Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲနှင့် မိုးစပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်


19 Jun,2024

နေပြည်တော် ဇွန် ၁၉

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲနှင့် ဒေသခံတောင်သူများ၏ မိုးစပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ သမဝါယမအသင်း၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သမဝါယမအသင်းများ၊ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများစုပေါင်း၍ သမဝါယမ အသင်းများဖွဲ့စည်း၍ မခိုမကပ်ဘဲ ကြိုးစားကာ တက်ညီလက်ညီ စီးပွားဖြစ်လယ်ယာ ကုန်ထုတ် လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံး ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ စက်မှုလယ်ယာစနစ် ဖော်ဆောင်နိုင်ရန် သမဝါယမစနစ်ဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ စပါးစိုက် တောင်သူများ အနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေး  အဓိက အရေးကြီးဆုံးမှာ ကောင်းမွန်သော မျိုးကောင်း မျိုးသန့်ကို ရွေးချယ်ရန်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ဒါ့အပြင် စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် နေပြည်တော်ကောင်စီအပါအဝင် အခြားဒေသများသို့ မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများ ပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှု အဆင့်အတန်းမြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ် ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်းပြောကြား ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ရဲမိုးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း နွေစပါးနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် မျိုးကောင်းမျိုးသန့်များ ရရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တစ်နိုင်ငံလုံး မျိုးလိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ များအားလည်းကောင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ နည်းပညာဆောင်ရွက်ပေးနိုင်မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာရှိ ဒေသခံတောင်သူကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုးစပါးထုတ်လုပ်မည့် တောင်သူများသို့ မိုးစပါးရာသီ စိုက်ပျိုးမှုလုပ်ငန်းအတွက် သွင်းအားစုများ ဖြစ်သည့် မျိုးစေ့၊ ဓါတ်မြေဩဇာများအား တောင်သူများလက်ဝယ်အရောက်ထောက်ပံပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm