Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်ကို လေ့လာခြင်း


13 Jun,2024

ခန့်ဇော်(ကျေးလက်)

အာရှ-ပစိဖိတ်အပြည်ပြည်ဆိုင်ရာသမဝါယမမဟာမိတ်အသင်း(International Cooperatives Alliance Asia and Pacific (ICA-AP))၏အဆိုအရ သမဝါယမအသင်းများသည် အများ သဘောတူ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်စေရန် အသင်းဝင်များကိုယ်တိုင်စီမံဆောင်ရွက်ရသည့် ပြည်သူဗဟိုပြုစီးပွားရေးလုပ်ငန်းများ ဖြစ်သည် ဟုဆိုပါသည်။

သမဝါယမ၏တန်ဖိုး

          သမဝါယမတန်ဖိုးသည် မိမိကိုယ်မိမိတာဝန်ယူခြင်း၊ ကူညီခြင်း၊ ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ စည်းလုံးညီညွတ်မှုစသည့်တန်ဖိုးများအပေါ် အခြေခံထားရှိပြီး ထုံးတမ်းစဉ်လာအရ ရိုးသားမှု၊ပွင့်လင်းမှု၊ လူမှုရေးရာတာဝန်ယူမှုများမှာ သမဝါယမ၏ကျင့်ဝတ်တန်ဖိုးများဖြစ်ပါသည်။

သမဝါယမ၏အခြေခံမူများ

          သမဝါယမတန်ဖိုးများကို လက်တွေ့ကျင့်သုံးရန် အခြေခံမူများသတ်မှတ်ထားရှိရာ ၎င်းတို့မှာ

          ၁။      ဆန္ဒအလျောက်အသင်းဝင်မှုနှင့်အသင်းဝင်ဖြစ်ရန်ကန့်သတ်ချက်များ မထားရှိခြင်း၊

          ၂။       အသင်းဝင်များအား ဒီမိုကရက်တစ်နည်းလမ်းဖြင့်သာ ထိန်းကွပ်ပဲ့ကိုင်ခြင်း၊

          ၃။      အဖွဲ့ဝင်များ အညီအမျှထည့်ဝင်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း၊

          ၄။      ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်ရှိခြင်း၊

          ၅။      ပညာပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်း၊

          ၆။      သမဝါယမအသင်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့်

          ၇။        အဖွဲ့အစည်း၏အကျိုးစီးပွားအတွက်ဖွဲ့စည်းထားသောလုပ်ငန်းဖြစ်ခြင်းတို့ဖြစ်ပါသည်။

          အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာသမဝါယမ မဟာမိတ်အသင်း (ICA-AP)တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ အဖွဲ့ဝင်သမဝါယမအသင်း (၄)သင်း ပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀)ကျော်ကတည်းကပင် သမဝါယမစနစ် ဆောင်ရွက် ခဲ့ပြီး မြို့ရွာများ၏(၉၅)ရာခိုင်နှုန်းတွင် အခြေခံကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေးသမဝါယမ အသင်းများရှိပါသည်။ စိုက်ပျိုးရေး၊ လက်မှုပညာနှင့် ကျေးလက်ချေးငွေလုပ်ငန်းကဏ္ဍများသည် လူကြိုက်အများဆုံးဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာလူမှုဝန်ဆောင်မှုလုပ်ငန်းများ၊ ကျေးလက် ဒေသ E-commerceလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာသမဝါယမအသင်းအဖွဲ့များ ကဲ့သို့သော ကုန်စည် ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ သမဝါယမအသင်းများသည် ကျေးလက် ဒေသစီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။

သမဝါယမကဏ္ဍဖွဲ့စည်းပုံအဆင့်ဆင့်

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သမဝါယမအသင်းအဖွဲ့များကို အဆင့်(၅)ဆင့်ဖြင့် ဖွဲ့စည်း ထားရှိပြီး ၂၀၁၇ခုနှစ်စာရင်းအရ နိုင်ငံတော်အဆင့်တွင် ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ်(ACFSMC) (၁)ခု၊ ပြည်နယ်အဆင့်တွင် သမဝါယမအသင်းအဖွဲ့ (၃၂)ဖွဲ့၊ ကောင်တီစီရင်စုအဆင့်တွင် (၃၄၂)ဖွဲ့၊ မြို့နယ်အဆင့်တွင် (၂,၄၀၂)ဖွဲ့၊ ကျေးရွာအဆင့်တွင် သမ ဝါယမအသင်းအဖွဲ့ (၃၀,၂၈၁)ဖွဲ့အထိရှိကြောင်းသိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း သမဝါယမလုပ်ငန်းပေါင်း (၃၇,၆၅၂)ခုအထိ ရှိလာပြီဖြစ်ပါသည်။

          ကျေးလက်လယ်ယာစီးပွားရေးကို မြှင့်တင်ရန်နှင့် အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့တွင် အနည်းဆုံး အမျိုးသမီး(၁)ဦး ကိုယ်စားပြု ပါဝင် စေသည်ကို တွေ့ရှိရပါသည်။ သမဝါယမအသင်းများတွင် အမျိုးသမီးခေါင်းဆောင် (၃၃) ရာခိုင်နှုန်းရှိပြီး အဖွဲ့ဝင်ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သမဝါယမကဏ္ဍပြောင်းလဲမှုအဆင့်ဆင့်သမိုင်းကြောင်း

          ၁၉၂၀ ပြည့်နှစ်အစောပိုင်းကာလတွင် စိုက်ပျိုးရေးဆိုင်ရာဈေးကွက်ရှာဖွေခြင်းနှင့် ချေးငွေ လုပ်ငန်းဆိုင်ရာသမဝါယမအသင်းများ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ သမဝါယမအသင်းများအားလုံးကို စုစည်း၍ တရုတ်ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအသင်းများဌာနချုပ်(United Headquarters of the Chinese Supply and Marketing Cooperatives)ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် ယင်းကို ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက် ရှာဖွေရေးသမဝါယမအသင်းချုပ်(All-China Federation of Supply and Marketing Cooperatives) (ACFSMC)အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ စတင်ဖွဲ့စည်းချိန်မှစ၍ ACFSMCသည် တောင်သူ များ၏အကျိုးစီးပွားအတွက် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် သမဝါယမ အသင်းအဖွဲ့များအတွက်စနစ်သစ်ကို ဖော်ဆောင်ရန်ကြိုးပမ်းခဲ့ပြီး ၂၀၀၇ခုနှစ်တွင် ခေတ်မီဈေးကွက် ရှာဖွေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကုန်ထုတ်လုပ်မှုအတွက်ဝန်ဆောင်မှုပေးသည့် ကွန်ယက်စနစ် (New Net Project)ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် လယ်ယာ ထွက်ကုန်များတိုးမြင့်စေရန်နှင့် တောင်သူများဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တောင်သူသမဝါယမ အသင်းများကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချမှုကိုမြှင့်တင်ရန် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အဆင့်များတွင် E-Commerce စနစ်နှင့် ဖြန့်ဖြူးရေးစနစ်များကို စတင်ကျင့်သုံးခဲ့ရာ ၂၀၁၈ ခုနှစ်တွင် E-Commerce ကုမ္ပဏီပေါင်း ၁,၅၇၁ ခုသည် သမဝါယမ အသင်းများနှင့် လည်ပတ်လုပ်ဆောင်လျက်ရှိပြီဖြစ်ပါသည်။

သမဝါယမဥပဒေ

          သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိန်းကျောင်းကာကွယ်နိုင်ရန် ဥပဒေပြဋ္ဌာန်းခဲ့ရာ ပထမဆုံးသမဝါယမဥပဒေကို ကူမင်တန်အစိုးရလက်ထက် ၁၉၃၀ပြည့်နှစ်တွင် လည်းကောင်း၊  ကျေးလက်ဒေသများ၌ သမဝါယမအသင်းများ ထူထောင်ရေး၊ ‌အကာအကွယ် ပေးရေးနှင့် လိုအပ်သောအကူအညီများ ထောက်ပံ့ပေးရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏သမဝါယမဥပဒေကို ၁၉၅၀ပြည့်နှစ်တွင်လည်းကောင်း၊  ခေတ်မီစိုက်ပျိုးရေးစနစ်နှင့် စီမံ ခန့်ခွဲမှုစနစ်သစ်များ မြှင့်တင်ရန်နှင့် တောင်သူများ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တောင်သူ များကိုအထူးပြုသည့်သမဝါယမဥပဒေကို ၂၀၀၇ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။ တောင်သူ အထူးပြုသည့်ဥပဒေကို ၂၀၁၇ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဥပ‌ဒေရှိ အဓိကအချက်များ

          ပြန်လည်ပြင်ဆင်သည့်ဥပဒေတွင် တောင်သူလယ်သမားများအား အလေးပေးသည့် ပြဌာန်း ချက်များ ပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည်-

(က)    တောင်သူလယ်သမားသမဝါယမအသင်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုခြင်း၊

( ခ )   အသင်းဖွဲ့စည်းရာတွင် အမျိုးအစားတူလယ်ယာ ထွက်ကုန်လုပ်ကိုင်သူများဖြင့်သာ စုဖွဲ့ရမည်ဟူသည့်ကန့်သတ်ချက်အား ပယ်ဖျက်ခဲ့ခြင်း၊

( ဂ )   သမဝါယမအသင်းဝင်များအား ၎င်းတို့၏မြေယာစီမံခန့်ခွဲပိုင်ခွင့်နှင့် သစ်တောဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ခွင့်ကဲသို့ စိစစ်တွက်ချက်၍ရသော၊ လွှဲပြောင်းပေးအပ်နိုင်သော ငွေကြေးအရမဟုတ်သည့်ပိုင်ဆိုင်မှုများအား ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း၊

(ဃ)    လယ်ယာထွက်ကုန်များထုတ်လုပ်ရာတွင် အကြိုလုပ်ငန်းစဉ်အဆင့်တွင်အသုံးပြုသည့် ဓာတ်အားခကို လျှော့ပေါ့ပေးခြင်းနှင့် လယ်ယာထုတ်ကုန်များ၏စံသတ်မှတ်ဈေးနှုန်း ပေါ်မူတည် ကောက်ခံပြီးစက်မှုထုတ်ကုန်များ၏ဓာတ်အားခထက် သက်သာခြင်း။

စိုက်ပျိုးရေးကဏ္ဍတွင် သမဝါယမစနစ်မြှင့်တင်ခြင်းဖြင့် ကျေးလက်စီးပွားရေး အားကောင်းလာ စေခြင်း

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သမဝါယမစနစ်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရပြီး အဓိကအားဖြင့်

(က)    မြေယာယုံကြည်အပ်နှံမှုမှတစ်ဆင့်အခြေခံဝန်ဆောင်မှုများပေးခြင်း (ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းနှင့် လယ်ယာထွက်ကုန်များရောင်းချခြင်းကဲ့သို့ဝန်ဆောင်မှုများ)၊

( ခ )   မြေယာလုပ်ကိုင်ခွင့်လွှဲပြောင်းခြင်းပေါ်အခြေခံသည့် အကြီးစားဝန်ဆောင်မှုများ၊

(ဂ )    စိုက်ပျိုးရေးထုတ်ကုန်များကို အွန်လိုင်းမှတစ်ဆင့်ရောင်းချသည့်E-Commerceစနစ် ထူထောင်ပေးခြင်း၊             

(ဃ)    ထုတ်ကုန်များ ဖြန့်ဖြူးရေးကွန်ယက် ဖန်တီးပေးခြင်း၊

( င )   နည်းပညာဝန်ဆောင်မှုများပေးခြင်း(ဥပမာ-မြေဆီလွှာစမ်းသပ်ပေးခြင်း)၊

( စ )   သိပ္ပံနည်းကျသုတေသနပြုလုပ်ခြင်း၊

(ဆ)    စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုအလုံးစုံ ပံ့ပိုးပေးခြင်း၊

( ဇ )   စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခြင်း၊

( ဈ )   ပေါင်းစပ်ဝန်ဆောင်မှုစင်တာများ တည်ထောင်ပေးခြင်း (၂၀၁၈ ခုနှစ်စစ်တမ်းအရ ကျေးရွာ(၇၀)ရာခိုင်နှုန်းတွင် စင်တာပေါင်း (၄၂၂,၀၀၀) တည်ဆောက်ပြီးဖြစ်ခြင်း)၊

(ည)    စိုက်ပျိုးရေးအခန်းကဏ္ဍကို တိုးချဲ့ခြင်း (ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဂေဟစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သောအခြားလုပ်ငန်းများနှင့်ပေါင်းစပ် ဆောင်ရွက်ခြင်း)။

အပြည်ပြည်ဆိုင်ရာ သမဝါယမကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ

          တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သမဝါယမကဏ္ဍ အားကောင်းလာစေရန်နှင့် နိုင်ငံတကာ သမဝါယမအသိုက်အဝန်းကို တည်ဆောက်နိုင်ရန် ပဏာမအဆင့်အနေဖြင့် ဘဏ္ဍာရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ နည်းပညာဖလှယ်မှုနှင့် သမဝါယမအသင်းတစ်ခုမှ သမဝါယမအသင်း တစ်ခုသို့(C2C)ကုန်သွယ်မှုတို့ကို အဓိကထား လုပ်ဆောင်လျက်ရှိပါသည်။ ACFSMCသည် National Agricultural Cooperative Federation of Korea နှင့် ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ South African National Apex Cooperative(SANACO)နှင့် ၂၀၁၃ ခုနှစ်တွင်လည်းကောင်း နားလည်မှုစာချွန်လွှာများ(Memorandum of Understanding-MOU)များ ရေးထိုးခဲ့ပြီး သမဝါယမ လုပ်ငန်းများအားလုံးအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဘရာဇီး၊ ဘူလ်ဂေးရီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ် အပါအဝင် အခြားနိုင်ငံများနှင့်လည်း C2C ကုန်သွယ်မှုဆက်ဆံရေး တည်ဆောက်ထားရှိသည်ကို တွေ့ရပါသည်။

 

အောင်မြင်မှုရရှိခဲ့သည့်သမဝါယမလုပ်ငန်းများ

(က)    ဒါဘိုင်း (Darbie)တောင်ပေါ်ဒေသ ဆင်းရဲမှု လျော့ချပေးခြင်း

          တရုတ်နိုင်ငံအရှေ့ခြမ်းရှိ အန်ဟွေး(Anhui)၊ ဟူဘေး(Hubei)နှင့် ဟီနမ်(Henam)ပြည်နယ် တို့၏နယ်စပ်တွင်ရှိသည့် ဒါဘိုင်း(Darbie)တောင်ပေါ်ဒေသသည် ဝေးလံခေါင်းပါး သွားလာရ ခက်ခဲသော ဆင်းရဲနွမ်းပါးဒေသဖြစ်ရာ ကျေးရွာများတွင် လ္ဘက်စိုက်ပျိုးခြင်း၊ သစ်သီးဝလံနှင့် ဆေးဖက်ဝင်အပင်များစိုက်ပျိုးထုတ်လုပ်ခြင်းကဲ့သို့သော မိရိုးဖလာလုပ်ငန်းများကို အခြေခံ၍ သမဝါယမအသင်းများဖွဲ့စည်းစေပြီး ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

( ခ)     ခေတ်မီလယ်ယာသုံးစက်ပစ္စည်းဝန်ဆောင်မှု သမဝါယမအသင်း

ဟေလောင်ကျင်း(Heilongjiang)စီရင်စုရှိ ရန်ဖာခေတ်မီလယ်ယာ စက်ပစ္စည်းဝန်ဆောင်မှု သမဝါယမအသင်းသည် လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် လယ်ယာသုံးစက် ပစ္စည်းဝန်ဆောင်မှုများပေးရန် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်တောင်သူလယ်သမား များအနေဖြင့် ၎င်းတို့၏လယ်ယာမြေများအား အသင်းသို့ လွှဲပြောင်းပေးပါက  အကျိုးအမြတ် အနေဖြင့် အစုရှယ်ယာများ ရရှိမည်ဟု သတ်မှတ်ခဲ့ကြပါသည်။ မြေတန်ဖိုးကို ဈေးကွက်၏ တန်ဖိုးထက် ၅၀ ရာခိုင်နှုန်းမြင့်၍ ခန့်မှန်းတန်ဖိုးသတ်မှတ်ပေးခဲပြီး လုပ်ငန်းအမြတ်အစွန်းအား နှစ်ကုန်တွင် ပစ္စည်းအစုရှယ်ယာနှင့် ငွေသားရှယ်ယာပုံစံနှစ်မျိုးဖြင့် ခွဲဝေပေးခဲ့ပါသည်။ ထို့အပြင် တောင်သူလယ်သမားများအနေဖြင့် မြေယာလွှဲပြောင်းပေးခြင်းဖြင့် နှစ်စဉ် ၃၅၀RMB/mu အာမခံ ထားသော အမြတ်ဝေစုကိုရရှိပြီး သမဝါယမအသင်းထံမှ ချေးငွေယူမည်ဆိုပါကလည်း အဆိုပါ လွဲပြောင်းထားသော မြေယာကို အာမခံအဖြစ် အသုံးပြုနိုင်ပါသည်။  အဆိုပါလွဲပြောင်းမြေယာ များအား သမဝါယမအသင်းမှ အတူတကွ စီမံခန့်ခွဲလုပ်ကိုင်သော်လည်း မြေယာအတွက် အစိုးရထံမှ ရရှိသည့် ထောက်ပံ့ငွေများကိုမူ တောင်သူများမှ တိုက်ရိုက်ခံစားနိုင်ခွင့်ရှိကြပေသည်။

အသင်းဝင်တောင်သူများအတွက် အကျိုးအမြတ်သေချာမှုရှိစေသည့်အပြင် လုပ်ငန်း လည် ပတ်မှုဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြေများကို အသင်းမှ တာဝန်ယူသည့်အတွက် အသင်းဝင်ဖြစ်ရန် ပိုမို စိတ်အား ထက်သန်လာကြပြီး အဆိုပါနည်းလမ်းအား ကျင့်သုံးသည့် တစ်ပတ်အတွင်းမှာပင် ကျေးရွာရှိစုစုပေါင်းအိမ်ထောင်စု၏၄၀ရာခိုင်နှုန်း၊ တောင်သူလယ်သမား (၃၀၇)ဦးသည် အသင်းသား အဖြစ် ဝင်ရောက်လာခဲ့ပါသည်။ အကျိုးရလဒ်အနေဖြင့် စိုက်ပျိုးထွန်ယက်မြေဧရိယာ ၁၀၀၀ ဟက်တာ အထိ တိုးပွားလာနိုင်ခဲ့ပြီး  အကြီးစားလယ်ယာသုံးစက်ပစ္စည်းများအားလည်း လက်တွေ့ ပိုမို အသုံးပြုနိုင်ခဲ့ကာကုန်ကျစရိတ်အမျိုးမျိုးကိုလည်း လျော့ချနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

အမြတ်အစွန်းပိုမိုရရှိစေရန် တိုးချဲ့ဆောင်ရွက်ခြင်း

ထို့နောက် သမဝါယမအသင်းသည် အာလူးစိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုအပ်သောမျိုးစေ့ နှင့် ထုတ်လုပ်မှုနည်းပညာကို ပံ့ပိုးပေးမည့် ဩစတြေးလျနိုင်ငံအခြေစိုက် Mc Cain Harbin ကုမ္ပဏီနှင့် ၂၀၁၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ခဲ့သဖြင့် စုစုပေါင်းစိုက်ပျိုးမြေ၏၁၃.၃%သာ အာလူးစိုက်ပျိုးခဲ့သော်လည်း အသင်း၏လုပ်ငန်းအားလုံးမှရရှိသော စုစုပေါင်းအမြတ်၏ ၃၄.၄%အထိ အမြတ်ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ အမြတ်အစွန်းပိုမိုရရှိလာသည်နှင့်အမျှ သီးနှံ အထွက်တိုး လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နိုင်ခဲ့ရာ ထုတ်လုပ်မှုကွင်းဆက်လုပ်ငန်းစဉ်အဖြစ် ကုန်ချော ထုတ်လုပ်ခြင်းကိုပါ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

(ဂ)     နို့စားနွားမွေးမြူရေးသမဝါယမအသင်းချုပ်

နို့စားနွားမွေးမြူရေးသမဝါယမအသင်းချုပ်ကို ၂၀၀၆ ခုနှစ်တွင် ပေကျင်းမြို့၌တည်ထောင် ခဲ့ပြီး လီဂျီကျောင်း(Ligezhuang) နို့စားနွားမွေးမြူရေးသမဝါယမအသင်းကို Miyunစီရင်စုအတွင်း နို့စားနွားမွေးမြူသည့်သမဝါယမအသင်းများ၊ နို့စားနွားမွေးမြူရေးခြံလုပ်ငန်း ဆောင်ရွက်သည့် တောင်သူများနှင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ Ligezhuang သမဝါယမအသင်းမှ ထုတ်လုပ်ရရှိသည့် နွားနို့ထွက်ရှိနှုန်းသည် စီရင်စုတစ်ခုလုံးရှိ ထုတ်လုပ်မှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ ဈေးကွက်ချဲ့ထွင်နိုင်ရန်၂၅ တန်ဆံ့ကုန်တင်ကား (၄) စီးဝယ်ယူခဲ့ကာ အခြားမြို့များသို့  တိုးချဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အပြင်  ဟီဘေး(Hebei)ပြည်နယ်ရှိ ဆန်းယွန်း(Sanyuan)နို့ထွက် ပစ္စည်းစက်ရုံအနီးတစ်ဝိုက်အထိ ပို့ဆောင်၍ ဈေးကွက်ကိုထိုးဖောက်နိုင်ခဲ့သဖြင့် ယခင်က လျော့ ဈေးဖြင့်ဈေးနှိမ်ခံ၍ နို့ထွက်ပစ္စည်းစက်ရုံသို့ နွားနို့များရောင်းချခဲ့ကြရသည့် နို့စားနွားမွေးမြူရေး သမားများ၏အခြေအနေကို လုံးဝ ပြောင်းလဲပေးနိုင်ခဲ့ပါသည်။

(ဃ)    ဈေးကွက်ရှာဖွေရေးသမဝါယမအသင်း

ဂျင်ဆု(Jiangsu)ပြည်နယ်ရှိ ဆူးဟီရန်ကျိုး(Suhe Yangzhou) စျေးကွက်ရှာဖွေရေး သမ ဝါယမအသင်းကို ရင်းနှီးမြှုပ်နှံငွေ ယွမ် ၂၇.၁၈၈ သန်းဖြင့် ၂၀၀၉ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် စတင်ထူထောင်ခဲ့ရာ ထိုရင်းနှီးမြှပ်နှံငွေများအနက် ယွမ် ၆ သိန်းသည် အဖွဲ့ဝင်များ၏ငွေသား ထည့်ဝင်ခြင်းဖြစ်ပြီး ကျန်ငွေများမှာ  သမဝါယမအသင်း (၂၂)ဖွဲ့၏ ရင်းနှီး မြှုပ်နှံငွေဖြစ်ပါသည်။ သမဝါယမအသင်းသည် ကြာမြစ်၊ ကြက်ဥနှင့် ပျားရည်စသည့် ထုတ်ကုန် ၁၇ မျိုး ထုတ်လုပ်ပြီး ၎င်းထုတ်ကုန်များအား ရန်ကျိုး(Yangzhou)မြို့ရှိ အရောင်းဆိုင် ၆ ဆိုင်သို့ တိုက်ရိုက်ပေးပို့ရောင်း ချ၍ စိုက်ပျိုးရေးထွက်ကုန်များအတွက် အရောင်းဈေးကွက်ကို ဖြည်းဖြည်းချင်း တည်ထောင်နိုင်ခဲ့ သည်ကို တွေ့ရှိရပါသည်။

ဘာကြောင့်အောင်မြင်သလဲ၊ ဘာတွေပြုပြင်ရမလဲ

          တရုတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချရေးတွင် သမဝါယမကဏ္ဍသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည်ကိုတွေ့ရှိရပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင် သည်ကို တွေ့ရှိရပေသည်။

          အောင်မြင်ရသည့်အကြောင်းရင်းများကို လေ့လာကြည့်ရာတွင် အသင်းအဖွဲ့များ၏စုပေါင်း အင်အားကြီးမားသည့်အတွက် လုပ်နိုင်သည့်လုပ်ငန်းပမာဏ ကြီးမားခြင်း၊ ကုန်ချောထုတ်လုပ်မှု  အထိ Industrialize ဆောင်ရွက်နိုင်ခြင်း၊ အသင်းအဖွဲ့ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းကြီးများ ကဲ့သို့ စီးပွားဖြစ်လုပ်ဆောင်နိုင်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှုကို E-Commerc eစနစ်ဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ထိရောက်မြန်ဆန်စွာရောင်းချနိုင်ခြင်း၊ လုပ်နိုင်စွမ်းရှိသူများက ဦးစီး ရှေ့ဆောင် ဆောင်ရွက်သည့်အတွက် အလုပ်တွင်ပြီး အကျိုးဖြစ်ထွန်းမှုရှိခြင်း၊ ဥပဒေနှင့် မူဝါဒများ ခိုင်မာစွာချမှတ်ထားရှိပြီး လိုလားချက်နှင့် လိုက်လျောညီထွေရှိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။

          ဤသို့ အောင်မြင်မှုများ အားရဖွယ်တွေ့မြင်ရသကဲ့သို့ တစ်ဖက်တွင်လည်း အခက်အခဲ အတားအဆီးနှင့် စိန်ခေါ်မှုများရှိနေသည်ကို တွေ့မြင်ရပါသည်။ လုပ်ငန်းတူအဖွဲ့အချင်းချင်း ပေါင်း စည်းလုပ်ကိုင်ခြင်း(horizontal integration) (သို့မဟုတ်) ထုတ်လုပ်ဖြန့်ချီရောင်းချသည့် အဆင့် တွင် ပါဝင်သည့်အခြားအဖွဲ့များနှင့် အထက်အောက်ပေါင်းစည်းလုပ်ကိုင်ခြင်း(vertical integration) သည် ဈေးကွက်တွန်းအားကြောင့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာခဲ့ရာ တောင်သူသမဝါယမအသင်း များ အနေဖြင့် အဓိကစိန်ခေါ်မှု(၃)ရပ် ရင်ဆိုင်ခဲ့သည်ကို တွေ့ရပါသည်-

          (က)    တောင်သူသမဝါယမအသင်းများ၏စီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ခြင်း၊

          ( ခ )   တောင်သူသမဝါယမအသင်းများတွင် ကျွမ်းကျင်ဝန်ထမ်း မရှိခြင်း၊ လိုအပ်ခြင်း၊

          ( ဂ )   မူဝါဒများ၊ သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများသည် တောင်သူ သမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်း မပေးနိုင်ခြင်း။

          ထိုစိန်ခေါ်မှု (၃)ရပ်သည် တရုတ်နိုင်ငံအတွက်သာမက မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ တောင်သူသမဝါယမအသင်းများအတွက်လည်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများပင် ဖြစ်ပါသည်။ သမဝါယမစနစ်သည် စုပေါင်းလုပ်ဆောင်ရခြင်းဖြစ်၍ သွင်းအားစုများ ပံ့ပိုးခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ကုန်စည်ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို အစုအဖွဲ့အင်အားဖြင့် အချိန်တို အတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်သည့် အားသာချက်များရှိပါသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်နိုင်ရန် စီမံခန့်ခွဲမှုအားကောင်းသော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သကဲ့သို့ အသင်းဝင်အဖြစ် ပါဝင်လိုသူများတွင် အသင်းအဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်လိုသည့်အသင်းအဖွဲ့ စိတ်ဓာတ်ရှိရန်လိုအပ်ပါသည်။ အသင်းအဖွဲ့ကို ဦးစီးရှေ့ဆောင် ဆောင်ရွက်သူများသည်လည်း ဈေးကွက် စီးပွားရေးအသိအမြင် ကြွယ်ဝရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် သမဝါယမအသင်းများတွင် စီးအပွားရေးလုပ်ငန်းရှင်ကြီးများ၏ပူးပေါင်းပါဝင် ပံ့ပိုးမှုရှိရန် အထူး လိုအပ်လှပါသည်။ သို့မှသာ တန်ဖိုးကွင်းဆက်များ တစ်ခုနှင့် တစ်ခုချိတ်ဆက်၍ လုပ်ငန်း နယ်ပယ်များ တိုးချဲ့လာနိုင်ပြီး အောင်မြင်သောသမဝါယမအသင်းအစုအဖွဲ့များ ပေါ်ပေါက် လာမည်ဖြစ်ပါသည်။

          ထိုသို့ အောင်မြင်သည့်သမဝါယမအသင်းများ ပေါ်ပေါက်လာစေရေးတွင် ခေတ်ကာလနှင့် လိုက်လျောညီထွေရှိစွာထိန်းကျောင်းပဲ့ကိုင်နိုင်မည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများ ခိုင်ခိုင် မာမာ ချမှတ်ထားရှိမှုသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိသမဝါယမအသင်းဥပဒေ(၁၉၉၂)နှင့် နည်းဥပဒေ(၂၀၁၃)တို့သည် အချိန်ကာလတစ်ခု ကြာ မြင့်ခဲ့ပြီဖြစ်၍ ၎င်းတို့၏အားသာချက်၊ အားနည်းချက်များကို ပကတိပြန်လည်သုံးသပ်ပြီး မြေပြင် လိုအပ်ချက်နှင့်လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးဆွဲသွားရန် လိုအပ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm