရာတစ်ခုကတော့ သွားလေသူ ဇနီးသည်နှင့်အတူ ကုသိုလ်ပြုခဲ့ဖူးသည့် ဘုရားပုထိုးစေတီများစွာ ရှိနေသော၊ အမှတ်တရများစွာရှိနေသော အရပ်ဒေသတစ်ခု ဖြစ်နေ၍ပါတည်း။ ကျွန်တော် ချစ်သော ပုဂံ၊ ကျွန်တော်လွမ်းမိသော ပုဂံ၊ သည်နေရာ သည်လိုအရပ်ဒေသတွေမှာ လမ်းများပြုပြင်ဖောက် လုပ်ပေးရင်း ကုသိုလ်ပြုခွင့် ထပ်မံရရှိခြင်းအတွက် ဝမ်းမြောက်မိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm