Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျှင် ဦးစားပေးရွေးချယ်စေချင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် စစ်ကိုင်းနှင့် သန်လျင်


23 Feb,2022

ခန့်ဇော်(ကျေးလက်)

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(ယခင်သမဝါယမတက္ကသိုလ်)ဟု ဆိုလိုက်လျှင် စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်၊ သန်လျင် အနီးဝန်းကျင်တွင်သိရှိသူ၊ တက်ရောက်သူများပြားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မူ တွင်တွင်ကျယ်ကျယ် သိရှိမှုက အားနည်းနေသေးသည်ဆိုရမည်။ ဒီကျောင်းမှာ ဘာတွေသင်ပြီး၊ ဒီကျောင်းရဲ့ Products တွေ ဘယ်မှာသွားပြီး အသုံးတည့်သည်ကို မသိကြခြင်းကပင် လူသိနည်းပါးရခြင်း၏ အဓိကဇစ်မြစ်ဟု မိမိ ထင်သည်။ ထို့ကြောင့်ပင် သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်းနှင့် သန်လျင်တို့မှ ပါမောက္ခချုပ်ကြီးများနှင့် Online မှတစ်ဆင့် ဆွေးနွေးဖြစ်ခဲ့သည်။

 

* * * * * * *

 

#တက္ကသိုလ်များ၏မျှော်မှန်းချက်နှင့်သင်ကြားရေးကဏ္ဍချိတ်ဆက်မှု

 

မေး။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွေအကြောင်းကို လေ့လာမိတဲ့အချိန်မှာ ကျွန်တော့် အနေနဲ့ ပထမဆုံးသတိထားမိတာက အင်မတန်မှအဓိပ္ပါယ်ပြည့်ဝတဲ့ တက္ကသိုလ်များရဲ့ မျှော် မှန်းချက်ပါပဲ။ “အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံရှိပြီး အရည်အချင်း ပြည့်ဝသော လူမှုစီးပွားရေးပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်” ဆိုတဲ့ တက္ကသိုလ်များရဲ့မျှော်မှန်းချက်ကိုတွေ့ရတော့ အလွန်ပဲနှစ်သက် သဘောကျဖြစ်မိရပါတယ်။ ဒီနေရာမှာ ကျွန်တော်စိတ်ဝင်စားတာက အမျိုးသားရေးစိတ်ဓာတ်နဲ့ လူမှုရေးစိတ်ဓာတ် အခြေခံ ရှိစေဖို့ ဆရာမကြီးတို့အနေနဲ့ သင်ကြားရေးပိုင်းမှာ ဘယ်လိုစီမံဆောင်ရွက်နေသလဲဆိုတဲ့ အချက်ပါပဲ။

 

ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း(သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊သန်လျင်)။ဟုတ်ကဲ့ဆရာ။ သင်ကြားရေးပိုင်းအနေနဲ့ အမျိုးသားရေးစိတ်ဓာတ်အခြေခံရှိဖို့အတွက်ကတော့ ပထမနှစ်မြန်မာစာ နှင့် မြန်မာ့ရေးရာဘာသာရပ်တွေမှာ ထည့်သွင်းသင်ကြားပေးပါတယ်။ လူမှုရေးစိတ်ဓာတ်အခြေခံရှိဖို့ အတွက် ကတော့ အသင်းအဖွဲ့နဲ့ဆောင်ရွက်တဲ့ အလေ့အကျင့်ကောင်းတွေရရှိလာစေဖို့ တက္ကသိုလ် အနုပညာအသင်း၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲတွေ ဖွဲ့စည်းထားပြီး ဒီအသင်းအဖွဲ့ တွေမှာ ပါဝင်ဆောင်ရွက် စေပါတယ်။  ဒါ့အပြင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစပြီး ပြည်သူ့နီတိကို extra curriculum အနေနဲ့  သင်ကြားပေးခဲ့ပါတယ်။ တစ်ဖက်ကလည်း လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက် စေရေးကို အထောက် အကူပြုစေဖို့အတွက် တက္ကသိုလ်တည်ရှိရာ အနီးတစ်ဝိုက်ကျေးရွာတွေ ဖွံ့ဖြိုးလာစေဖို့ Saemaul Undong စီမံကိန်းနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာ ကျေးရွာ(၁၁)ရွာအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်၊ လူမှုရေးစိတ်ဓာတ် အခြေခံကောင်းတွေ ရရှိစေဖို့၊ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာစေဖို့အတွက်  လက်ရှိမှာတော့ ရှေ့မှာပြောခဲ့သလို ကျောင်းသင်ခန်းစာပိုင်းမှာ ထည့်သင့်တာ ကိုထည့်ပြီး ကျောင်းပြင်ပလှုပ်ရှားမှုတွေမှာ အလေ့အကျင့် လုပ်ပေးသင့်တာကို လုပ်ပေးတဲ့နည်းနဲ့ လေ့ကျင့်သင်ကြားပေးနေပါတယ် ဆရာ။

 

#ဒီကျောင်းကဘာတွေသင်ကြားပေးသလဲ?

 

မေး။ သင်ကြားရေးအရ လူမှုစီးပွားဖွံ့ဖြိုးရေးနဲ့ချိတ်ဆက်ထားတာကတော့ လက်တွေ့မှာ တကယ် အကျိုးများစေပါတယ်။ အမျိုးသားရေးစိတ်ဓာတ်အခြေခံခိုင်မာစေဖို့ ပထမနှစ်မှာထည့်သွင်း သင်ကြားပေးတာလည်းကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒုတိယနှစ်၊ တတိယနှစ် နဲ့စတုတ္ထနှစ်သင်တန်းတွေမှာပါ အမျိုးသားရေးစိတ်ဓာတ်အခြေခံခိုင်မာစေမဲ့ လှုပ်ရှားမှု လေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲလိုမျိုးတွေ စီစဉ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။ ဒီအတွက်လည်း Action Plan စနစ်တကျ ချမှတ်ထားသင့်ပါတယ်။ ဘယ်အတိုင်းအတာအထိ မျှော်မှန်းချက် ပေါက်မြောက်အောင်မြင်သလဲဆိုတာကို စစ်ဆေးခံနိုင်ဖို့လိုပါတယ်။ နောက် တစ်ခုကတော့ အရည်အချင်းပြည့်ဝသောလူမှုစီးပွားရေးပညာတတ် လူ့စွမ်းအားအရင်းအမြစ် များမွေးထုတ်ပေးနိုင်ဖို့ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိသင်ကြားရေးပိုင်းမှာ ဘယ်ဘာသာရပ်တွေကို အဓိကမေဂျာအနေနဲ့ သင်ကြားနေသလဲဆိုတာ သိချင်ပါတယ်။

 

ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း။  ကျွန်မတို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)က ၁၉၇၀ ခုနှစ်မှာ ရန်ကုန်တိုင်း သမဝါယမသင်တန်းကျောင်းအဖြစ်ကနေ စခဲ့တာပေါ့ ဆရာ။ အဲ့ဒီကမှ ၁၉၉၄ ခုနှစ်မှာ ရန်ကုန် သမဝါယမဒေသကောလိပ်ဖြစ်၊ နောက် ၁၉၉၆ခုနှစ်ရောက်တော့ ရန်ကုန် သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာမှ တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှာ သမဝါယမတက္ကသိုလ် (သန်လျင်/ စစ်ကိုင်း) တို့ကို သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်/ စစ်ကိုင်း)အဖြစ် အမည်ပြောင်းလဲ သတ်မှတ် ခဲ့ပါတယ်။ တက္ကသိုလ်မဖြစ်ခင်ကတော့ ဘာသာရပ်အနေနဲ့က Generalizationသွားခဲ့ပြီး ဘွဲ့အနေနဲ့တော့ ဝိဇ္ဇာဘွဲ့ (စီးပွားရေးသိပ္ပံ) B.A (Business Science)ဆိုပြီး ရန်ကုန်တက္ကသိုလ်ကနေ ချီးမြှင့်ပေးပါတယ်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်ကနေစပြီး ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်အထိကတော့ စီးပွားရေးသိပ္ပံဘွဲ့ (Bachelor of Business Science)(B.BSc)ဆိုပြီး ပေးခဲ့တာပေါ့ ဆရာ။ အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ Specialization နဲ့သွားမယ်ဆိုပြီးတော့ ဒီမေဂျာ (၅)ခုကို create လုပ်ခဲ့တာ ခုဆို တတိယအသုတ် (Third Batch) အထိ ပြီးခဲ့ပါပြီ။

 

အဓိကမေဂျာတွေအနေနဲ့သင်ကြားပေးတဲ့ အထူးပြုဘာသာရပ်ဌာနတွေကတော့ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ သမဝါယမပညာ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာတို့ဖြစ်ပါတယ်။ အထောက်အကူပြု ဘာသာရပ်ဌာနတွေအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ၊ စီးပွားရေး၊ ပထဝီဝင်နှင့် ဥပဒေပညာဌာနဆိုပြီး ရှိပါတယ်။

 

၂၀၁၄ -၂၀၁၅ ပညာသင်နှစ်ကစပြီး အထူးပြုဘာသာရပ်အလိုက် (၄)နှစ် ဘွဲ့ကြိုသင်တန်းများ စတင်သင်ကြားခဲ့ပြီး ဘာသာရပ်အလိုက် ဘွဲ့တွေ ပေးအပ်ခဲ့ရာမှာတော့ စီးပွားရေးသိပ္ပံဘွဲ့(B.BSc)ကို လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(Social Enterprises Management- SEM)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု ပညာ(Regional Development-RD)၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ (Accounting and Finance- AF)၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ(Marketing Management-MM)၊ အသုံးချစာရင်းအင်း ပညာ (Applied Statisitics-AS) ဆိုတဲ့ အထူးပြုဘာသာရပ် (၅)မျိုးနဲ့ ပေးအပ်နိုင်ခဲ့ပါတယ်။

 

၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်းပညာရပ်တွေအတွက် ဘွဲ့လွန်ဒီပလိုမာတွေ ပေးအပ်နိုင်ခဲ့သလို အထူးပြုဘာသာရပ် (၅)ခုလုံးကို မဟာဘွဲ့အထိ ပေးအပ်နိုင်ခဲ့ပါတယ် ဆရာ။

 

ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ (သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)။  ကျွန်မတို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အနေနဲ့ကတော့ ၁၉၈၂ ခုနှစ်မှာ ကချင်၊ ချင်းနှင့် စစ်ကိုင်း ပြည်နယ်/ တိုင်း သမဝါယမသင်တန်း ကျောင်းအဖြစ် စပြီး ဖွင့်လှစ်ခဲ့တာပါ ဆရာ။ ၁၉၉၆ ခုနှစ် ကောလိပ်အဆင့်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တက္ကသိုလ်အဆင့် ဖြစ်ခဲ့ပါတယ်။ သင်ကြားရေးဘာသာရပ်တွေ၊ ပေးအပ်တဲ့ဘွဲ့တွေအနေနဲ့ကတော့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နဲ့ အတူတူပါပဲ။ ကျွန်မအနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ အထူးပြုဘာသာရပ်နယ်ပယ်တစ်ခုချင်းအောက်မှာ သင် ကြားပေးနေတဲ့ ဘာသာရပ်ခွဲတွေအကြောင်းပါပဲ။

 

စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ (Accounting & Finance) ဆိုပါစို့… အဲ့ဒီအောက်မှာ ဘဏ္ဍာရေး စာရင်းကိုင်ပညာ၊ တန်ဖိုးတွက်စာရင်းကိုင်ပညာ၊ အဆင့်မြင့်ဘဏ္ဍာရေးစာရင်းကိုင်ပညာ၊ စာရင်းကိုင် ပညာသတင်းအချက်အလက်စနစ်၊ အာမခံနှင့် အခွန်စာရင်းကိုင်ပညာ၊ စာရင်းစစ်ဆေးခြင်းပညာ၊ ဘဏ္ဍာရေး အစီရင်ခံခြင်းပညာ၊ ပြည်သူ့ရေးရာစာရင်းကိုင်ပညာ၊ ဘဏ္ဍာရေးမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးအဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်၊ အရင်းအနှီးဈေးကွက်၊ ငွေကြေးစီမံခန့်ခွဲမှု၊ အထွေထွေ စီမံခန့်ခွဲမှုပညာ၊ စွမ်းဆောင်ရည်စီမံခန့်ခွဲမှုပညာ၊ ဈေးကွက်ဖော်ဆောင်ရေးမူဝါဒများ၊ သိပ္ပံနည်းကျ စီမံ ခန့်ခွဲမှုပညာ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုပညာ၊ ခေါင်းဆောင်မှုပညာ၊ ကွန်ပျူတာအသုံးပြု စာရင်း ကိုင်ပညာ၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးဆိုင်ရာသတင်းအချက်အလက်နည်းပညာ၊ ကွန်ပျူတာအသုံးပြု စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းပညာ (Computerized Managerial Decision Modeling)စတဲ့ ဘာသာရပ်တွေကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးတာဖြစ်ပါတယ်။ ဒီလိုပဲ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်းပညာနဲ့ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု ပညာရပ်နယ်ပယ်များမှာလည်း သက်ဆိုင်ရာဘာသာရပ်အသီးသီးကို ခေတ်စနစ် ရဲ့လိုအပ်ချက်နဲ့ လျော်ညီစွာ စာတွေ့လက်တွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးလျက် ရှိပါတယ်။

 

#အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် လက်တွေ့အသုံးချနိုင်မှု

 

မေး။ လက်ရှိသင်ကြားပေးနေတဲ့ဘာသာရပ်တွေကိုကြည့်ရင် အတော်လေးကို ပြည့်စုံကောင်းမွန်တာ တွေ့ရပါတယ်။ ခေတ်စနစ်ရဲ့ရေစီးကြောင်းနဲ့ပါ အံဝင်ခွင်ကျရှိတဲ့အတွက် လက်တွေ့မှာ အလွန် အသုံးတည့်မဲ့ပညာရပ်များ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ထပ်ပြီး သိချင်တာကတော့ ဘာသာရပ်အလိုက် သင်ကြားပေးလိုက်ပြီးနောက်ပိုင်း ပြန်လည်အသုံးချနိုင်တဲ့အခြေအနေပေါ့။ ဒီတက္ကသိုလ်တွေရဲ့ Products တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ဘယ်လောက် ရှိသလဲ၊ ရာခိုင်နှုန်းအားဖြင့် ဘယ်အတိုင်းအတာအထိ ရှိသလဲဆိုတာလည်း သိချင်ပါတယ်။

 

ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း။ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ကျောင်းဘက်ကတော့ B.BSc ဘွဲ့ စပေးခဲ့တဲ့အချိန်ကတည်းက နှစ်စဉ် Internship တွေဆင်းရတယ်၊ Job Fair တွေရှိတယ်။ Job Fair မှာဆိုရင် ကုမ္ပဏီတွေလာတယ်၊ ဘဏ်တွေ လာတယ်ပေါ့။ အဲ့မှာပဲတန်းပြီးအလုပ်ရသွားတာမျိုးလည်း ရှိတယ် ဆရာ။ နောက်အစိုးရဌာနဆိုင်ရာတွေကလည်း စာမေးပွဲစစ်ဆေးဖို့ကိစ္စတို့ ဘာတို့နဲ့ ကျောင်းကို လာလေ့ရှိပါတယ်။ အဲ့လိုလာရင် ကျွန်မက Marketing လုပ်တယ်။ ဥပမာ- ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လာတယ်ဆိုပါစို့။ ကျွန်မက “ကျွန်မတို့ ကျောင်းကတော့ ဒီဘာသာရပ်တွေ သင်ပါတယ်။ ဒီဘွဲ့…ဒီဘွဲ့တွေ ပေးပါတယ်။ အဲ့ဒီဘွဲ့ရတွေကို ခေါ်ယူလို့ရပါတယ်” ဆိုတာမျိုး Marketing လုပ်ပါတယ်။

 

ဝန်ကြီးဌာနကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ကတစ်ဆင့် ကျွန်မတို့ကျောင်းတွေက    ဘွဲ့တွေကိုခေါ်ယူလို့ရတယ်ဆိုတာမျိုးတက္ကသိုလ်တွေရဲ့တင်ပြချက်အရညှိနှိုင်းထားတာလည်းရှိပါတယ်။ ခုဆိုရင် ဝန်ကြီးဌာနအတော်များများကလည်း လက်ခံလာပြီဖြစ်ပါတယ်။ ကုမ္ပဏီနဲ့ဘဏ်လုပ်ငန်း ကဏ္ဍာတွေကလည်း ကျွန်မတို့ရဲ့Products တွေကို သုံးတယ် ဆရာ။ ဧရာဝတီဘဏ်၊ CB Bank၊ မြန်မာ့ ရှေ့ဆောင်ဘဏ်တွေမှာလည်း ရကြတယ်။ CB Bank မှာဆို ဒီတက္ကသိုလ်ကထွက်တဲ့ Product က အများဆုံးပဲ ဆရာ။  အစိုးရဌာနဆိုင်ရာအနေနဲ့ ပြောရရင်တော့ သမဝါယမဦးစီးဌာနမှာ ဒီတက္ကသိုလ်က ထွက်တဲ့ Product က အများဆုံးပေါ့။ တစ်ချို့ဆို ညွှန်ကြားရေးမှူးအဆင့်ထိ ဖြစ်နေကြပါပြီ ဆရာ။

 

ဘာသာရပ်အလိုက်ပြောရမယ်ဆိုရင် Marketing Management ဘွဲ့ရတွေက ပုဂ္ဂလိကလုပ်ငန်း တွေမှာ စီးပွားရေးလုပ်ငန်းမန်နေဂျာတို့၊ ဈေးကွက်ဖော်ဆောင်မှုစီမံခန့်ခွဲရေးမန်နေဂျာတို့ ဖြစ်သွားတာ ရှိသလို ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ကြသူတွေ အစိုးရဌာနဆိုင်ရာဘက်မှာ ဦးစီးအရာရှိတို့၊ ဦးစီးမှူးတို့ ဖြစ်သွားကြတဲ့သူတွေလည်း ရှိပါတယ်။

 

လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ (SEM)နဲ့ ဈေးကွက်ဖော် ဆောင်ရေးစီမံခန့်ခွဲမှုပညာ (MM) ဘာသာရပ်တွေနဲ့‌ကျောင်းပြီးခဲ့တဲ့ ကျောင်းသားတွေထဲမှာဆိုရင် ယွန်းပညာကောလိပ်ကနေ ပေါင်းကူး လာတဲ့သူတွေလည်းရှိတယ် ဆရာ။ Business Plan Contest တွေလုပ်တဲ့အခါကြရင် ယွန်းပညာ ကောလိပ်က ပေါင်းကူးလာတဲ့ကလေးတွေက သူတို့ရဲ့ ကိုယ်ပိုင် Productsတွေနဲ့ Business Plan လုပ်ပြီး ဝင်နိုင်ကြတဲ့အထိ Idea ရော Creativity ပါရှိကြတာ၊ လက်တွေ့ပြန်အသုံးချနိုင်ကြတာ တွေ့ရပါတယ်။

 

ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဘွဲ့ရတွေဆိုရင်အစိုးရဌာနဆိုင်ရာတွေတင်မဟုတ်ဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs ၊ INGOs တွေမှာရော စီးပွားရေးလုပ်ငန်းတွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရကြတယ် ဆရာ။

 

စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ(AF)၊ အသုံးချစာရင်းအင်းပညာ(AS)တွေအနေနဲ့လည်း ဝန်ကြီး ဌာနအသီးသီးရဲ့ ဘဏ္ဍာရေးရာ၊ စီးပွားရေးရာ၊ စီမံရေးရာဌာနတွေမှာ ဦးစီးအရာရှိ၊ ဒုဦးစီးမှူးစတဲ့ ရာထူးတွေနဲ့ လုပ်ကိုင်နိုင်ကြသလို စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဘွဲ့၊ စာရင်းကိုင်ပညာဘွဲ့တွေကိုခေါ် ယူတဲ့ ဘယ်ရာထူးအတွက်မဆို လျှောက်ထားလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ နမူနာအနေနဲ့ပြောရရင် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ ဦးစီးအရာရှိ (ဘဏ္ဍာရေး) လျှောက်ထား နိုင်သလို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနစတဲ့ဝန်ကြီးဌာနတွေမှာ ဦးစီးအရာရှိ၊ လက်ထောက်မန်နေဂျာ၊ ဒုဦးစီးမှူးစသဖြင့်လျှောက် ထားနိုင်ကြတာ တွေ့ရပါတယ် ဆရာ။  ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေ၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း NGOs၊ INGOs တွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းရကြပါတယ်။

 

ရာခိုင်နှုန်းအရ တိတိကျကျပြောရမယ်ဆိုရင် ၅၀% ကနေ ၈၀% အထိကတော့ လုပ်ငန်းခွင်ထဲ ရောက်သွားကြတာ ဆရာ။

 

ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ။  ဟုတ်ပါတယ် ဆရာ။ ကျွန်မတို့တက္ကသိုလ်အနေနဲ့ဆိုရင် B.BScဘွဲ့ ပေးခဲ့တာ(၃)သုတ်၊ မဟာဘွဲ့ (၂)သုတ် ရှိပြီပေါ့ ဆရာ။ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ဖြည့်စွက် တင်ပြချင်တာကတော့ ခုနက သန်လျင် ပါမောက္ခချုပ်ကြီးပြောသလိုပဲ ကျွန်မတို့တက္ကသိုလ်ကလည်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင် များအသင်း(မန္တလေးရုံးခွဲ)၊ ပုဂ္ဂလိက ဘဏ်များ စတာတွေနဲ့ချိတ်ဆက်ပြီး နှစ်စဉ် Job Fair တွေ ပြုလုပ်ပေးပါတယ်။ အဲ့ဒီက နေမှတစ်ဆင့် ချက်ချင်းဆိုသလို အလုပ်အကိုင်များစွာရရှိသွားကြပါတယ် ဆရာ။ မေဂျာအလိုက်ပြောရရင် Accounting & Finance ဘွဲ့ရတွေက အစိုးရနှင့် ပုဂ္ဂလိကဘဏ် လုပ်ငန်းများ၊ Microfinance လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပကုမ္ပဏီများနဲ့ အစိုးရအဖွဲ့အစည်းတွေမှာ အလုပ်အကိုင် ရရှိကြပါတယ်။

 

Marketing Management မေဂျာအနေနဲ့ကတော့ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းများနဲ့ အစိုးရအဖွဲ့အစည်းတွေမှာ ရရှိကြပြီး ခုဆိုရင် Sale Manager ဖြစ်နေသူတွေ အထိ ရှိပါတယ် ဆရာ။ Applied Statistics Major အနေနဲ့ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ ဗဟိုစာရင်းအင်းအဖွဲ့နဲ့ NGO၊ INGOတွေမှာ ရကြတာ များပါတယ်။ Regional Development Major အနေနဲ့ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ NGOတွေမှာ ရရှိကြပါပြီး SEM Majorအနေနဲ့လည်း လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ၊ NGOနဲ့ INGO တွေမှာ အလုပ်အကိုင် ရရှိကြပါတယ်။

 

အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေဖို့ အခွင့်အရေးတစ်ရပ်အနေနဲ့ (B.BSc) (Accounting and Finance)မေဂျာတွေကို စာရင်းစစ်ချုပ်ရုံးမှခေါ်ယူတဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း၊ Certified Public Accounting (CPA)သင်တန်းတွေကို ၂၀၁၉ ခုနှစ်ကစပြီး တိုက်ရိုက်တက်ရောက်ခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နှစ်စဉ် CPA သင်တန်းဝင်ခွင့်ရဦးရေရဲ့ ၂၅% ခန့်အထိ တက်ရောက်ခွင့် ရကြပါတယ်။ ဒါကြောင့် စာရင်းစစ်ချုပ်ရုံးက ခေါ်ယူတဲ့ စာရင်းစစ်ဆေးရေးဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေဖို့ သက်ဆိုင်ရာဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့လည်း တစ်ပါတည်း တင်ပြပါရစေ ဆရာ။

 

#အရည်အသွေးအာမခံချက် (Quality Assurance) အတွက် ဆောင်ရွက်ထားရှိမှု

 

မေး။ အလုပ်အကိုင် အခွင့်အလမ်းရရှိတဲ့အနေအထားကို ကြားရတာ အတော်ကို အားရစရာကောင်း ပါတယ်ဗျ။ နောက်တစ်ခုကတော့ အရည်အသွေး စစ်ဆေးခံနိုင်ဖို့ကိစ္စပေါ့။ ကျွန်တော်တို့ အနေ နဲ့က နိုင်ငံတကာအဆင့်မီတက္ကသိုလ်ဖြစ်ဖို့ဆိုတာမျိုးက ဖြစ်နိုင်တာ မဖြစ်နိုင်သေးတာ အပထား။ အိမ်မက်ထဲမှာတော့ ထည့်ထားရမှာပါပဲ။ ဒီတော့ ဆရာမကြီးတို့အနေနဲ့ တက္ကသိုလ်တွေ အဆင့်မီ တက္ကသိုလ်ဖြစ်ဖို့၊ အရည်အသွေးပြည့်ဝဖို့အတွက် အရည်အသွေးအာမခံချက် (Quality Assurance) စနစ်ပိုင်းကို ဘယ်လိုပြင်ဆင်ထားလဲ၊ ဝန်ကြီးဌာနဘက်က ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုမလဲ ဒါလေးလည်း သိချင်ပါတယ်။

 

ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ။ ကျွန်မတို့ကျောင်းမှာကတော့ Quality Assurance အတွက် QA Team (Quality Assurance) နှင့် SA Team (Self Assessment) ဆိုပြီး အဖွဲ့ (၂)ဖွဲ့ ဖွဲ့စည်းထားပါတယ်။ Quality Assurance ပိုင်းမှာ  Programme Level နဲ့ Institutional Level ဆိုပြီး Level (၂)ခုရှိပြီးတော့ လက်ရှိမှာ Programme Level အနေနဲ့ မေဂျာ (၅)ခုအတွက် Self Assessment Report (SAR) ရေးဆွဲဖို့ ပြင်ဆင်နေပါတယ်။ အဓိကကတော့ ကျွန်မတို့ရဲ့Productsတွေ အရည်အချင်းပြည့်ဝဖို့နဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်နေရာမှာမဆို အရည်အသွေး စစ်ဆေးခံနိုင်ဖို့၊ အရည်အသွေးအာမခံချက်ရှိတဲ့ Products တွေ နှစ်စဉ်မွေးထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ အရည်အသွေးအာမခံချက်(QA)စစ်ဆေး ခံနိုင်ဖို့ဆိုရာမှာ တက္ကသိုလ်ရဲ့ သုတေသနလုပ်ငန်းတွေ ပြည်တွင်းပြည်ပသုတေသနစာစောင်တွေမှာ ထုတ်ဝေခွင့် ရရှိဖို့ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ ကျွန်မတို့တက္ကသိုလ်အနေနဲ့ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ မှာ Korea Myanmar Research Association (KOMYRA)နဲ့ နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးခဲ့ပြီး KOMYRAနှင့်သုတေသနစာစောင်မှာ (၂၁)စောင်အထိ ပါဝင်မှု ရှိခဲ့ပါပြီ။

 

တက္ကသိုလ်တိုးတက်ရာတိုးတက်ကြောင်း ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ပေးထားပြီးဖြစ်တဲ့အတွက် အရည်အသွေးအာမခံချက်ရှိတဲ့တက္ကသိုလ်၊ အရည် အချင်းပြည့်ဝတဲ့ အရည်အသွေးစစ်ဆေးခံနိုင်တဲ့ Productsတွေ မွေးထုတ်ပေးနိုင်တဲ့တက္ကသိုလ်ဖြစ် စေဖို့ Master Plan၊ သင်ကြားတဲ့ဘာသာရပ်နဲ့ ဘာသာရပ်အလိုက် ပြန်လည်အသုံးချနိုင်တဲ့ လူ့ စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံတကာအဆင့် အရည်အသွေးပြည့်မီတဲ့ တက္ကသိုလ် ဖြစ်လာစေဖို့ Marketing Plan တွေ ရေးဆွဲဆောင်ရွက်သွားပါ့မယ် ဆရာ။

ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချာလီသန်းက Quality Assuranceအတွက် လက်တွဲခေါ်ခဲ့တော့ ဒီတက္ကသိုလ် အနေနဲ့ အဲ့ဒီအချိန်တုန်းက Degree College အဆင့်ပဲရှိသေးပေမဲ့ ကျွန်မတို့ရဲ့ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက Quality Assurance အတွက် စပြီးဆောင်ရွက်ခဲ့ပါတယ် ဆရာ။ ဒီတုန်းကတော့ Quality Assurance ဆိုတာနဲ့ပတ်သက်ပြီး Awareness ရဖို့ကိုတောင်မှ မနည်းကြိုးစားရုန်းကန် ခဲ့ရတော့ ၂၀၁၁ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အထိ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပါတယ်။ ဒီဆယ်စုနှစ်အတွင်း ကြိုးစားမှုရလဒ်အနေနဲ့ပြောရမယ်ဆိုရင် AUN-QA Associate Membership (Asean University Network-Quality Assurance) ဖြစ်ခွင့်ရခဲ့တာပါပဲ။

 

AUN-QA Associate Membership ဖြစ်ဖို့ဆိုတာက Criteria တွေရှိပါတယ် ဆရာ။ Criteria ထဲမှာ တက္ကသိုလ်တည်ထောင်တဲ့ ကာလ၊ သက်တမ်းသတ်မှတ်ချက်တွေရှိတဲ့အခါကျတော့ ကျွန်မတို့ တက္ကသိုလ်အနေနဲ့က သက်တမ်းအားဖြင့်နုသေးပေမဲ့ AUN-QA ရဲ့ Associate Membership ဖြစ်တဲ့ ရေကြောင်းပညာတက္ကသိုလ်ရဲ့ထောက်ခံချက် အကူအညီရရှိခဲ့တာကြောင့် QA Expertကို ဖိတ်ကြားပြီး Regionalအတွင်းမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်များပါတက်ရောက်တဲ့ Outcome Based Workshop တစ်ခုကို သင်တန်းသားအယောက်(၃၀)နဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မ တို့ရဲ့အားထုတ်မှုကို အသိအမှတ်ပြုပေးခဲ့တဲ့အတွက် ၂၀၂၀ခုနှစ်၊ ဧပြီလ ကိုဗစ်ကာလအတွင်းမှာပဲ Associate Membership ဖြစ်ခွင့်ရရှိခဲ့ပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးမှာ Associate Membership ရခဲ့တာ ကျွန်မတို့တက္ကသိုလ်အပါအဝင် တက္ကသိုလ် (၇)ကျောင်းပဲရှိပါတယ်။ Core Member အနေနဲ့ (၃)ကျောင်းပဲရှိပါတယ်။

Associate Membership ဖြစ်ရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရသလဲဆိုရင် Self Assessment Report(SAR)ရေးဆွဲဖို့အတွက် Training နဲ့ Guideline တွေရပါတယ် ဆရာ။  ၂၀၂၀ ခုနှစ်မှာ အသစ်ထွက်ခဲ့တဲ့ Version အရ Criteria(၈)ချက်ရှိပြီး ကျွန်မတို့အနေနဲ့ အဲ့ဒီ(၈)ချက်ကို အကောင်အထည် ဖော်ရမှာဖြစ်လို့ ပြင်ပပညာရှင်နဲ့ အစီရင်ခံစာပြုစုလျက်ရှိပေမဲ့ နည်းနည်း အရှိန်နှေး နေပါသေးတယ်။ ဒါပေမဲ့ခု ၂၀၂၂ ခုနှစ်မှာ အရှိန်အဟုန်နဲ့ ပြန်သွားမှာပါ…ဆရာ။

 

Self Assessment Report ပြီးစီးရင် Internal Auditနဲ့စစ်ဆေးခံပြီးတဲ့ခါ ASEAN Level အသိ အမှတ်ပြုတက္ကသိုလ် ဖြစ်လာမှာပါ။ အဲ့ဒီအခါ ကျွန်မတို့ရဲ့ Product တွေဟာ ASEAN ဒေသတွင်း ဘယ် နိုင်ငံမှာမဆို အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှာ မလွဲမသွေပါပဲ ဆရာ။

* * * * * * *

 

ကြားရုံဖြင့်ပင် အားအင်ဖြစ်မိရသည်။ သက်မွေးဝမ်းကျောင်းတက္ကသိုလ်ဆိုသည်က သင်ကြား သည့်ဘာသာရပ်အလိုက် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှုန်း မြင့်မားမှသာလျှင် သက်မွေးဝမ်း ကျောင်းတက္ကသိုလ်၏အင်္ဂါရပ်ဖြင့်ညီပေမည်။ သက်မွေးဝမ်းကျောင်းတက္ကသိုလ်အမျိုးအစားဖြစ်သည့် သမဝါယမတက္ကသိုလ်များအနေဖြင့် လက်တွေ့အသုံးချ လူမှုစီးပွားစီမံခန့်ခွဲရေးပညာရပ်များ သင်ကြား ပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိမှုကို တိုက်ရိုက်အကျိုးပြုနိုင်လျက်ရှိသည်ကို တွေ့ရ သည့်အတွက် အလွန်ပင် ကျေနပ်အားရဖြစ်မိရသည်။

 

သို့ရာတွင် သမဝါယမတက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသောဘာသာရပ်များ၊ သမ ဝါယမတက္ကသိုလ်ဘွဲ့ရကျောင်းဆင်းများရရှိနိုင်သည့်အလုပ်အကိုင်အခွင့်အလမ်း၊ ရရှိနေသည့်အလုပ် အကိုင်များစသည်… စသည်တို့အား သိသူထက် မသိသူက ပိုများနေဦးမည်ဟု ထင်သည်။

 

ဤသည်ကပင် ပါမောက္ခချုပ်ဆရာမကြီးများနှင့် ဆွေးနွေးမေးမြန်းဖြစ်ခဲ့သမျှ စုစည်းရေးသား မိရခြင်း၏ အကြောင်းရင်းခံ တွန်းအားဖြစ်တော့သည်။ ဘွဲ့ရဦးရေနှင့် အလုပ်အကိုင်ရရှိမှု အချိုးမညီ ဖြစ်လျက်ရှိသောခေတ်၊ ကျောင်းသင်ဘာသာရပ်များအား လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မှု နှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလျက်ရှိသည်ဟုဆိုရမည်ဖြစ်သော မိမိတို့နိုင်ငံတွင် ကျောင်း မပြီးခင်ကပင် အလုပ်အကိုင်အခွင့်အလမ်းက ကြိုလင့်လျက်ရှိသည့် သမဝါယမတက္ကသိုလ်ကဲ့သို့သော တက္ကသိုလ်မျိုးဆိုသည်က ရှားပါးရတနာနှင့် အလားသဏ္ဍန်တူပေသည်။

 

အခြေခံပညာတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် ကျောင်းသားများအနေဖြင့် တက္ကသိုလ် ပညာဆက်လက်သင်ကြားရန် ဘာသာရပ်များ၊ ကျောင်းများရွေးချယ်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းရရှိမှုနှုန်း မြင့်မားသည့် လက်တွေ့အသုံးချ လူမှုစီးပွားစီမံခန့်ခွဲမှုပညာရပ်များ သင်ကြား ပေးလျက်ရှိသော၊ အရည်အသွေးအာမခံချက်ရှိမှုအပေါ် အလေးပေးဆောင်ရွက်လျက်ရှိသော သမ ဝါယမတက္ကသိုလ်များအား စဉ်းစားရွေချယ်နိုင်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

 

(ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ဝင်ရောက်

ဖတ်ရှုနိုင်ပါသည်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm