နေပြည်တော် ဇူလိုင် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာအုပ်စုရှိ ရွှေခတ်သစ်ခန်းမတွင် ကျေးရွာအုပ်စုနှင့် ရင်းတိုက်ကွင်းကျေးရွာအုပ်စုအတွင်းရှိ စပါး/ပဲစိုက် တောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက စားသုံးဆီ တင်သွင်းမှုလျော့ချနိုင်ရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေပဲ၊ နေကြာအပါအဝင် ပဲပုတ်မှလည်း စားသုံးဆီနှင့် မွေးမြူရေးအတွက် အစာရရှိ နိုင်ကြောင်း၊ ဂေါ့ကျေးရွာအုပ်စုရှိ စိုက်ဧက (၂၉၇၉)ဧက တောင်သူဦးရေ(၂၆၇)ဦးအနက် ပဲပုတ် စိုက်ပျိုးမည့်သူများကို စုစည်း၍ သမဝါယမအသင်း ဖွဲ့စည်းပြီး တောင်သူများသို့ ပဲပုတ်မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ခြင်း၊ ထွက်ရှိလာသည့် ပဲပုတ်များကို ဒေသပေါက်ဈေးဖြင့် ရွှေဥက္ကံ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဝယ်ယူပေးခြင်းကို သမဝါယမ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားရာ စပါး၊ ပဲပုတ်စိုက် တောင်သူများနှင့် ရင်းတိုက်ကွင်းကျေးရွာ အုပ်စုတွင်းရှိ ကောင်းသန့်အောင် မျိုးစေ့ထုတ် သမဝါယမအသင်းတို့က ဆောင်ရွက်လိုသည့် အချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၈၉၇ ဒသမ ၃၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း ခုနစ်ရွာမှ လူဦးရေ ၂၅၀၀ ဦး ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် တာခွ- ဂုံညှင်းတန်း-ရှောက်ပင်ကပ် -ကုလားစု-ဗမာစု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း အရှည် နှစ်မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူကျေးရွာသားများ အနေဖြင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ဂုံညှင်းတန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ထားသော ကျေးရွာတွင်းလမ်းများ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံကာ ကျေးရွာကော်မတီဝင်များက စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် ၃၆၄ သိန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား(၁၁၈)ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စီမံကိန်းအတိုးရငွေကျပ် ၄၂ ဒသမ ၈၃ သိန်း၊ ပြည်သူထည့်ဝင်ငွေ ၂၃၆ ဒသမ ၅ သိန်း၊ စုစုပေါင်းငွေကျပ် ၂၇၉ ဒသမ ၃၃ သိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း ၁၉၂၀ ပေ ခင်းခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပိုင်ရှင်စိတ်ဓတ်ဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြစိမ်းရောင် စီမံကိန်းဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ပေါင်းစပ်ကာ စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း ဆွေးနွေးမှာကြားပြီး ကျေးရွာများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရန်ကုန်-ပြည်လမ်းမကြီးမှ ချော်ကုန်း-လက်ပံတန်းစု-ပန်းတပွင့်တောင် ကျေးရွာချင်း ဆက် ကွန်ကရစ်လမ်းအရှည် နှစ်မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အဆိုပါကျေးရွာချင်းဆက်လမ်း ဆောင်ရွက် ပြီးစီးပါက ကျေးရွာပေါင်း ရှစ်ရွာမှ လူဦးရေ ၁၀၀၀၀ ကျော် ဖြတ်သန်းသွားလာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ် ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်း လက်တွဲဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်းပြောကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။