Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


23 Jun,2024

နေပြည်တော် ဇွန်  ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ "လှ"ချည်မျှင်စက်ရုံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက စက်ရုံအနေဖြင့် ရန်ကုန်မြို့ရှိ အထည် စက်ရုံများမှ ထွက်ရှိလာသော အထည်ဖြတ်စ၊ ညှပ်စများကို ဂွမ်းအဖြစ်ပြန်လည်ပြုလုပ်ပြီး ဂွမ်းမှ ချည်မျှင်များထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ချည်ဝယ်ယူ တင်သွင်းမှုကို လျှော့ချနိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဝါစိုက် တောင်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် ဝါမျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစု များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသောဝါများ ဈေးကွက်သေချာစွာရရှိရေးနှင့် စက်ရုံ အတွက်လိုအပ်သော ကုန်ကြမ်းများရရှိရေး ဝါစက်ရုံ၊ ချည်စက်ရုံများနှင့် ချိတ်ဆက်ပေးမည်ဖြစ် ကြောင်း၊ စက်ရုံမှ ထွက်ရှိသောချည်များ ပြည်တွင်း၌သာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် PEP  နို့ထွက်ပစ္စည်းစက်ရုံသို့ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စက်ရုံလည်ပတ်နေမှုအား Video Clip ဖြင့် ရှင်းလင်းတင်ပြပြီးနောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများတင်သွင်းမှု လျှော့ချရေးနှင့် နိုင်ငံခြား သုံးစွဲမှုလျှော့ချရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နို့စားနွားမွေးမြူရေးလုပ်ငန်းများ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများ ရရှိရေး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသောကုန်ကြမ်းများအား   နို့ထွက် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခက်အခဲများ ရှိပါက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့်လည်း ဈေးနှုန်း သက်သာပြီး ကျန်းမာရေးနှင့် ညီညွတ်သော နို့ထွက်ပစ္စည်းများ ပြည်သူများစားသုံးနိုင်ရေး ဦးတည် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သန်လျင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၁၇ ရွာ၊ အိမ်ထောင်စု ၄၉၆၅ စု ၊ လူဦးရေ ၁၈၀၂၆ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် သန်လျင်မြို့နယ်၊ ရုံးသပြေကန်-ပြည်တော်သာကျေးရွာအဝင်လမ်း အရှည် ၂၃၀၀ ပေ ကွန်ကရစ်လမ်းခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်မီရေးအလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များ ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသားတောင်သူများ ကိုယ်တိုင်က မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့် စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများအကျိုး ရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီဖြစ်၍ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိမ်းသိမ်း ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ် ပါဒကြီးကျေးရွာအုပ်စု၊ ပါဒကြီးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးဌာနမှူးက ပါဒကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးမြေဧက ၁၀၀၀ ကို အကျိုးပြုပေးလျက်ရှိသည့် ပါဒကြီးကျေးရွာကျေးလက်ကုန်ထုတ်လမ်း ဂဝံမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ကျေးရွာဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှု စီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူ ကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူ များ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုများပံ့ပိုးပေး နိုင်ရေး ထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှု ရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ စပါးစိုက်တောင်သူများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စိုက်ပျိုးနိုင်သည့် မြေများပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက်အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တောင်သူ များအနေဖြင့်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးငွေများ နှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်းပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကျောက်တန်းမြို့နယ် သီလဝါ(စက်မှုဇုန်)ရှိ Xin Fa (Myanmar) Textile  ကုမ္ပဏီ၏ အထည်အလိပ်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်ပမှ ကုန်ကြမ်းရယူပြီး ကုန်ချောပြန်ပို့သည့်စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်နေမှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက အထည်စက်ရုံများမှ စွန့်ပစ်အထည်ဖြတ်စများ၊ ညှပ်စများကို Recycle အနေဖြင့် ပြန်လည်အသုံးချပြီး ဂွမ်းမှ ချည်အဖြစ် ပြန်လည်ထုတ်လုပ်မှုဖြစ်၍ နိုင်ငံအတွက် အကျိုးရှိ ပါကြောင်း၊ ထုတ်လုပ်သော ချည်မျှင်များ အရည်အသွေးကောင်းမွန်ရေး ဈေးကွက်သေချာစွာ ရရှိရေး ဆောင်ရွက်ပြီး လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်းမှ ဝါကုန်းကြမ်းများ ရယူပြီး ထွက်ရှိလာသော ချည်ကုန်ချောများကို ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူးနိုင်ပါက ပြည်ပမှ ချည်တင်သွင်းမှု လျှော့ချနိုင်မှာဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်တွင်း၌ ချည်ချောများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး တက္ကသိုလ်ပိုင် မြေနှစ်ဧကပေါ်တွင် Myanmar V.S.R Group ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်ရန်လျာထားသည့် အိန္ဒိယစားသောက်ဆိုင်၊ မီးဖိုချောင်သုံးနှင့် လူသုံးကုန်ပစ္စည်းဆိုင်များ၊ Mini Mart၊ ဖူဆယ်အားကစားကွင်း၊ Food Court နှင့် အများပြည်သူ အပန်းဖြေနေရာများ ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm