Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူငယ်များ စာရင်းရေးစာရင်းကိုင်သက်မွေးမှုနဲ့ ရပ်တည်နိုင်အောင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်ပါ


23 May,2024

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအ‌နေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေးအတွက် နိုင်ငံတော်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန် ဖန်တီးပုံဖော်ပေးလျက်ရှိပါသည်။

ယင်းသို့ဖော်ဆောင်ရာတွင် သမဝါယမကဏ္ဍအနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ယခင်ကဌာနဝန်ထမ်းများ၊ အသင်းဝန်ထမ်းများ၊ အသင်းအမှုဆောင် များနှင့် ပြင်ပသင်တန်းသားများအတွက် ရုံးလုပ်ငန်း၊ စာရင်းကိုင်နှင့်ကွန်ပျူတာဘာသာရပ်များ ကိုသာ ရက်တိုသင်တန်းများဖွင့်လှစ်၍ သင်ကြားပို့ချပေးခဲ့သော သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်)နှင့် သမဝါယမသင်တန်းကျောင်း(မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) တို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(Cooperative Accounting Vocational Training Center – CAVTC ) (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)တို့ကို (၁၆-၆-၂၀၂၂)နေ့တွင် စာရင်းကိုင် ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သော ကျောင်းများကို သင်တန်းကာလ(၂)နှစ်ဖြင့် ပြောင်းလဲ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ သင်တန်းအပတ်စဉ် (၂)ကြိမ်ထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။

သင်တန်းနှင့်သင်တန်းသားတို့၏ အရည်အသွေးပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ယခု ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှစ၍ အဆိုပါသင်တန်းကျောင်းများကို စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန အောက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကဲ့သို့လည်းကောင်း၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာအထက်တန်းကျောင်းများကဲ့သို့လည်းကောင်း၊ မူဝါဒအားဖြင့် တစ်ပြေးညီဖြစ်စေရန်နှင့် ပညာရေးဝန်ကြီးဌာန၏ KG+12 စနစ်သစ်ပညာရေး၏မူအတိုင်းလိုက်နာ ကာ(၃)နှစ်သင်တန်းကို တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကျောင်းများသို့ အခြေခံ ပညာစနစ်သစ်၏ Grade-9 အောင်မြင်ပြီးသူများတက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးပါက  လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ Certificate in Business Accounting လက်မှတ်ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

အဆိုပါကျောင်းများကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် ထူးချွန်သူများကို သမဝါယမကောလိပ်များသို့ ပေါင်းကူးပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ပါသည်။ ထိုကျောင်းများသို့ ဒေသအသီးသီးရပ်နီးရပ်ဝေးမှ လာရောက်ပညာသင်ယူကြသူများကို စားဝတ်နေရေးအဆင်ပြေစေရန် စားသောက်ရေးကိစ္စ၊ ဝတ်ဆင်ရေးကိစ္စ၊ အဆောင်နေထိုင်ရေးကိစ္စများ၊ ပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ကို နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်အပြင် ကျောင်းတည်ရှိရာဒေသများရှိ သမဝါယမအသင်းစုချုပ် များကလည်း ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါသည်။

ယင်းသင်တန်းကျောင်းများတွင်  စာသင်ချိန်များအပြင် သင်တန်းသားများ ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကာယအချိန်များ၊ ယုံကြည်ကိုးကွယ်ရာဘာသာရေးအတွက် စုပေါင်းဘုရား ဝတ်ပြုခြင်းများ ကိုယ်ပိုင်စာကြည့်ချိန်များ၊ ထမင်းစားချိန်များ၊ ကျောင်းသန့်ရှင်းရေးဆောင်ရွက်မှု များကိုလည်း စည်းစနစ်ကျနစွာ စုပေါင်းဆောင်ရွက်စေပါသည်။  သင်တန်းသား သင်တန်းသူများ၏ အိပ်ဆောင်များကိုလည်း သီးခြားထားရှိ၍ တိကျသောစည်းမျဉ်းစည်းကမ်း များဖြင့်  ဆရာ ဆရာမ များ၊ အုပ်ချုပ်သူများမှ မိသားစုသဖွယ် စည်းလုံးညီညွတ်စွာဖြင့် ကျောင်း၏ဂုဏ်သတင်း မပျက်ယွင်းစေဘဲ ရေရှည်တည်တံ့အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့တိုးမြှင့်ဖွင့်လှစ်ခြင်းဖြင့် ပညာရေးဝန်ကြီးဌာန၏ Grade-10, Grade-11, Grade-12 ၏ ဘာသာရပ်အချို့တို့ကို သင်ကြားတက်မြောက်သည့်အပြင် ကျောင်း၏ အဓိကဘာသာရပ်များ ဖြစ်သော ကွန်ပျူတာ၊ ICT ဘာသာရပ်များ၊ Cost Accounting ၊ Financial Accounting ၊ Computerized Accounting နှင့် သမဝါယမစာရင်းကိုင်စာရင်းစစ်ဘာသာရပ်များကိုပါ အချိန်ကာလ(၃)နှစ်တွင် သင်ယူတတ်မြောက်သွားမည်ဖြစ်ပြီး၊ သတ်မှတ်ထားသောအရည်အချင်း များပြည့်မီပါက သမဝါယမကောလိပ်(မန္တလေး၊ ဖောင်ကြီး)နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့ကို ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားခွင့်ရရှိမည်ဖြစ်ပါ သည်။

သင်တန်း၏ ပထမနှစ်တွင် အခြေခံကွန်ပျူတာဘာသာရပ် (Introduction to Computer and ICT) ကို သင်ကြားရမည့်အပြင် စာရင်းကိုင်ပညာ၏ ကနဦးစာရင်းရေးသွင်းမှုမှအစပြု၍ နှစ်ချုပ်အစမ်းရှင်းတမ်းရေးသွင်းတွက်ချက်မှု(Business Accounting) ဘာသာ၊ သမဝါယမပညာ၊ အခြေခံ ပညာ၏ Grade -10 သင်ရိုးဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များအပြင် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်ကောင်းမွန်ရန်နှင့် စည်းလုံး ညီညွတ်စေရန်အတွက် ပြည်သူ့နီတိ (ပြည်ထောင်စုစိတ်ဓာတ်)  သင်ခန်းစာများကိုလည်း ပို့ချ သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်း၏ ဒုတိယနှစ်တွင် တန်ဖိုးတွက်စာရင်းကိုင်ပညာ (Cost Accounting (I) ) ၊ ဘဏ္ဍာရေးစာရင်းကိုင်ပညာ(Financial Accounting (I) )၊ Fundamentals of ICT ၊ သမဝါယမ စာရင်းကိုင်ပညာဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်သည့်အပြင် လက်တွေ့လုပ်ငန်းခွင် များတွင် သွားရောက်လေ့လာလုပ်ကိုင်ရမည့် လက်တွေ့သင်ခန်းစာများကို အချိန်များများ ပါဝင် ထည့်သွင်းပို့ချစေပါသည်။ ဒုတိယနှစ်သင်တန်းပြီးမြောက်သည်နှင့် အခြေခံပညာ၏ Grade -11 သင်ရိုးဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ်များကို တက်မြောက်ပြီး သည့်အပြင် အငယ်တန်းစာရင်းကိုင်(Junior Accountant) တစ်ဦးကဲ့သို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မည့်အရည်အသွေးများရရှိမည်ဖြစ်ပါသည်။  

တတိယနှစ်တွင် တန်ဖိုးတွက်စာရင်းကိုင်ပညာ(Cost Accounting (II)) ၊ ဘဏ္ဍာရေးစာရင်း ကိုင်ပညာ(Financial Accounting (II))၊ ဘာသာရပ်များအပြင် ကွန်ပျူတာစာရင်းကိုင်ပညာ (Computerized Accounting)တို့ကို လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများအား စာတွေ့၊ လက်တွေ့သင်ယူနိုင်ရန်အတွက် (Internship Programme) များရေးဆွဲကာ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များသို့ သွားရောက် လေ့လာသင်ကြားစေပါသည်။  ထို့အပြင် စီးပွားရေးလုပ်ငန်း များကို စာရင်းပိုင်းနှင့်ပတ်သက်၍ စစ်ဆေးအကြံပြုတတ်စေရန် သမဝါယမစာရင်းစစ်ဆေးခြင်း ဘာသာရပ်ကိုလည်း သင်ကြားပို့ချပေးသည့်အတွက် တတိယနှစ် သင်တန်းပြီးမြောက်သည်နှင့် အခြေခံပညာGrade -12 သင်ရိုးဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒဘာသာရပ် များကို တက်မြောက်ပြီးသည့်အပြင် စာရင်းကိုင် (Accountant) တစ်ဦးကဲ့သို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်မည့် အရည်အသွေးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သင်တန်းကာလပြီးဆုံးသည့်အချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ တစ်ပါတည်းရရှိ စေနိုင်ရန်အတွက် စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ သမဝါယမအသင်းများအား ဖိတ်ခေါ်၍ အလုပ်အကိုင်မိတ်ဆက်ပွဲများ( Job Fair ၊ Job Show)များကို ကျင်းပစေပါသည်။

၂၀၂၂-၂၀၂၃ ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ (၂)နှစ်သင်တန်းပထမအပတ်စဉ် ပြီးဆုံး အောင်မြင်သူ ၂၅၂ ဦးတွင် Cost Accounting ၊ Financial Accounting ၊ Computerized Accounting ၊ သမဝါယမစာရင်းကိုင်၊ စာရင်းစစ်ဘာသာနှင့် သင်္ချာဘာသာရပ်တို့တွင် ဂုဏ်ထူးရရှိသူ (၃၄)ဦးသည် သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ပညာဆက်လက်သင်ယူခွင့်ရရှိပြီး (၂၁၈)ဦး မှာ ကျောင်းတည်ရှိရာ ဒေသအသီးသီးရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် သမဝါယမအသင်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါသည်။  

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(၅)ကျောင်းမှ သင်တန်းသားများအား ဒေသန္တရဗဟုသုတရရှိစေရန်နှင့် ပြည်ထောင်စု စိတ်ဓာတ်အရင်းတည်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ပေါက်ဖွားစေရန်ရည်ရွယ်၍ နေပြည်တော်ရှိ အထင်ကရနယ်မြေများဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၊ စစ်သမိုင်းပြတိုက်၊ အမျိုးသား ပြတိုက်၊ မာရဝိဇယရုပ်ပွားတော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂယာ၊ ရေပန်းဥယျာဉ်နှင့် ဝန်ကြီးဌာနရုံးများသို့ လည်းကောင်း၊ သင်တန်းကာလတစ်လျှောက် မဆုတ်မနစ်ကြိုးစားပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်မီလျှင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့တိုင် တက်ရောက် နိုင်မည့် အခွင့်အရေးအား ရယူလိုစိတ်အားကျစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်နှင့်စစ်ကိုင်း)တို့ကိုလည်းကောင်း လိုက်လံပို့ဆောင်၍ လေ့လာ ရေးခရီးများကို စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်းတွင် ယင်းသို့ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ လူငယ်များ၏ ဘဝနောင်ရေးအတွက် အာမခံချက်အပြည့်အဝပေးစွမ်းနိုင်ပြီး ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်အတွက် စာရင်းရေးစာရင်းကိုင်ပညာနှင့် ကွန်ပျူတာ ပညာရပ်များအပြင် အခြေခံပညာကျောင်းများ၏ ဘာသာရပ်များကိုပါ သင်ကြားပို့ချပေးလျက်ရှိ သော လူငယ်စီးပွားရေးစာရင်းကိုင်ကျွမ်းကျင်သူမောင်မယ်များကို မွေးထုတ်ပေးလျက်ရှိသည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများသို့ တက်ရောက်နိုင်ရေး တိုက်တွန်းရေးသားလိုက်ရပါသည်။

 အောင်သူရ(သမဝါယမ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm