Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများ တက်ရောက်


18 Jun,2024

နေပြည်တော် ဇွန် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား များအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကမ္ဘာပေါ်ရှိ လူနှင့် သက်ရှိသတ္တဝါအားလုံး၏ ၉၀ ရာခိုင်နှုန်းဟာ သစ်ပင်သစ်တောများကို မှီခိုနေထိုင်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များက လိုအပ်သည့် အစားအစာများ၊ အသုံးအဆောင်များ၊ သစ်တော ထွက် ပစ္စည်းအမျိုးမျိုး စသည်တို့ကို ထောက်ပံ့ပေးနိုင်ခြင်း၊ မြေဆီလွှာနှင့်ရေကို ထိန်းသိမ်းပေးခြင်း ကြောင့် သောက်သုံးရေများကို ရယူသုံးစွဲနိုင်ခြင်း၊ အောက်စီဂျင်ကို ထုတ်ပေးနိုင်ခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူနိုင်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်း ခြင်းဟာ အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျော ညီထွေမှုအဖြစ်ဆုံး လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တော ထိန်းသိမ်းခြင်းလုပ်ငန်းများကို သဘာဝ အခြေခံဖြေရှင်းသည့် နည်းလမ်းအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း ယခု နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာရှိ အများပိုင်မြေနေရာတွင် ကျွန်းပင်(၃၀၀)၊ ပျဉ်းကတိုးပင်(၁၅)ပင်၊ ပိတောက်ပင်(၁၀၀)၊ တမာပင် (၁၀၀) ၊ ကုက္ကိုလ်ပင်(၂၅၀)၊ မန်ကျည်းပင် (၁၅၀)၊ ကြိမ်ရိုး (၁၅)ပင်၊ မယ်ဇလီပင်(၁၀၀) ၊ ကံ့ကော်ပင်(၁၀)ပင်၊ ခရေပင် (၃)ပင် စသည့် အရိပ်ရနှစ်ရှည်ပင် (၅၁၃) ကို စုပေါင်း စိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့ဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးများနှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် တစ်ပြိုင် တည်း စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ သစ်ပင်များစိုက်ပျိုးရာမှာလည်း စိုက်ပျိုးရုံနှင့်မပြီးဘဲ စိုက်ပျိုး ပြီးသောသစ်ပင်များ ရှင်သန်ကြီးထွားရေးကို သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပြုစု ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်ပါကြောင်း၊ ဒါမှသာ မိမိတို့ စိုက်ပျိုးထားသော သစ်ပင်များ ရှင်သန်ကြီးထွား လာပြီး အကျိုးရှိစေမှာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိ ရာမှာ ယခုကဲ့သို့ အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်နှင့် စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုသည့် ဆိုရိုးစကားနှင့်အညီ သစ်ပင်စိုက်ခြင်းကြောင့် မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရခြင်း၊ အများအကျိုး ရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်ခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိကြမှာ ဖြစ်သည့်အတွက် သစ်ပင်တွေစိုက်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေး မှူးချုပ်များက ကံ့ကော်ပင်များ စိုက်ပျိုးပေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသားများ၊ ကျောင်းသားကျောင်းသူများက ကျွန်း၊ ပိတောက်၊ တမာပင်၊ ကုက္ကိုလ်၊ မယ်ဇလီ စသည့် အရိပ်ရနှစ်ရှည်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာရှိ မွေးမြူရေး အစုအဖွဲ့များမှ ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း RBF ရန်ပုံငွေ၊ ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစီမံကိန်း(IPRCC)ရန်ပုံငွေတို့ဖြင့် အသားတိုးဝက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကျေးရွာကော်မတီတို့ပူးပေါင်း၍ စက်ရက်ကန်းဖြင့် ပိတ်စများစမ်းသပ်ထုတ်လုပ်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။

ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၌လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်အဆင့်/ မြို့နယ်အဆင့် ရုံးများ၌ လည်းကောင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဝန်ထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများတွင် ကျွန်းပင်(၃၀၀)၊ ပျဉ်းကတိုး(၁၅)ပင်၊ ပိတောက်ပင်(၁၀၀)၊ ရေတမာ(၁၂၅)ပင် ၊ ကုက္ကိုလ်ပင်(၂၅၀)၊ ခရေ(၂၃)ပင်၊ ကံကော် (၁၀)ပင်၊ မန်ကျည်း(၁၅၀)ပင် ၊ ကြိမ်ရိုး (၁၅)ပင်၊ မယ်ဇလီပင်(၁၂၀) ၊ မဟော်ဂနီ (၄၅)ပင်၊ စက္ကူပန်းပင်(၄၀)၊ နွယ်သာကီပင် (၁၅၀)၊ ပန်းအိပင်(၄၀)၊ ငုဝါပင်(၄၅)၊ စိန်ပန်း(၄၅)ပင်နှင့် ပျဉ်းမပင်(၂၀) စသည့် အရိပ်ရနှစ်ရှည်ပင် အမျိုးအစား (၁၇)မျိုး စုစုပေါင်း (၁၄၉၃) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm