Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရက်ကန်းဟုခေါ်သော လက်မှုပညာ


22 Jul,2022

လက်ခတ်သံ၊ လက်ခတ်သံ

မလေးလက်ခတ်သံ

လက်ခတ်သံ၊ လက်ခတ်သံ

ပျိုလေးလက်ခတ်သံ

လက်ခတ်သံကျွန်းပိုသား

သောင်းတိုင်ကကြားသလေလေ့

ဤသီချင်းသံလေးကြားမိပါက ယဉ်ကျေးသိမ်မွေ့သည့် မိန်းမပျိုလေးတစ်ဦး ရက်ကန်းရက်ခတ် နေသည့်ပုံကို မြင်ယောင်မိကြမည်ဖြစ်သည်။ အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာ သိပ္ပံတွင်လည်း ရက်ကန်းပညာရပ်အား လေ့လာသင်ယူနေကြသည့် သင်တန်းသား/သူများ၏ လက်ခတ်သံများသည် စစ်ကိုင်း-မန္တလေးလမ်းမကြီးမှ ဖြတ်သွားသည့်သူတိုင်း ကြားကြရသည်မှာ ငြင်းလို့မရသည့် အမှန်တရားတစ်ခုပင်ဖြစ်သည်။ သမိုင်းမတင်မီကပင် ယဉ်ကျေးမှုထွန်းကားရာဒေသ လည်းဖြစ်ခဲ့ပြီး ကျုံးမြို့ရိုးနှင့်မင်းနေပြည်တော်လည်းဖြစ်ခဲ့ဘူးသည့် အမရပူရမြို့သည် မြန်မာနိုင်ငံ တွင် အဝတ်အထည်အစ အမရပူရကဟုပင်ဆိုနိုင်ခဲ့ပါသည်။ ထိုသို့ ခေတ်အဆက်ဆက် ရက်လုပ်ခဲ့ကြသည့် ရက်ကန်းပညာရပ်များ မတိမ်ကော မပပျောက်စေရန်အတွက် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ရက်ကန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များအား ၁၉၁၄ ခုနှစ်မှ စတင်ကာ Mr.L.H Saunders' ၏ စတင်တည်ထောင်ကြိုးပမ်းမှုကြောင့် လက်ခတ်သံများ ကြားကြရသည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ ကျောင်းတော်ကြီးတွင် မြန်မာ့လက်မှုအနု ပညာရပ်များ ထိန်းသိမ်းရန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်၊ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်၊ မိသားစုထွက်ငွေလျော့ချပြီး ဝင်ငွေတိုးပွားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စက်ရက်ကန်းပညာ၊ လက်ရက်ကန်းပညာ၊ ရိုးရာလွန်းရာကျအချိတ်ရက်လုပ်သည့်ပညာ၊ ရွှေချည် ထိုး၊ ငွေချည်ထိုးပညာ၊ တိုင်းရင်းသားရိုးရာအထည်များရက်လုပ်သည့် ဂျပ်ခုတ်နည်းပညာ၊ ချည်ထည်၊ ပိုးထည်ဆိုင်ရာ ဆေးဆိုးနည်းပညာရပ်များ၊ အထည်ပန်းပုံရိုက်နည်းပညာ၊ စက်ရက်ကန်း စက်ပြင်၊ စက်မောင်းနည်းပညာစသည့် ပညာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းသားများသည် မိမိကိုယ်ပိုင်စိတ်ကူးဖြင့် ဘဝရပ်တည်မှုအတွက် အသက်မွေးဝမ်းကျောင်း ပညာ သင်တန်းများအား လေ့လာသင်ယူနိုင်သည်။ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံဆိုသည်မှာ ရက်ကန်းပညာရပ်နှင့် ဆက်စပ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များအား (၁)ဦးတည်းပိုင် ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ အများနှင့်ပေါင်းစပ်သည့်လုပ်ငန်းငယ်ဖြစ်စေ၊ ပုဂ္ဂလိက လုပ်ငန်းတွင် ဝင်ရောက်လိုသည်ဖြစ်စေ မိမိ၏ကြိုးစားအားထုတ်မှု၊ လေ့လာသင်ယူလို စိတ်ပေါ်မူတည်၍ လျှောက်လှမ်းရာလမ်းကြောင်း ရွေးချယ်နိုင်သော သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်း နားနေနိုင်သည့် အရိပ်ကောင်းသောနေရာတစ်ခုပင်ဖြစ်သည်။

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံဟုခေါ်သော ကျောင်းတော်ကြီးမှ သတ်မှတ် သင်တန်းကာလ အစအဆုံးတက်ရောက်သူများအား ပညာအမွေဖြတ်ပိုင်းလေးတစ်ခု ပေးအပ်နိုင် ခြင်း၊ အမွေဖြတ်ပိုင်းအားလက်ခံရယူနိုင်ခြင်းဆိုသည်မှာ စောင့်နိုင်လျှင် သူခိုးမိ၊ အောင့်နိုင်လျှင် အကျိုးရှိ ဟူသောဆောင်ပုဒ်အတိုင်း ဘဝအတွက်အကျိုးရှိစေမှာ အမှန်တရားတစ်ခုဖြစ်သည်။ ရက်ကန်းပညာရပ်များကို လေ့လာသင်ယူသော သင်တန်းသားများသည် ဝါမှချည်မျှင်ဖြစ်လာသည် အထိ ချည်မျှင်မှ အရောင်သွေးစုံလင်လှသည့်အထည်ဖြစ်လာသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့် တိုင်းကိုလေ့လာသင်ယူကြရသည်။ နူးညံ့လှသည့်ဝါဂွမ်းလေးများမှ လူတစ်ဦး၏နေ့စဉ်ဘဝတွင် မရှိ မဖြစ်လိုအပ်လှသည့် အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကိုရရှိစေရန် ပြုလုပ်ဖန်တီးရ သည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်ကို အသက်မွေးပညာသင်ကြားရင်းသိရှိကြမည်ဖြစ်သည်။ သင်ကြားရင်းလေ့လာခွင့်ရရှိမည့် နေရာလေးများရှိနေသေးသည်- ကျောင်းစာကြည့်တိုက်တွင် ရက်ကန်းနှင့်ပတ်သက်ပြီး မှတ်တမ်း၊ မှတ်ရာများ၊ နိုင်ငံတကာနည်းပညာစာအုပ်များ၊ အခြားသိမှတ် ဖွယ်ရာအထွေထွေဗဟုသုတများ၊ သုတ၊ ရသ စုံလင်စွာလေ့လာနိုင်ခြင်း၊ Museum (ပြတိုက်)၌ ဝါမှ ချည်၊ ချည်မှအထည်ဖြစ်သည်အထိ အဆင့်ဆင့် ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ လက်ငင်ချည် ထုတ်လုပ်နည်းအဆင့်ဆင့် အသုံးပြုပစ္စည်းများနှင့် မှတ်တမ်းများ၊ ပိုးချည်လုပ်ငန်းတွင် ပိုးကောင် ဘဝစက်ဝန်း၊ ပိုးချည် ထုတ်လုပ်ပုံအဆင့်ဆင့်၊ အချိတ်သမိုင်းကြောင်း (ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်ဘောင် ခေတ်ဦး၊ ကုန်းဘောင် ခေတ်လယ်(သို့)အမရပူရ၊ ရတနာပုံ) ခေတ်အဆက်ဆက်မှတ်တမ်း မှတ်ရာ များ၊ ရွှေချည်ထိုး၊ ငွေချည်ထိုးဆိုင်ရာ (ပန်းချီ၊ ရုပ်သေး) သိမှတ်ဖွယ်ရာများ၊ သဘာဝဆိုးဆေး အသုံးပြုပစ္စည်းများနှင့် ချည်နမူနာများ၊ ဆောင်းဒါး စတင်ပေါ်ပေါက်လာသည့် သမိုင်းဝင်လက်ရက်ကန်းစင် (လွန်းပျံ၊ လက်ထိုး)များ၊ ရိုးရာလွန်းရာကျအချိတ်အခြေခံဒီဇိုင်း(၃၃) မျိုး၏ မှတ်တမ်းဓါတ်ပုံများ၊ မင်းတုန်းမင်းနှင့် စုဖုရားလတ်တို့၏ ဝတ်လဲတော်များ (မူရင်းနှင့် ပြန်လည်တီထွင်ထားရှိမှုတို့အား) လေ့လာသိရှိခွင့်ရမည်ဖြစ်သည်။ နောက်ထပ်လေ့လာစရာ နေရာ(၁)ခု ဖြစ်သည့် Study Collection ဆိုသည်မှာ ပညာသင်နှစ်အဆက်ဆက် စီနီယာသင်တန်းဆင်းများ၏ တီထွင်ဖန်တီးမှု ဒီဇိုင်းလက်ရာ များအား အတုယူကြိုးစားကြစေရန် ရည်ရွယ်ဆောင်ရွက်ထားရှိခြင်း ဖြစ်သည်။

သင်တန်းကာလအတွင်း သင်တန်းသားများသည် လေ့ကျင့်ရင်းအခြေခံသင်ကြားထားသည့် ရက်ကန်းပညာရပ်များနှင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများ ပေါင်းစပ်၍ ချည်နှင့်အထည်များကို အရောင်ကာလာဖန်တီးမှုများပြုလုပ်ခြင်း၊ မိမိထုတ်လုပ်သည့်ပိတ်စများပေါ်တွင် သတ္တုရေရှိသော သဘာဝမှရရှိသည့် အပွင့်၊ အရွက်ကလေးများဖြင့် eco-print (ပန်းပုံရိုက်)ဆောင်ရွက်ခြင်း၊ မျိုးမတူ သည့်ဒီဇိုင်းများပေါင်းစပ်တီထွင် ရက်လုပ်ခြင်းများပြုလုပ်ကြရပါသည်။ ထုတ်လုပ်ရရှိသည့်ပိတ်စများ ကိုအဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများအဖြစ် ကိုယ်တိုင်ချုပ်လုပ် ဖန်တီးနိုင်စေရန် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာသင်တန်း၌ အခြေခံစက်ချုပ်ဘာသာရပ်အား သင်ကြားပေးမည် ဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းပညာ(၂)ခုအား သင်ကြားနိုင်မည့်အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။ ထိုအခွင့်အရေးများအားရယူ၍ ကိုယ်ပိုင်ဝင်ငွေရရှိစေနိုင်သော လုပ်ငန်းရှင်အဖြစ်သို့ လည်းကောင်း၊ လုပ်ငန်းရှင်မှသည် ပြည်တွင်းဈေးကွက်ဝင်အထည်များထုတ်လုပ်နိုင်သည့် လုပ်ငန်းရှင် အဖြစ် လည်းကောင်း၊ ပြည်တွင်းဈေးကွက်မှသည် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်သည့် ရက်ကန်းပညာရှင် အဖြစ်သို့ ကြိုးစားအားထုတ်မှုပေါ်မူတည်ကာ ဖြစ်လာနိုင်သဖြင့် ကျောင်းတော်ကြီး မှ ဖွင့်လှစ်သည့် သင်တန်းများကိုတက်ရောက်ရန် တိုက်တွန်းခြင်းဖြစ်ပါသည်။

ရှေးစကားပုံများထဲမှ စာမတတ်သည့်ယောင်္ကျားအကန်းနှင့်တူ၊ ရက်ကန်းမတတ်သည့်မိန်းမ အကျိုးနှင့်တူ ဆိုသလို မဖြစ်စေရေး တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အတူ အမျိုးသား/ အမျိုးသမီးများတန်းတူရင်ဘောင်တန်း လုပ်ဆောင်နေသည့်ခေတ်၌ အသက်မွေးဝမ်းကျောင်းပညာ ရပ်တစ်ခုလူတိုင်းတတ်သင့်သည်၊ တတ်အောင်သင် သင့်သည်ဟုယူဆမိပါသည်။

မည်သူမဆို အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတတ်ကို တတ်ထားရမည်။ မည်သူတစ်ဦး တစ်ယောက်ကြောင့်မဟုတ်ဘဲ မိမိကိုယ်တိုင် လောကအလယ်မှာ အားငယ်စွာမနေထိုင်ရဖို့အတွက် ဖြစ်သည်။ လက်မှုပညာဆိုသည်မှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို မတိမ်ကော မပ ပျောက်အောင် ထိန်းသိမ်းပေးနေတဲ့အတတ်ပညာတစ်ခုဖြစ်သည့်အပြင် တိုင်းပြည်စီးပွားရေးကဏ္ဍ ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အစိတ်အပိုင်းတစ်ခုပြည့်သွားစေရန်၊ ကျွမ်းကျင် လုပ်သားများ၊ လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် အသက်မွေးဝမ်းကျောင်းပညာသင်၊ သင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများသည်လည်း အတန်းပညာသင်ဆရာ၊ ဆရာများနည်းတူ ဆရာ့ ကျင့်ဝတ်များနှင့်အညီသင်ကြားပြသရပါသည်။

အတတ်လည်းသင်

ပဲ့ပြင်ဆုံးမ

သိပ္ပမချန်

ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့ ဆရာတို့

ကျင့်ဖို့ဝတ်ငါးဖြာ

ဟုဆိုသည့် ကျင့်ဝတ်ကဗျာနှင့်အညီ ကျောင်းတော်ကြီးမှ ဆရာ၊ ဆရာမများသည်လည်း မိမိတို့တတ် မြောက်ထားသည့် အတတ်ပညာများကို မခြွင်းမချန်သင်ကြားပေးပြီး သင်တန်းကာလတွင် သင်တန်း သားများ၏ စားသောက်ရေး၊ ကျန်းမာရေး၊ နေထိုင်ရေးစသည်များကို မိမိတို့၏ ရင်ဝယ်သားများ ကဲ့သို့ ဂရုတစိုက်ဖေးမစောင့်ရှောက်ကြပါသည်။ သင်တန်းပြီးမြောက်ပါကလည်း လုပ်ငန်းထူထောင် လိုသူများကို ကူညီဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်လိုသူများကို လုပ်ငန်းခွင် အရောက်အပ်နှံပေးခြင်းတို့ဖြင့် ဘဝတစ်ခုရပ်တည်မှုရရှိစေရန်အတွက် ဆောင်ရွက်ပေးကြပါသည်။ အသက်မွေးဝမ်းကျောင်းအတတ်ပညာများသင်ယူကြ၍ တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးများပြုလုပ်ပြီး မိသားစုအသုံးအဆောင်များ အသုံးပြုခြင်းနှင့်အပိုအလျှံများ ထုတ်လုပ်ရောင်းချခြင်းတို့ဖြင့် မိသားစု ထွက်ငွေများလျော့ချပြီး ဝင်ငွေများတိုးပွားလာမည်ဖြစ်ပါသဖြင့် ပြည်တွင်းဖြစ်များကိုလည်း အားပေးကြစေလိုပါကြောင်း၊ အနာဂါတ်ဘဝများလှပရေးအတွက် အသက်မွေးဝမ်းကျောင်းအတတ် ပညာများစွာထဲမှ ရက်ကန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များအား နည်းစနစ် မှန်မှန်ဖြင့် လစဉ်ပညာသင်ထောက်ပံ့ကြေးပေး၍ လက်ဆင့်ကမ်းပညာအမွေပေးနေသည့် ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၊ ကျောင်းတော်ကြီး၏တံခါးကအမြဲဖွင့်လှစ်လက်ကမ်း၍ ကြိုနေ ပါကြောင်း နှစ်ပေါင်း ရာကျော်တိုင် တည်ကြည်ခန့်ညားစွာ ရပ်တည်နေသည့် ကျောင်းတော်ကြီး သို့ ရက်ကန်းအတတ်ပညာစိတ်ပါဝင်စားသူများ ရောက်လိုပါက ဆောင်းဒါးရက်ကန်းနှင့်အသက်မွေး ပညာသိပ္ပံ၊ စစ်ကိုင်း-မန္တလေး လမ်းမကြီး၊ ရေတွင်း ညီနောင်ရပ်ကွက်၊ အမရပူရမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး။ ၀၂-၄၀၇၀၄၂၈၊ ၀၂-၄၀၅၉၉၆၄၊ ၀၉-၄၂၈၃၂၀၂၃၅၊ ၀၉-၄၂၁၇၁၃၈၆၇၊ ၀၉-၄၂၀၇၁၂၈၃၁ ဆက်သွယ်ကာသိလိုသည်များမေးမြန်းနိုင်ပါကြောင်း သင်တန်းတက်ရောက်နိုင်ရေး ဖိတ်ခေါ်အပ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm