ပုဂံ၊ မေ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ) အနေဖြင့် မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန် ရည်ရွယ်၍ အနက်ထည်ယွန်းနည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကောလိပ်၌ ကျင်းပရာ ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ကထိကများ၊ နည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
အဆိုပါ အခမ်းအနား၌ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ တွင် ယွန်း အတတ်ပညာများ ဖွံဖြိုးတိုးတက်နေစေရန် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ယခုအချိန် တွင် ပုဂံမြို့သူ၊ မြို့သားများ အနေဖြင့် ယွန်းပညာရပ်အား ပိုမိုစိတ်ဝင်စားလာကြပြီး မိမိတို့ ယွန်းပညာကောလိပ်(ပုဂံ)၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းများသို့ တက်ရောက်လာကြသည်မှာ မြန်မာနိုင်ငံ၏ ယွန်းအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန်အတွက် များစွာအထောက်အကူပြုပါ ကြောင်း၊ မြန်မာ့ယွန်းထည်ပစ္စည်းများအား ကမ္ဘာ့ဈေးကွက်ဝင် ယွန်းထည်များ ဖြစ်စေရန်အတွက် မိမိတို့ ကောလိပ်တွင် ဘာသာရပ်အလိုက် ကာလတိုသင်တန်းများနှင့် ပုံမှန်သင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး ယွန်းပညာရပ်များ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ယခု ဖွင့်လှစ်လျက်ရှိသော အနက်ထည်ယွန်းနည်းပညာသင်တန်းကို ယွန်းလုပ်ငန်းရှင်များနှင့် ယွန်းလုပ်သားများ တက်ရောက်ကြပြီး နည်းပြများမှ ယွန်းအနက်ထည် ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။