Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်လို


12 Jun,2024

နေပြည်တော် ဇွန်  ၁၁

နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမှာဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိသကဲ့သို့ အသေးစား၊ အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌမှလည်း “နိုင်ငံတော်က မျှော်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက် အောင်မြင်ရေးအတွက် ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန် များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် များက ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်” မှာကြားခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သမဝါယမကဏ္ဍ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ သွင်းအားစု များ ထောက်ပံ့ပေးခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများမှာ ငွေကြေး အပါအဝင်သွင်းအားစု များ ထောက်ပံ့ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝါစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဌာနများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ညှိနှိုင်းအစည်း အဝေးနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ တံတား၊ သက်မွေး သင်တန်း၊ သွင်းအားစုငွေကြေးထောက်ပံ့ခြင်း၊ ခေတ်မီစံပြကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစား(၁၂)မျိုး၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၈၀၅၂)ခုအား ကျေးရွာပေါင်း (၅၅၃၈)ရွာမှာ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၂ ဒသမ ၉ သန်းကို အကျိုးပြု စေခဲ့ကြောင်း၊ ဒါ့အပြင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ၊ UNDP ၊ UNICEF ၊  အခြားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကျေးရွာ(၇၅၅)ရွာတွင် ရေရရှိရေး၊ မီးလင်းရေး၊ စံပြကျေးရွာထူထောင်ရေး၊ အမျိုးသမီးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ဌာန၏ လုပ်ငန်းများအောင်မြင်တိုးတက်စေရေးအတွက် အရေးကြီးဆုံးအချက်မှာ  ပြည်သူ များ၏ အသံကို နားထောင်ပြီး မိမိတို့၏ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သင့်သည် များကိုပြုပြင်ပြီး တည့်မတ်သင့်တာကိုထိန်းကျောင်း တည့်မတ်ခြင်းပဲဖြစ်ပါကြောင်း၊ ဦးစီးဌာန အနေဖြင့် စီမံကိန်းတစ်ခုချင်းအလိုက် နှစ်စဉ်သုံးသပ်ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စစ်တမ်းများ ကောက်ယူခြင်း၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်နေတာဖြစ်လို့ ယင်းတို့မှ ဆွေးနွေးဖော်ထုတ်ချက်များ၊ သုံးသပ်ချက်များ၊ အကြံပြုချက်များကို အခြေခံပြီး လိုအပ်သည်များ ပြုပြင်ပြောင်းလဲစီမံခန့်ခွဲကြရန် မှာကြားလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ထပ်လောင်းမှာကြားလိုတာကတော့ ထိရောက်အကျိုးရှိသောသင်တန်းများ ရွေးချယ် ဖွင့်လှစ်ရေးနှင့် သင်တန်းသားများ အလုပ်အကိုင်ရရှိစေရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ၊ သွင်းအားစုနှင့် ငွေကြေးထောက်ပံ့ခြင်းကို မဖြစ်မနေဆောင်ရွက်ဖို့မှာကြားလိုပါကြောင်း၊ အထူး သဖြင့် မြစိမ်းရောင်စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်ပြီးပံ့ပိုးကူညီ ထောက်ပံ့ကြမှာကြားလိုပါကြောင်း၊ နိုင်ငံတော် အနေနှင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် ကုန်ချောထုတ်လုပ်မှုတန်ဖိုးမြှင့် ကွင်းဆက်ဖွံ့ဖြိုးရေးတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း။ မိမိတို့ ဝန်ကြီးဌာနမှလည်း သမဝါယမအသင်းများဖွဲ့စည်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းကူညီထောက်ပံ့လျက်ရှိပါကြောင်း၊ ဒါ့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဦးစီးမှူးများအနေဖြင့် အဆိုပါ ဒေသများမှာ ဆိုလာရေရရှိရေးလုပ်ငန်းများနှင့် ငွေကြေး အရင်းအနှီးပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးကြဖို့ အလေးအနက်တိုက်တွန်း မှာကြားလိုပါကြောင်း။

ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှာ တင်ဒါခေါ်ယူရေး လုပ်ငန်းများကို တတ်နိုင်သမျှ စောလျင်စွာပြီးစီးရေးနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များထံမှ အတည်ပြုခွင့်ပြုချက်များ မြန်ဆန်စွာရရှိရေးတို့ကိုလည်း ညှိနှိုင်းတင်ပြ ဆောင်ရွက်ကြစေလိုပါကြောင်း၊ လျာထားလုပ်ငန်းများကို မြေပြင်မှာအကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း စောလျင်စွာပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေး တို့ကို အလေးထားကြပ်မတ်ဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ အထူးသဖြင့် ဌာနမှတာဝန်ယူ ဆောင်ရွက်သော လုပ်ငန်းများအားလုံးကို ပုဂ္ဂလိက ကုမ္ပဏီများထက် အရည်အသွေးသာလွန်ပြီး သတ်မှတ်ချိန်ထက် စောလျင်စွာပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒါမှသာ ပြည်သူများ အနေဖြင့် ဖွံ့ဖြိုးရေးအသီးအပွင့်များ၊ အကျိုးရလဒ်များကို မြန်မြန်ခံစားရရှိမှာ ဖြစ်ပါကြောင်း။

နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများ သုံးစွဲရာတွင်လည်း နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ယူသုံးစွဲဖို့၊ အကျိုးရှိသော နေရာ များတွင်သာ သုံးစွဲကြဖို့ ထပ်လောင်းမှာကြားလိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းတွေကို ဆောင်ရွက် ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ ငွေကြေးအလွဲ သုံးစားမှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲကြရန်နှင့် အဂတိတရား ကင်းရှင်းစေရေး အထူးလိုက်နာ ဆောင်ရွက် သွားကြဖို့ မှာကြားလိုပါကြောင်း၊ ဆောင်ရွက်ပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် စဉ်ဆက်မပြတ် အသုံးချနိုင်ရေးအတွက် ဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို အမြဲမပြတ် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ မှတ်တမ်းများထားရှိကြဖို့ မှာကြား လိုပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေး လုပ်ငန်း ၁၇၈၀ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ၉၄၀ရွာ၊ ကျေးလက်ကုန်ထုတ်လမ်း ၅၃၂ မိုင်၊ တံတား ၁၁၅၉ စင်း၊ ကျေးလက်အိမ်ရာ ၃၂ လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၄၅ ယူနစ်၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ၃၀၁၉ ရွာ၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ၄၅ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ၅၂ ရွာ၊ Cash For Work စီမံကိန်း ၉၈ ရွာ၊ ဆိုလာစိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ၉၈ ခု၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်း (၄၁၂)ကြိမ်တို့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်း လင်းတင်ပြကြသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြား ပါသည်။

          ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင် ထူးချွန်စွာ ဆောင်ရွက် နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ကျေးရွာများမှ ကော်မတီဝင်များ၊ နိုင်ငံတော် အဆင့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့/ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/ အောက် မြန်မာပြည်)တို့မှ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm