Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ


21 Jul,2022

နေပြည်တော် ဇူလိုင် ၂၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ဝန်ထမ်းများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူ (၁၈၀) ဦးရှိပြီး အောင်မြင်သူ (၁၂၅) ဦးဖြစ်သည့်အတွက် (၆၉)% အောင်မြင်ခဲ့ကြောင်း၊ ရိုးရိုးအောင်မြင်သူ (၅၈) ဦးနှင့် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သူ (၆၇) ဦးရှိပြီး ရိုးရိုးအောင်မြင်သူများကို တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းနှင့် ဂုဏ်ထူးရကျောင်းသား များအတွက် တစ်ဘာသာလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၁၇၀) သိန်းအား ဂုဏ်ပြုချီးမြှင့်ပေးမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးအနေဖြင့် တက္ကသိုလ်များ၊ ကောလိပ်များ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်း သင်တန်းကျောင်းများနှင့် ယွန်းပညာကောလိပ်(ပုဂံ)တို့အတွက် ဝတ်စုံနှင့် ကျောင်းသုံးပြဌာန်း စာအုပ်များအတွက် ငွေကျပ် (၇၆၅.၃၂၈) သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန သည် “သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်” မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက် ရှိသည့်အပြင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့ကို ဖွင့်လှစ်သင်ကြားပေးနေသည့်အတွက် ယခုအောင်မြင်ကြသော ကျောင်းသား ကျောင်းသူများအနေနှင့် အဆိုပါ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း တက်ရောက်ပညာသင်နိုင်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ချက်ရဲ့ ပန်းတိုင် (၄) မှာ “အရည်အသွေးပြည့်ဝသော ပညာရေးရရှိရေး” ဆိုတာ ဖော်ပြထားပြီးဖြစ်တဲ့အတွက် ပညာရေးဟာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုအတွက် စွမ်းအားအရှိဆုံးနှင့် သက်သေပြနိုင်သော ကိရိယာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပညာရေးမျှော်မှန်းချက်များနဲ့အညီ နိုင်ငံဖွံ့ဖြိုးရေးအတွက် ထူးချွန်ထက်မြတ်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ မရှိမဖြစ်လိုအပ်သလို ပြည်သူများရဲ့ ပညာရေးကဏ္ဍနှင့် အသိအမြင် ပွင့်လင်းရေးတို့ကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ လူများကို လေ့ကျင့်ပညာပေးခြင်း၊ ၎င်းတို့ရဲ့ လုပ်အားကို အကျိုးရှိထိရောက်စွာ အသုံးချခြင်းနှင့် လုပ်အားများ လျော့ကျမသွားအောင် ထိန်းသိမ်းခြင်းတို့ကို မူဝါဒချမှတ်ပြီး မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည်ဟု ပညာရှင်းများက အသိအမှတ်ပြုထားပြီး ပညာရေးကဏ္ဍဟာ အရေးအကြီးဆုံးကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် မိသားစုစိတ်ဓာတ်ဖြင့် အချင်းချင်းအပြန်အလှန် ရိုသေလေးစားမှု၊ ဖေးမကူညီမှု၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ လိုက်လျောညီထွေရှိမှု၊ ပွင့်လင်းမြင်သာမှု၊ တီထွင်ဆန်းသစ်မှု၊ စိန်ခေါ်မှုများကို လက်ခံနိုင်ပြီး ပြုပြင် ပြောင်းလဲဆောင်ရွက်နိုင်မှု ရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် မျှော်မှန်းချက်နဲ့အညီ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း ငယ်ရွယ်စဉ်အခါမှာ ပညာကို ကြိုးစားလေ့လာသင်ယူ ကြစေလိုကြောင်း၊ ပညာရေးကို အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စရပ်များအား ရှောင်ကြဉ်ပြီး အေးချမ်းစွာဖြင့် မိမိဘဝတိုးတက်ရေးအတွက် ပညာရပ်များကို ထူးထူးချွန်ချွန်ဖြစ်အောင် ကျက်မှတ်လေ့လာ ဆည်းပူးကြစေလိုကြောင်း၊ ပညာရပ်များ သင်ကြားတတ်မြောက်ပြီးပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့တာဝန်များကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် အားကိုးအားထားရသော ပညာတတ်လူငယ်လူရွယ်များ ဖြစ်စေလိုကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားကြပါလို့ တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ (၂) ဦးအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)  ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၄) ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူများအတွက် ဝတ်စုံစရိတ် တန်ဖိုးငွေကျပ် (၁၆၅.၆၀) သိန်းနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၁) စုံစီ တန်ဖိုးငွေကျပ် (၄၅.၆၉၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်ပါသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)  ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၄) ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့အတွက် ကျောင်းသုံးပြဌာန်း စာအုပ်များ တန်ဖိုးငွေကျပ် (၂၀၃.၈၀၇) သိန်းအားလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)  ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၃) ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ သမဝါယမကောလိပ်(ဖောင်ကြီး၊ မန္တလေး) နှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများအတွက် ဝတ်စုံနှင့်ပြဌာန်းစာအုပ်များ တန်ဖိုးငွေကျပ် (၃၄၃.၈၀)သိန်းအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃) ဘာသာဂုဏ် ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၅) ဦးအတွက် ဂုဏ်ပြုဆုငွေများ အားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ (၂) ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ ယွန်းပညာကောလိပ်(ပုဂံ)အတွက် ဝတ်စုံနှင့် ပြဌာန်း စာအုပ်များ တန်ဖိုးငွေကျပ် (၆.၄၂၆) သိန်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်ဝင် စာမေးပွဲတွင် (၂) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ (၁၃) ဦးအတွက် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၃၄) ဦးအတွက် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးအတွက် ဂုဏ်ပြုဆုငွေများအားလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ သည့် မရွှန်းလဲ့မီမီခိုင်က ကျောင်းသားကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များသည် ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပါသည်။

ယနေ့ကျင်းပသော အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ တက္ကသိုလ်ဝင်တန်းအောင်မြင် သော ကျောင်းသားကျောင်းသူ (၁၂၅) ဦးအနက် ရိုးရိုးအောင်မြင်သူ (၅၈) ဦးကို တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ ဘာသာစုံဂုဏ်ထူးရှင် (၂) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇) ဦး၊ သုံးသာဘာဂုဏ်ထူးရှင် (၇) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃၄) ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၆၇) ဦးတို့ကို ဂုဏ်ထူးတစ်ခုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm