Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် အသေးစားဓာတ်အားပေးစနစ်


21 May,2024

အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် အသေးစားဓာတ်အားပေးစနစ်

 

          “အရင်တုန်းကကျ မီးစက်နဲ့ဆိုတော့ အလုပ်တစ်ခုလာ တစ်ခါ စက်မနှိုးနိုင်ဘူးလေ ဆရာ.. အလုပ်တွေ အများကြီးလာမှ စက်နှိုးပြီး လုပ်ရတော့ လူလည်းပန်းတာပေါ့… အမြန်လိုရင်လည်း အမြန် မရောက်ဘူးပေါ့ ဆရာရယ်… လုပ်နိုင်မယ့်ပမာဏနဲ့ ချင့်လက်ခံရတော့ အများကြီးလည်း လက်ခံ လုပ်မပေးနိုင်ဘူး၊ ခုကတော့ ခလုတ်လေး တစ်ချက်နိုပ်ရုံဆိုတော့ အလုပ်တစ်ခုလာ တစ်ခါလုပ်ပဲ... စုပြုံပြီး အချိန်လုလုပ်ရတာ မဟုတ်တော့ အလုပ်တွေလည်း ပိုလက်ခံနိုင်၊ ပိုလုပ်နိုင် လာတာပေါ့ဗျာ”

          လွန်ခဲ့သည့် (၇)နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ခန္တီးကျေးရွာမှ တွင်ခုံလုပ်ငန်းရှင် ဦးတိုးမောင်က သူတို့ရွာ၌ ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရသည့်အချိန်တွင် ယခုလို ပြောပြခဲ့ဖူးတာ သတိရသည်။ ဒါတောင် သူက မီးစက်ဖြင့် အလုပ် လုပ်နိုင်သူ။ သည်တုန်းက စက်သုံးဆီဈေးနှုန်းဆိုသည်မှာလည်း ကျပ်ရာဂဏန်းမျှသာ။ သို့သော် ထိုအခြေအနေ ထိုကာလ ကတည်းကပင် ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီး ရရှိလာသည့်အချိန် နှင့် မရမီအချိန်တို့မှာ အတော်လေးခြားနားခဲ့တာ တွေ့ရသည်။ ခန္တီးကျေးရွာမှာ ကျွန်းကျေးရွာ ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ပင်မဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိရန် မလွယ်ကူသည့်အခြေ အနေ။ ဤသို့သောအခြေအနေတွင် ဆိုလာအသေးစားဓာတ်အားပေး စနစ်သည် ခန္တီးကျေးရွာ မီးလင်းရေး အတွက် နယ်မြေဒေသနှင့်လိုက်လျောညီထွေရှိသည့် ကျေးရွာသူ/ ကျေးရွာသားများ လက်လှမ်း မီရန် လွယ်ကူသည့်စနစ်တစ်ခုဖြစ်ခဲ့သည်။

          ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားပေးစီမံကိန်း(National Electrification Project- NEP)၏မဟာ ဓာတ်အားလိုင်းပြင်ပ(Off-Grid)အစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းရန်ပုံငွေမှ ၆၀%၊ ကျေးရွာနေပြည်သူမှ ၂၀%၊ လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီ (Mini-Grid Developer)မှ ၂၀%ထည့်ဝင်၍ ရှေးပြေးစီမံကိန်း (Pilot Project)အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အသေးစားဓာတ်အားပေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုပထမဆုံးခြေလှမ်း၊ မြေစမ်းခရမ်းပျိုးကာလ၏စဦးဆုံးအသီးအပွင့်များတွင် ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အား ပေးစနစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

          ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(GIZ)တို့၏အကူအညီဖြင့် စတင်လျှောက်လှမ်း ခဲ့ရသောခရီးသည် ယခုမူ (၉)နှစ်တာအထိ ခရီးပေါက်ခဲ့ပြီဖြစ်သည့်အပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်မှစ၍ အကူအညီမပါ  အစိုးရ-ပြည်သူ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အင်အားတစ်ခုတည်းဖြင့် ရှေ့ဆက်လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အသေးစားဓာတ်အားပေးစနစ်လုပ်ငန်းပေါင်း (၁၃၀)ကို တိုင်းဒေသကြီး/ ပြည်နယ် (၁၀)ခု၊ မြို့နယ်ပေါင်း(၅၀)အတွင်းရှိ ကျေးရွာပေါင်း(၁၇၁)ရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လျှပ်စစ်မီး ရရှိမှုကြောင့် စီမံကိန်းကျေးရွာများတွင် ကြိတ်ခွဲစက်၊ ဆန်စက်၊ တွင်ခုံ၊ ရေခဲစက်၊ ပဂဲပကန်းမွေးမြူရေးလုပ်ငန်းများ၊ စက်ယက်ကန်းစသည်တို့အပါ အဝင် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၃၀၀၀)ကျော် လုပ်ကိုင်နိုင်လျက်ရှိသည်ကို တွေ့ရ ပါသည်။

          အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ပေးရခြင်း၏ရည်ရွယ်ရင်းကိုက စီမံကိန်း ကျေးရွာများတွင် ညအချိန် မီးအလင်းရောင်အတွက်သာမက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းကျေးရွာ ရွေးချယ်သည့်အချိန်ကတည်းက အသေးစားစက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်ရန်အလားအလာရှိသည့်ကျေးရွာများကို ဦးစားပေး ရွေးချယ် ဆောင်ရွက်ခဲ့သည်။ အသေးစားဓာတ်အားပေးစနစ်များသည် အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရင်းနှီးမြုပ်နှံသူ Mini-Grid Developer၏အကျိုးအမြတ်ပြန်လည်ရရှိနိုင်ခြေကို ထည့်သွင်းစဉ်းစားရသကဲ့သို့ စနစ် ရေရှည် တည်တံ့လည်ပတ်နိုင်ရန်အတွက် နှစ်ရှည်ကာလ ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျစရိတ်ကိုလည်း ထည့် သွင်းစဉ်းစားကြရပါသည်။

အပြန်အလှန်ချိတ်ဆက် လုပ်ငန်းကွင်းဆက်

          ထို့ကြောင့် Developer၏အကျိုးအမြတ်ပြန်လည်ရရှိနိုင်မည့်ကာလ၊ လုပ်ငန်း လုပ်ကိုင် ခွင့်ကာလတို့အပေါ် မူတည်၍ သင့်တင့်လျှောက်ပတ်သည့်ဓာတ်အားခကို သက်ဆိုင်ရာ ကျေးရွာ နှင့်ညှိနှိုင်းသဘောတူညီချက်ရယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ခွင့်ပြုချက်ဖြင့်  ကောက်ခံပါသည်။ အကျိုးအမြတ်ဖြစ်စေ၊ ပြင်ဆင်ထိန်းသိမ်းရေးအတွက်ဖြစ်စေ လုံလောက်သည့် ပမာဏပြန်လည်ရရှိရန်မှာ ဓာတ်အားခရရှိမှုအပေါ် မှီခိုအားပြုရခြင်းဖြစ်ရာ အိမ်သုံးထက် လုပ်ငန်း သုံးပမာဏ များပြားသည့်စီမံကိန်းကျေးရွာများသည်သာ ရေရှည်လုပ်ငန်းလည်ပတ် ရပ်တည်နိုင် မည်ဖြစ်သည်။

          ထို့အတူ အပြန်အလှန်အားဖြင့် ကြည့်မည်ဆိုလျှင်လည်း လုပ်ငန်း လုပ်ကိုင်နိုင်သည့် ကျေးရွာများကသာ ဝင်ငွေတိုးပွားသည်နှင့်အမျှ လျှပ်စစ်မီးကို ပိုမိုသုံးစွဲလာနိုင်ပြီး လူနေမှု အဆင့် အတန်းပါ လိုက်ပါမြင့်တက်လာစေမည်ဖြစ်သည်။ မြို့ပြမှသာမဟုတ် ကျေးလက်သည်လည်း လျှပ်စစ်မီးရရှိမှသာ ဖွံ့ဖြိုးမှုဆီ ဦးတည်နိုင်မည်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိမှုသည် ကဏ္ဍစုံဖွံ့ဖြိုး ရေးတွင် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်သည့်အတွက် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိမှုတိုးမြင့် လာစေရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင် လာရခြင်းဖြစ်ပါသည်။

          ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိမှသာလျှင် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးလာပြီး ကျေးရွာနေပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေ ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကျေးရွာနေပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးမှုမှ တစ်ဆင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြား ဖွံ့ဖြိုးလာစေရေးကို ဦးတည် ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ ကဏ္ဍတစ်ခုနှင့် တစ်ခုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီ လုပ်ငန်းကွင်းဆက် တစ်ခုနှင့် တစ်ခု ချိတ်ဆက်အကျိုးပြုလျက်ရှိပါသည်။ နိုင်ငံ၏ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန်မှာ ထိုသို့ လုပ်ငန်းကွင်းဆက် တစ်ခုနှင့် တစ်ခု၏ဆက်စပ်အကျိုး စီးပွားဖြစ်ထွန်းမှုများမှတစ်ဆင့်သာ လှမ်း တက်ကြရမည်ဖြစ်ပါသည်။

          နိုင်ငံလူဦးရေ၏၇၀%သည် ကျေးလက်ဒေသတွင် နေထိုင်ကြခြင်းဖြစ်၍ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိမှု တိုးမြင့်လာခြင်းသည် နိုင်ငံ၏လျှပ်စစ်စွမ်းအင်ရရှိမှုနှုန်း တိုးတက်လာမှုအပေါ်  တိုက်ရိုက်သက်ရောက်မှုရှိမည်ပါသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နှစ်ကုန်အထိ ဦးစီးဌာန၏ တိုင်း ဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ပြုစုခဲ့သည့်စာရင်းများအရ မဟာဓာတ်အားလိုင်းစနစ်၊ မဟာဓာတ်အားလိုင်းပြင်ပစနစ်၊ ကိုယ်ထူကိုယ်ထမီးလင်းရေးလုပ်ငန်း များ၊ ပုဂ္ဂလိကမှ ဆောင်ရွက်မှုများအပါအဝင် ကျေးရွာပေါင်း ၃၇၀၀၀ ကျော် လျှပ်စစ်မီး ရရှိပြီး ကျေးရွာပေါင်း ၂၃၀၀၀နီးပါး မီးလင်းရန်ကျန်ရှိနေသေးသည်ကို တွေ့ရှိရပါသည်။  

လျှပ်စစ်မီးရရှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ

          လက်ရှိတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့ရှိ ကျေးရွာ (၂)ရွာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆိုလာအသေးစားဓာတ်အားပေးလုပ်ငန်း (၂)ခု၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေ (၂၀၂၂)၊ (၂၀၂၃) တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာ (၃)ရွာနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေးဒရဲမြို့နယ်ရှိ ကျေးရွာ (၁)ရွာတွင် ဆိုလာအသေးစားဓာတ်အား လုပ်ငန်း (၄)ခု ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ဧရာဝတီတို င်းဒေသကြီးအတွင်း ကျေးရွာ (၂)ရွာတွင် ဆိုလာအသေးစားဓာတ်အားပေးလုပ်ငန်း (၂)ခု၊ ယခင် ဆောင်ရွက်ပြီးစီးခဲ့သည့်စီမံကိန်းလုပ်ငန်းများအနက်မှ တပ်ဆင်စွမ်းအားတိုးမြှင့် ဆောင်ရွက်ရန် လိုအပ်သောဆိုလာအသေးစားဓာတ်အားပေးစနစ် လုပ်ငန်း (၅)ခုတို့အား တပ်ဆင်စွမ်းအားတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          အလားတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏စွမ်းအင်ရင်းမြစ်ရရှိမှုအပေါ် အခြေခံ၍ ရေအားလျှပ်စစ်ဖြင့်သာမက ဆိုလာ၊ လေအား၊ ဇီဝဒြပ်ထုတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရပါသည်။ လက်ရှိတွင် မင်းဘူးနှင့် သပြေဝအပါအဝင် ဆိုလာဓာတ်အားပေးစနစ် (၆)ခု ဆောင်ရွက်လျက်ရှိပြီး (၂၆)ခု ဆက်လက်ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက်ရှိသည်ကို သိရှိ ရပါသည်။

ရည်မှန်းချက်နှင့် ကတိကဝတ်များ ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိမှု

          တစ်ဖက်တွင်လည်း ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်- ၇ (Sustainable Development Goal- 7 (SDG-7))၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၊ မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်လိုက်လျောညီထွေရှိစေရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်(Nationally Determined Contributions- NDC) အစီရင်ခံစာပါ ကဏ္ဍအလိုက်ရည်မှန်းချက်များ ကဲ့သို့သော နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ ကတိ ကဝတ်များရှိနေသည်။ ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်-၇ (Sustainable Development Goal- 7 (SDG-7))အရ မြန်မာနိုင်ငံ၏အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်းချက်ဖြစ်သော  ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်ကို ပြည့်မီနိုင်ရန်အတွက် ဆိုလျှင် နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားအရ မဟာဓာတ်အားလိုင်း တိုးချဲ့ဆောင်ရွက်မှု တစ်ခုတည်းကိုသာ အားပြုထား၍မရ။

          ထိုသို့ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ဆောင်ရွက်ရန် အဆင်ပြေသည့်နယ်မြေဒေသများ နည်းတူ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသောကျေးရွာများ၊ မြစ်ခြား၊ ချောင်းခြား ကျွန်း ကျေးရွာများ နောက်ကျ မကျန်ရစ်စေရန်ကိုလည်း ထည့်သွင်းစဉ်းစား ကြရမည်ဖြစ်ပါသည်။

ကျေးရွာနေပြည်သူအများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသောဓာတ်အားပေးစနစ်

          နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားအရ နိုင်ငံတော်၏ပင်မဓာတ်အားပေးစနစ်မှလျှပ်စစ် မီး ချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသောကျေးရွာများ၊ မြစ်ခြား၊ ချောင်းခြား၊ ကျွန်းကျေးရွာ များအတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် အသေးစားဓာတ်အားပေးစနစ်သည် ကျေးရွာနေ ပြည်သူအများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသော၊ တွန်းအားပေးဆောင်ရွက်သင့်သောစနစ် တစ်ခုဖြစ်ပါသည်။ အသေးစားဓာတ်အားပေးစနစ်များ ဆောင်ရွက်ရာတွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Grid Ready Standard ဖြင့် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်က တစ်ကြောင်း၊ မဟာဓာတ်အားလိုင်းနှင့်ချိတ်ဆက်၍ မဟာဓာတ်အားလိုင်းသို့ ဓာတ်အားပြန်လည် ရောင်းချခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကတည်းကပင် ခွင့်ပြု ထားရှိပြီးဖြစ်၍တစ်ကြောင်း အသေးစားဓာတ်အားပေးစနစ်များအနေဖြင့် လုပ်ငန်းအားမခံချက် ပိုမို ရရှိလာသည်ကိုလည်း တွေ့မြင်နေရပြီဖြစ်သည်။

          ဓာတ်အားခနှုန်းထားအနေဖြင့်မူ မဟာဓာတ်အားလိုင်းနှင့်နှိုင်းစာလျှင် ကြီးမြင့်လျက်ရှိနေ သေးသည် မှန်သော်လည်း တည်ဆောက်ချိန်ကာလ တိုတောင်းပြီး အကျိုးရရှိမှုမြန်ဆန်ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးရရှိမှုမှတစ်ဆင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင် လာနိုင်သည့်အတွက် မိသားစုဝင်ငွေတိုးပွားလာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည်ကို တွေ့ရှိရခြင်းတို့ကြောင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို လိုလိုချင်ချင် ဆောင်ရွက်လိုသည့် ကျေးရွာများ ပိုမို များပြားလာသည်ကိုလည်း တွေ့ရှိရသည်။

          နိုင်ငံ၏အခြေခံရေသောက်မြစ်နှင့်တူသည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးစေရေးတွင် အခြေခံ အကျဆုံးလိုအပ်ချက်သည် ကျေးလက်စီးပွားမြင့်မားလာစေရေးဖြစ်ပြီး ကျေးလက်စီးပွားမြင့်မား လာစေရန်မှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာမှသာ ဖြစ်ပါမည်။ သို့ဖြစ်ရာ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် မရှိမဖြစ် လျှပ်စစ်မီးရရှိစေရေးအတွက် မဟာဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်းသည့်စနစ် တစ်ခုတည်းသာမကဘဲ နယ်မြေဖြန့်ခွဲဓာတ်အားပေးစနစ် (Decentralized System)ခေါ် သီးခြားဓာတ်အားပေးစနစ်ဖြစ်သော မဟာဓာတ်အားလိုင်းပြင်ပလျှပ်စစ်ဓာတ်အား ပေးစနစ်-အသေးစားဓာတ်အားပေးစနစ်များ ယခုထက်ပိုမိုဖွံ့ဖြိုးလာစေရေးကို အထူးတွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ဝင်းမြင့် (ရွှေခြံသား)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm