Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူများ ဝင်ငွေတိုးဖို့ ဈေးကွက်ချိတ်ဆက်ပေးပါစို့


27 May,2024

ခန့်ဇော် (ကျေးလက်)

ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကွင်းဆင်းခရီးစဉ် သွားရောက်ရင်း ကျေးရွာ အတော်များများသို့ ရောက်ဖြစ်ခဲ့သည်။ ကျေးရွာများသို့ ရောက်ရှိခိုက် တီးရင်းခေါက်ရင်း စကား စမြည်ပြောရင်းဖြင့် ယခုနှစ်တွင် ဝက်နှင့် ဆိတ်မွေးမြူသူများ အရှုံးများနေကြောင်း ကြားသိရ၍ အရှုံးပေါ်ရသည့်အကြောင်းရင်းကို လေ့လာဖြစ်ခဲ့သည်။

ဝက်နှင့် ဆိတ်တို့၏ရောင်းဝယ်ဖောက်ကားဈေးနှုန်းများအား မြေပြင်အခြေအနေ လေ့လာခြင်း

          နေပြည်တော်တွင် အသားတိုးဝက်(CP)မျိုး သားပေါက် ၁ကောင်လျှင် (၁.၅)သိန်းဝန်းကျင် ခန့်ရှိပြီး (၄)လ မွေးလျှင် (၅၀/ ၆၀)ပိဿာကျော်ရှိလာမည်ဟုဆိုသည်။ (၄) လအတွင်း မျိုးဖိုး၊ အစာဖိုး၊ ကာကွယ်ဆေးထိုး ကုန်ကျစရိတ်များအပါအဝင် မွေးမြူရေးကုန်ကျစရိတ်အနေဖြင့် ၁ကောင်လျှင် (၄.၅)သိန်းကျော် ကုန်ကျကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် အာဖရိကဝက်အပြင်းဖျားရောဂါကျရောက်ခဲ့မှုကြောင့်လား၊ ဒေသတစ်ခုမှ တစ်ခုသို့ သယ်ယူရန် အကန့်အသတ်ရှိ၍လား မဆိုနိုင်… ဈေးများတွင် အသား (၁)ပိဿာ (၁၄,၀၀၀)ကျပ်ခန့်ဖြင့် ရောင်းချနေသော်လည်း မွေးမြူသူများထံမှ (၁)ပိဿာ ဝယ်ဈေးမှာ (၆,၅၀၀)ကျပ်ဖြစ်သည်။ (၅၀) ပိဿာ ၁ကောင်လျှင် (၃.၂၅)သိန်းသာရရှိခြင်းကြောင့် ရှုံးကြရ ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

          ရွာကို ကွင်းဆင်းရင်း ပြည်ထောင်စုဝန်ကြီးက ဆိတ်မွေးတဲ့အိမ်ကို မေးကြည့်တဲ့အခါ ဆိတ်မွေးသူများလည်း ထိုနည်းလည်းကောင်းပင်။ အကောင်လိုက် (၁)ပိဿာလျှင် ဝယ် ဈေးမှာ (၆,၅၀၀) ကျပ်သာဖြစ်သည့်အပြင် လာဝယ်သူကို ဆိုင်ကယ်ဆီဖိုးပင်လျှင် ပြန်ပေးရတတ် သေးကြောင်း သိရသည်။ ဈေးထဲတွင်မူ ဆိတ်သားဈေးမှာ ၁ ပိဿာ (၂၀,၀၀၀)ကျပ်ခန့်ရှိနေ သည်။ မွေးမြူသူများ ရှုံးလျက်ရှိသော်လည်း အသားဈေးမှာမူ မကျ။ မွေးမြူသူများအဖို့မှာမူ မွေးမြူ ရေးကုန်ကျစရိတ်အပြင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ပါ ကျခံနေရသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် နေပြည်တော်တွင်မူ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများ၊ သားသတ်ဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ရာ ဝက်သား ၁ ပိဿာ (၇,၅၀၀)ကျပ်ပေးသဖြင့် အရင်းကြေရုံတော့ ပြန်ရခဲ့သည်ဆိုရပါမည်။ ထို့အတူ ရန်ကုန်တွင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးခဲ့ရာ ၁ပိဿာ (၇,၅၀၀)ကျပ်ခန့်ရခဲ့သဖြင့် အရင်းကြေရုံတော့ဖြစ်ခဲ့သည်။ အမြတ်တော့ မရခဲ့ကြပေ။

          မွေးမြူရေးဘက်တွင် အရင်းကြေရုံမျှသာ ရကြသော်ငြား စိုက်ပျိုးရေးဘက်တွင်တော့ အမြတ်ကိုယ်စီ ရရှိကြကြောင်းသိရသည့်အခါ တစ်ဖန် ဝမ်းသာမိရပြန်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှုတိုးတက်လာစေရန် အဓိကလိုအပ်ချက်မှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သွင်းအားစုနှင့် ဈေးကွက်ရရှိရေးတို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဆောင်းပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းများသည် ယင်းတို့အနက် နည်းပညာ၊ သွင်းအားစုနှင့် ဈေးကွက်ခိုင်မာရေးတို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်းသိရပါသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော နွေစပါး၊ ပဲတီစိမ်းစိုက်ပျိုးမှု

          နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စီမံကိန်းဆောင်ရွက်မှုပုံစံမှာ တောင်သူအစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ ဝယ်ကြိတ်အစုအဖွဲ့များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းစီမံခန့်ခွဲမှု၊ ကြီးကြပ်မှု များကို တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီများ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ၁ဧကလျှင် ဆောင်းပဲတီစိမ်းအတွက် ငွေကျပ် ၁.၂ သိန်း၊ နွေ စပါးအတွက် ငွေကျပ် ၂သိန်းနှင့် ညီမျှသည့် မြေဩဇာနှင့် ပိုးသတ်ဆေးစသော သွင်းအားစုများကို သွင်းအားစုရောင်းချသူများ အစုအဖွဲ့မှ တောင်သူများထံဖြန့်ဖြူးပေးပြီး သီးနှံပေါ်ချိန်တွင် ဝယ်ယူ ကြိတ်ခွဲတင်ပို့သူများ အစုအဖွဲ့ထံ အဆိုပါငွေတန်ဖိုးနှင့်ညီမျှသောသီးနှံများကို တောင်သူအစု အဖွဲ့က ပြန်လည်ပေးဆပ်ရသည့်နည်းလမ်းဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် တောင်သူများအနေဖြင့် သွင်းအားစုများကို ဈေးနှုန်း သက်သာစွာဖြင့် ကျေးရွာအရောက် လွယ်ကူစွာရရှိခြင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမို ထွက် ရှိလာခြင်း၊ သီးနှံရိတ်သိမ်းသည့်အချိန်တွင်မှ သွင်းအားစုတန်ဖိုးနှင့်ညီမျှသောသီးနှံများကို ဒေသပေါက်ဈေးနှင့်အညီ ပေးသွင်းရခြင်းဖြစ်၍ တောင်သူများ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်းတို့အပြင် တောင်သူ၊ သွင်းအားစုအစုအဖွဲ့နှင့် ဝယ်ယူကြိတ်ခွဲအစုအဖွဲ့များ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ နိုင်ငံ့စီးပွားမြင့်တက်စေခြင်း၊ အတိုးမဲ့ချေးငွေဖြစ်၍ ချေးငွေ အပြည့်အဝရရှိခြင်း၊ အတိုးမဲ့သွင်းအားစုများရရှိခြင်းစသောအကျိုးကျေးဇူးများ ရရှိသည်ကို တွေ့ရပါသည်။

          ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စိုက်ပျိုးမွေးမြူရေးစီမံကိန်းစိစစ်သုံးသပ်ရေးအဖွဲ့မှ တင်ပြ ခဲ့သည့် စစ်တမ်းအရ ဆောင်းပဲတီစိမ်းအတွက် ငွေကျပ် (၄၀.၃၀) ဘီလီယံ ထုတ်ချေးခဲ့ရာ ငွေကျပ် (၄၀.၆၉၈) ဘီလီယံ ပြန်လည်ရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက်လည်း ဝန်ဆောင်ခ ၁% ကျပ် (၀.၃၉၈) ဘီလီယံ အကျိုးအမြတ်ပြန်လည်ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

          ထို့ပြင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ၂၀၂၃ စိုက်/ ရိတ်/နှုန်း စစ်တမ်းအရ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ယခင် နှစ်နှင့် နှိုင်းယှဉ်ပါက ၁ဧကအထွက်နှုန်း (၆.၅၈)တင်း ပိုမိုထွက်ရှိလာကြောင်း သိရှိရသည်။ တိုးတက်မှုပြယုဂ်တစ်ချို့ကို တွေ့မြင်ရသည့်အတွက် ယခင်နှစ်တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များအပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သည့်ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက် သွားနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။ ၂၀၂၄ ခုနှစ်၊ စပါးပေါ်ချိန်မှစ၍ ဈေးကောင်းရတာကို တွေ့ရှိရပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှလည်း မိုးစပါး၊ နွေစပါးအတွက် သွင်းအားစုများကို ဆက်လက်ထောက်ပံ့ပေးလျက် ရှိပါသည်။

          ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးတွင် အခြေခံအကျဆုံးအခန်းကဏ္ဍမှပါဝင်သည်ဖြစ်ရာ ရောက်လေရာရာ ကျေးရွာများ၌ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းမှု၊ ရောင်းဝယ်ဖောက်ကားမှုဈေးကွက်အခြေအနေ၊ စိုက်ပျိုးသီးနှံ စသည်တို့ကို တစေ့တစောင်းအကဲခတ်ရ လေ့လာမိရသည်မှာ အလေ့အကျင့်တစ်ခုလိုပင် ဖြစ်နေခဲ့ပြီ။ ဘယ်ရွာရောက်ရောက် မေးမိမြန်းမိ စူးစမ်းမိမြဲ။ သိရပြီဆိုတော့လည်း တစ်ဆင့် တက်၍ ဝင်ငွေတိုးအောင် ဘယ်လိုပံ့ပိုးပေးနိုင်မလဲ ဆက်စပ်တွေးတောကာ ဈေးကွက် ချိတ်ဆက် ပေးရန် လိုအပ်ပါက ချိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားရပြန်သည်။

          လေ့လာရင်း စူးစမ်းရင်းမှ သတိထားမိလာသည်က ငွေဖြစ်လွယ်သောသီးနှံ (Cash Crop) များဖြစ်သည့် စားဖိုဆောင်သုံးသီးနှံ ဟင်းသီးဟင်းရွက်၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးမှုနှင့် ၎င်းတို့၏ ဈေးကွက်အကြောင်း ဖြစ်သည်။

ငွေဖြစ်လွယ်သော သီးနှံ (Cash Crop)

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် ဝဲကြီးကျေးရွာသို့ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကွင်းဆင်းသွားဖြစ်ခိုက် ကျေးရွာရှိ တောင်သူများက ၎င်းတို့စိုက်ပျိုးသည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များကို ရွာတွင်လာကောက်သည့်ဈေးမှာ (၆၀၀) ကျပ် နှုန်းဖြစ်သော်လည်း ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင် ရောင်းဈေးမှာ (၈၅၀)ကျပ်နှုန်း ရှိပါကြောင်း၊ ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးတွင် ရောင်းချနိုင်အောင် ချိတ်ဆက် ပေးစေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြကြသည်။  ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ချိတ်ဆက်၍ ပျဉ်းမနားမြို့နယ်၊ အာဟာရ သုခ ဈေးတွင် ဆိုင်ခန်းနေရာရရှိရေး ညှိနှိုင်းပေးခဲ့ရာ ဈေးတွင် ပျံကျကွက် (၂၀)ကွက်ရရှိခဲ့ပြီး လယ်ဝေးမြို့နယ်၊ ကျေးရွာ (၄)ရွာမှ တောင်သူများ ဈေး၌ တိုက်ရိုက်ရောင်းချခွင့်ရရှိခဲ့သည်။

ပန်းဂေါ်ဖီ (၁)ထုတ်လျှင် (၈၅၀)ကျပ်နှုန်းဖြင့် ရောင်းခွင့်ရ၍ ယခင်က ရွာတွင်ရောင်းချ ခဲ့ရခြင်းထက် (၂၅၀)ကျပ် အမြတ်ပို၍ရရှိခဲ့ပြီး သယ်ယူပို့ဆောင်စရိတ်များ ဖယ်ထုတ်လိုက်လျှင် အသားတင်အမြတ်ငွေ (၁၅၀)ကျပ်ခန့်ရရှိသည်ကို သိရှိခဲ့ရသည်။ ရောင်းချရန် အကွက်အကွင်း ချိတ်ဆက်ပေးနိုင်သဖြင့် ဈေးပိုရလာခြင်းဖြစ်သည်။  

ပန်းဂေါ်ဖီ ၁ဧကလျှင် စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ မြေဩဇာ၊ ဆေးဖိုး၊ လုပ်အားခနှင့် ထွန်ယက်ခများအပါအဝင် ငွေကျပ်(၁၅)သိန်းခန့်ရှိပြီး ၁ဧကလျှင် အပွင့်ရေ (၁၅,၀၀၀)ခန့်ရရှိ၍ ရွာတွင် (၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချပါက ကျပ်သိန်း(၉၀)ခန့်ရရှိသည်။ စိုက်ပျိုးကုန်ကျစရိတ် များ ဖယ်ထုတ်လိုက်လျှင်ပင် ကျပ်(၇၅)သိန်းခန့် အသားတင် အမြတ်ငွေ ရရှိတာတွေ့ရသည်။ အဟာရ သုခဈေးတွင် ရောင်းချရသည့်အခါ ၁ပွင့်လျှင် (၈၅၀)ကျပ်နှုန်းဖြင့် ရောင်းချရသည့် အတွက် အပွင့်ရေ (၁၅,၀၀၀)အတွက် ငွေကျပ်(၁၂၇.၅)သိန်းခန့် ရရှိပြီး အသားတင်အမြတ်ငွေ ကျပ်သိန်း (၁၀၀)ကျော် ရရှိစေပါသည်။ ဈေးကွက်တည်နေရာ ပြောင်းလဲပေးလိုက်နိုင်ရုံဖြင့် ရရှိသည့် အကျိုး အမြတ်ပမာဏ များစွာ ကွာခြားသွားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

          စာရေးသူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ထိန်စွန်းကျေးရွာသို့ ကွင်းဆင်းခရီးစဉ် သွားရောက်ခဲ့စဉ်ကလည်း ကျေးရွာတွင် ငွေရလွယ်သော နှစ်ရှည်ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ် ဟင်းသီဟင်းရွက်များ စိုက်ပျိုးအောင်မြင်နေသည်ကို တွေ့ရှိရပြီး ကျေးရွာနေမိသားစုများ ဝင်ငွေ တိုးပွားလျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။

ကျေးရွာတွင် စိုက်ပျိုးဧကအားဖြင့် နှစ်စဉ် ဟင်းသီးဟင်းရွက်ဧက (၁၀၀၀)၊ ရာသီပေါ်သီးနှံ ဧက (၁၀၀၀) စိုက်ပျိုးကြပြီး အိမ်တစ်အိမ်လျှင် အနည်းဆုံး ဧကဝက်၊ ၁ဧကနှင့် အများဆုံး ၂ဧက ပိုင်ဆိုင်ကြတာ တွေ့ရသည်။ ကျေးရွာသူ/သားများက ၎င်းတို့၏စိုက်ပျိုးမြေများတွင် ကင်ပွန်းချဉ်၊ ဆူးပုတ်တို့ကို စိုက်ပျိုးကြတာတွေ့ရပြီး ကင်ပွန်းချဉ်နှင့် ဆူးပုတ် ၁ဧက စိုက်ပျိုးလျှင် ၁လအတွင်း (၇)ကြိမ် ခူးဆွတ်ရောင်းချနိုင်ခြင်းကြောင့် အကျိုးအမြတ်အနေဖြင့် တစ်နှစ်လျှင် သိန်း(၅၀)ကျပ် ခန့် ရရှိကြသည်ဟု ဆိုသည်။ ဆွတ်ခူးမည့် လုပ်သားလိုအပ်ချက်ရှိသည်ဖြစ်ရာ လုပ်သားများ အတွက်လည်း လုပ်ခ/ လစာ ဖန်တီးပေးနိုင်သည်ကို တွေ့ရှိရပါသည်။

မိုးရာသီတွင်လည်း ရာသီပေါ်သီးနှံများကို Green House စနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုး နိုင်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ကျေးရွာ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို စစ်တမ်းကောက်ယူကြည့်ရာတွင် ကျေးရွာအတွင်း အိမ်ခြေ (၁,၂၅၈)အိမ်ရှိသည့်အနက် (၅၂၇) အိမ်သည် ဟင်းသီးဟင်းရွက်များကို ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရန်အတွက် Light Truck ကား (၅၈)စီး၊ ဆိုင်ကယ် (၈၅၅)စီး၊ သုံးဘီးဆိုင်ကယ် (၁၂)စီး၊ ထော်လာဂျီ (၂)စီး၊ ထွန်စက် (၁)စီးတို့ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပြီး စီးပွားရေးကောင်းသည့်အတွက် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း လိုအပ်သည့်နေရာမှ ပူးပေါင်းထည့်ဝင်ပေးနိုင်ကြသည်ကို တွေ့ရှိရသည်။

လေ့လာသုံးသပ်ချက်နှင့် တွေ့ရှိချက်များ

ဝဲကြီးကျေးရွာနှင့် ထိန်စွန်းကျေးရွာတို့ စီးပွားရေးအခြေအနေ ကောင်းမွန်ရခြင်း၏ အကြောင်းတရားအား သုံးသပ်ကြည့်ရာတွင် ဝဲကြီးကျေးရွာသည် စိုက်ပျိုးမြေ အနေအထား ကောင်းမွန်ခြင်း၊ တစ်နှစ်ပတ်လုံး ရေရရှိခြင်း၊ ကျေးရွာထုတ်ကုန်သီးနှံဖြစ်သည့် ပန်းဂေါ်ဖီကို ဌာနဆိုင်ရာများ အကူအညီဖြင့် ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးသို့  တင်ပို့ရောင်းချ နိုင်ခဲ့သဖြင့် အမြတ်ငွေ ပိုမိုရရှိခဲ့ခြင်းကို လေ့လာတွေ့ရှိရသည်။

ထို့အတူ ထိန်စွန်းကျေးရွာသည်လည်း စိုက်ပျိုးမြေအနေအထား ကောင်းမွန်ခြင်း၊ တစ်နှစ် ပတ်လုံး ရေရရှိခြင်း၊ မိုးရာသီတွင် Green House စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်းနှင့် ကျေးရွာ၏အဓိက စိုက်ပျိုးထွက်ကုန် ကင်ပွန်းချည်နှင့် ဆူးပုတ်တို့အတွက် မှော်ဘီမြို့ပေါ်ရှိ ဈေးများနှင့် ရန်ကုန်မြို့ ရှိ ဘုရင့်နောင်ဈေးကြီးတို့တွင် ဈေးကွက်ရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဈေးကွက် တင်ပို့ရောင်းချရန် အခက်အခဲမရှိခြင်းစသည်တို့ကြောင့် စိုက်ပျိုးဖြစ်ထွန်း အောင်မြင် နေခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၎င်းကျေးရွာများကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံပြီး မိသားစုဝင်ငွေ တိုးပွားအောင် ဆောင်ရွက် နိုင်မှုကို အခြားနီးစပ်ရာကျေးရွာများသို့ နည်းပေးလမ်းပြပြုလုပ်နိုင်မည်ဆိုလျှင်၊ စိုက်ပျိုးရေး ဆိုင်ရာအသိပညာများ မျှဝေပေးနိုင်ပြီး ဈေးကွက် ဖော်ဆောင်/ ချိတ်ဆက်ပေးနိုင်မည်ဆိုပါလျှင် မိသားစုဝင်ငွေ တိုးပွားလာသည်နှင့်အမျှ ပိုမိုကောင်းမွန်သည့် ကျေးရွာနေမိသားစုဘဝများ ရရှိ ပိုင်ဆိုင်စေမည်ဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူများ ဝင်ငွေတိုးပွားစေရေးဟူသည် တနည်းဆိုရသော် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ ဈေးကွက်သေချာစေရေး၊ အကျိုးအမြတ် ရရှိစေရေးပင် ဖြစ်ပါသည်။ အဓိကမူ စီးပွားရေးအရ တွက်ချေကိုက်ရေးပင်ဖြစ်သည်။

မည်သည့်သီးနှံအမျိုးအစားစိုက်ပျိုးခြင်းက မိမိရေမြေရာသီဥတုနှင့် လိုက်လျောညီထွေဖြစ် သည်၊ စိုက်ပျိုးစရိတ်/ ထုတ်လုပ်မှုကုန်ကျစရိတ် မည်၍မည်မျှရှိသည်၊ ရောင်းချပါက မည်၍မည်မျှ အကျိုးအမြတ်ပြန်လည်ရရှိမည်တို့ကို သိရှိရမည့်အပြင် ဈေးကွက်အခြေအနေ၊ ဈေးကွက် လိုအပ် ချက်၊ စားသုံးသူတို့၏လိုအင်၊ ဝယ်လိုအားရောင်လိုအားအခြေအနေတွေကိုလည်း သိရှိထားရန် လိုအပ်ပေသည်။ မည်သည့်သီးနှံပဲ စိုက်စိုက် အမြတ်ရဖို့ အဓိကဖြစ်ပြီး အမြတ် အများဆုံးရအောင် လေ့လာစဉ်းစားဆောင်ရွက်ကြရမှာဖြစ်သည်။ အခြေခံအားဖြင့် တောင်သူသည် မိမိရေမြေတွင် မည်သည့်သီးနှံဖြစ်ထွန်းသည်ကို သိရှိပြီးဖြစ်သည်။ တောင်သူအတွက် အဓိကလိုအပ်ချက်မှာ မျိုးကောင်းမျိုးသန့်၊ သွင်းအားစု၊ နည်းပညာနဲ့ ဈေးကွက်သေချာမှုရှိရန်တို့ဖြစ်သည်။

မွေးမြူရေးတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ နေ့စဉ် ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်သော ပြည်တွင်းပြည်ပဈေးကွက်ရှိသော အသား၊ ငါးများကို မွေးမြူကြရပြီး မွေးမြူရေးကုန်ကျစရိတ်နှင့် ပြန်လည်ရောင်းချရမှုမှာ တွက်ချေကိုက်ရန်လိုအပ်ပေသည်။ ထိုသို့ တွက်ခြေကိုက်စေရန်မှာ ဈေးကွက်ခိုင်မာအားကောင်းမှုရှိရန်နှင့် ဈေးကွက်ချိတ်ဆက်နိုင်မှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အရင်းအမြတ်တွက်ချေကိုက်ရန်နှင့် အမြတ်များများ ရရှိစေရန် ချင့်တွက်ရသည့်အခါ လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို သေချာစွာ စေ့စေ့စပ်စပ် ခြုံငုံ သုံးသပ်ကြည့်ရန် လိုအပ်ပါသည်။

          စိုက်ပျိုးမွေးမြူသည့်အဆင့်မှ စားသုံးသူများထံ ရောက်ရှိသည်အထိ လုပ်ငန်းစဉ်များစွာ ရှိပြီး ရင်းနှီးမြှုပ်နှံမှုပုံစံများလည်း မတူကွဲပြားသည်ဖြစ်ရာ ဆုံးရှုံးနိုင်ခြေ Risk များမှာလည်း မတူညီကြ သည်ကို လေ့လာတွေ့ရှိရပါသည်။ ပထမဦးစွာ လုပ်ငန်းစဉ်အဆင့်များအား အကြမ်းမျဉ်း လေ့လာကြည့်ရာတွင် လုပ်ငန်းအဆင့်အလိုက် ပါဝင်လုပ်ကိုင်သူများမှာ-

          (က)   စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူများ၊ လုပ်ငန်းရှင်များ၊

          ( ခ )   သိုလှောင်သူ၊ အဝယ်ဒိုင်များ၊

          ( ဂ )  စည်ပင်သာယာဈေးများ၊ ရပ်ကွက်တွင်းဈေးများ၊

          (ဃ)   စားသုံးသူများ စသည်ဖြင့် တွေ့ရှိရသည်။

          တစ်ဖန် ကုန်ကျစရိတ်ပိုင်းကို ကြည့်ပြန်လျှင်လည်း စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတွင် မျိုး၊ အစာနှင့် စောင့်ရှောက်မှုစသည်တို့အတွက် အရင်းအနှီးကုန်ကျစရိတ်များရှိပြီး ရာသီဥတု ဒဏ်နှင့် ပိုးမွှားကူးစက်မှုဒဏ်၊ ကူးစက်ပြန့်ပွားရောဂါအန္တရာယ်ဒဏ်စသည့် မမျှော်မှန်းနိုင်သော ဆုံးရှုံးနိုင်ခြေ (Risk)များကလည်း ရှိနေပြန်ပါသည်။ သို့ဖြစ်ရာ အရင်း ကြေ/ မကြေ၊ အမြတ် ကျန်/ မကျန်ဆိုသည်က ပုံသေကားချ မပြောနိုင်သည့်အရာဖြစ်ချေသည်။

အဝယ်ဒိုင်များ၊ သိုလှောင်ဖြန့်ဖြူးသူများအနေဖြင့်မူ ဝယ်ရင်းဈေးအပေါ် သယ်ယူစရိတ် ထပ်ပေါင်းထားရှိသည့်ရင်းနှီးငွေအပေါ်တွင် အမြတ်တင်၍ ပြန်လည်ရောင်းချခြင်းဖြစ်ရာ ဆုံးရှုံး နိုင်ခြေမရှိဘဲ အမြတ်ရရန် သေချာမှုရှိသည်ကို တွေ့ရှိရသည်။ စည်ပင်သာယာရေးကော်မတီများ ကလည်း စည်ပင်သာယာရေးဈေးများတွင် ရောင်းချရန် လိုင်စင်စီခေါ် လုပ်ငန်းရှင်များကို လေလံ ခေါ်ပြီး သားသတ်လိုင်စင်၊ ဆိုင်ခန်းနေရာစသည်များကို လေလံယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ရငွေများကို နိုင်ငံတော်သို့ပေးသွင်းကာ မြို့ပြဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုခြင်း ဖြစ်၍ Risk မရှိပေ။ စားသုံးသူများကမူ စည်ပင်သာယာဈေးများ၊ ရပ်ကွက်တွင်းမှ အိမ်ဆိုင်များ၊ Shopping Centerများမှ ဝယ်ယူစားသုံးရခြင်းဖြစ်၍ အဆင့်ဆင့်ကုန်ကျစရိတ်များ ထပ်ပေါင်း ထားရှိသော၊ စားသုံးသူများ ဝယ်ယူစားသုံးရသော ဈေးနှုန်းသည် နောက်ဆုံးရောင်းဈေး ဖြစ်တော့သည်။ နောက်ဆုံးဈေးကြီးမိတာက စားသုံးသူများပင် ဖြစ်သည်။

          ထုတ်လုပ်သူများထံမှ ပွဲစားလုပ်ငန်းရှင်ကြီးများ၊ လိုင်စင်ရသူများမှတစ်ဆင့်ခံ ဝယ်ယူ၍ သယ်ယူပို့ဆောင်စရိတ်၊ လိုင်စင်ဈေးအရ ပေးဆောင်ရမည့်အခွန်အခနှင့် အမြတ်ထည့်တွက်ပြီး အမြတ်ကျန်အောင် ထပ်ဆင့်တင်ရောင်းကြခြင်းဖြစ်သည်။ လိုင်စင်စီကိုယ်တိုင် ရောင်းလေ့ရှိ သကဲ့သို့ ဆိုင်ခန်း/ ဆိုင်ခုံနေရာရသူ ရောင်းခွင့်ရှိသူကတစ်ဆင့် ရောင်းသည်လည်း ရှိသည်။ အဆင့်ဆင့်အမြတ်တင်၍ ရောင်းချခြင်းဖြစ်ရာ အမှန်ထုတ်လုပ်မှုကုန်ကျစရိတ်၏“၂ဆ” ကျော်ဖြင့် စားသုံးသူများက ဝယ်ယူစားသုံးရလျက်ရှိသည်ကို တွေ့ရှိရသည်။ တစ်ဖက်တွင်လည်း ကာလ၊ ဒေသကိုလိုက်၍လည်းကောင်း၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေအရ ဈေးနှုန်း ထပ်တိုး ကြီးမြင့်တတ်သည်က ရှိပြန်သည်။

ဝယ်လိုအားနှင့် ရောင်းလိုအား (Supply & Demand)

          စားသုံးသူ၏ဝယ်လိုအားနှင့် ထုတ်လုပ်နိုင်မှု မျှခြေမှာရှိလျှင် ပိုကောင်းပြီး ထုတ်လုပ်မှုကို ပို

 ထုတ်လုပ်နိုင်လျှင် “အမြတ်နည်းနည်းဖြင့် များများရောင်း”သည့်စနစ်ကို ကျင့်သုံးနိုင်မည်ဖြစ်ပြီး ရောင်းသူဝယ်သူ နှစ်ဦးလုံးအတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။ အခြေခံစားသုံးသူ ပြည်သူများ အဆင်ပြေနိုင်မည်ဖြစ်သည်။

          သို့တည်းမဟုတ် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်လျှင်လည်း အမြတ်များများကျန်နိုင်သလို ကြားခံအဆင့်နည်းနည်းဖြင့် စားသုံးသူများထံအရောက်ရောင်းချနိုင်လျှင် ဈေးနှုန်းသက်သာမည် ဖြစ်သည်။ Supply များများထုတ်လုပ်နိုင်လျှင် ဈေးကျရမည်ဖြစ်သော်လည်း ဈေးမကျသည်များ ရှိတတ်ပြန်ပါသည်။ အကြောင်းရင်းမှာ အစာဈေးကြီးခြင်း၊ မျိုးဈေးကြီးခြင်း၊ အများစုကို နိုင်ငံခြားကတင်သွင်းရခြင်း စသည်တို့ကြောင့်ဖြစ်သည်ကို လေ့လာတွေရှိရပါသည်။ ထို့ကြောင့် မျိုးကောင်းမျိုးသန့်များ ပြည်တွင်းတွင် ထုတ်လုပ်လာနိုင်အောင်၊ မျိုးအပါအဝင် သွင်းအားစုများ၊ မွေးမြူရေးအစာများကို ပြည်ပကမတင်သွင်းရဘဲ ပြည်တွင်းတွင် ထုတ်လုပ်နိုင်အောင် စီမံ ဆောင်ရွက်သင့်ပါသည်။

          တစ်ဖက်တွင်လည်း စားနပ်ရိက္ခာဖူလုံရေး(Food Security)နှင့် အစားအစာ ဘေးကင်း လုံခြုံမှုရှိစေရေး(Food Safety)အတွက် ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ်၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ လိုက်နာကျင့်သုံးမှုရှိစေရန်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ထုတ်လုပ်မှု အဆင့်ဆင့်၌ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။ သို့ဖြစ်၍  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စည်ပင်သာယာရေးအဖွဲ့ဥပဒေများဖြင့် လိုင်စင်ချထားပေးရာတွင် ရန်ပုံငွေရှုထောင့်တစ်ခုတည်းမှမဟုတ်ဘဲ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဘေးဥပါဒ်ကင်းသော ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးထုတ်ကုန်၊ မွေးမြူရေးထုတ်ကုန်များ ဖြစ်စေရေး၊ အာမခံချက်ရှိစေရေးစသည့်အခြားရှုထောင့်များကိုပါ သုံးသပ်၍ ဥပဒေနှင့်အညီ ထိန်းကျောင်းပေးရန်လိုအပ်ခြင်းကြောင့် လိုင်စင်စီကဲ့သို့ တစ်ဆင့်ခံရောင်းချမှုများ ထားရှိရခြင်း ဖြစ်သည်။

အစာဈေးနှင့် အစာထုတ်လုပ်မှု

          တိရစ္ဆာန်အစာများဟာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဆန်စပါး၊ ပဲ၊ ပြောင်း၊ ပဲပိစပ် စသည်တို့၏ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်ခြင်းဖြစ်သည်။ သို့သော် မျိုးမြှင့်တိရစ္ဆာန်များအတွက် အစာများကို ပြည်ပမှ တင်သွင်းရခြင်းဖြစ်၍ နိုင်ငံခြားငွေ သုံးစွဲရလျက်ရှိသည်ကိုတွေ့ရသည်။ ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၏ဘေးထွက်ပစ္စည်းများနှင့်ထုတ်လုပ်ရသည့် တိရစ္ဆာန် မွေးမြူရေးအစာများကို ကိုယ့်နိုင်ငံအတွင်းမှာ ထုတ်လုပ်လာနိုင်အောင် ဆောင်ရွက်မည်ဆိုပါက အသားငါးမွေးမြူထုတ်လုပ်မှုတွင် အစာအတွက်ကုန်ကျစရိတ်ကို လျှော့ချနိုင်မည် ဖြစ်သကဲ့သို့ နိုင်ငံခြားငွေလိုအပ်မှုလည်း သက်သာ၊အကျိုးအမြတ်လည်းများစေမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း၌ ဖူလုံရုံသာမက ပြည်ပထိပါ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေ ရရှိစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုစေမည်ဖြစ် ပါသည်။ ထို့အတွက် ပြည်ပဈေးကွက်ရရှိရန် အရေးကြီးသည့်အပြင် ပြည်ပဈေးကွက်တွင် ရောင်း တန်းဝင်သည့် အရည်အသွေးမျိုးဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန်လည်း လိုအပ်ပါသည်။ လိုအပ်သည့် အရင်းအနှီးသွင်းအားစုများ ပံ့ပိုးပေးရန်လည်း လိုအပ်ပေမည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာများ ထူထောင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် ကူညီပံ့ပိုးခြင်းစသည် တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ စိုက်ပျိုးမြေမရှိသူ လက်လုပ်လက်စားများ အဆင်ပြေစေရန် တစ်ပိုင်တစ်နိုင် မွေးမြူ ရေးကို ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (Rural Business Fund) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့မှ ချေးငွေထုတ်ပေးပြီး ကူညီပံ့ပိုးပေးလျက်ရှိသည်။

          သက်ဆိုင်ရာဌာနများ၏ပံ့ပိုးမှု ရရှိခြင်းနှင့် မရရှိခြင်းသည် အကျိုးအမြတ်ရရှိမှုနှင့် မည်မျှ ဆက်နွှယ်မှုရှိသနည်းဆိုလျှင် ဝက်နှင့် ဆိတ် မွေးမြူသူများ အရှုံးပေါ်ပြီး စိုက်ပျိုး လုပ်ကိုင်သူများ အမြတ်များများရခဲ့သည့်ဖြစ်စဉ်များအပေါ် သုံးသပ်သိရှိနိုင်ပါသည်။ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေးနိုင်သည့်အတွက် ဝက်နှင့် ဆိတ်မွေးမြူသူများ အရှုံးပေါ်မည့်အခြေအနေမှ အရင်း ကြေသည့်အခြေအနေသို့ ရောက်ရှိခဲ့ရသကဲ့သို့ ဈေးကွက်ချိတ်ဆက်ပေးနိုင်ခဲ့သည့်အတွက် သီးနှံ စိုက်ပျိုးသူတောင်သူများ အမြတ်ပိုမိုရရှိခဲ့တာ တွေ့ရပါသည်။

စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် တောင်သူများ၏ထုတ်ကုန်များ ဈေးနှိမ်ရောင်းချခံရခြင်းမှ ကင်းဝေပြီး ဈေးကောင်းရရှိစေရန်၊ ဈေးကွက်သေချာမှုရှိစေရန်၊ အရှုံးမရှိစေရန်၊ အမြတ်များများ ရရှိစေရန်အတွက် လိုအပ်သည့် အသိပညာများပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ အခွင့် အလမ်းများ ဖန်တီးပေးခြင်း၊ အတားအဆီးများကို ပေါင်းစပ်ဖြေရှင်းပေးခြင်း၊ နည်းပညာများ ပံ့ပိုးပေးခြင်းစသည်တို့ကို အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်ကြီးများက ဝိုင်းဝန်းဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုး မွေးမြူထုတ်လုပ်သည့်တောင်သူများ ဝင်ငွေတိုးပွားစေရေး ကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm