Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


15 Jul,2022

နေပြည်တော်  ဇူလိုင် ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ် ဝက္ကသေးကျေးရွာနှင့် သီရိမင်္ဂလာကျေးရွာတို့ရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၂၁၀ ဧက အကျိုးပြုနိုင်မည့် ဝက္ကသေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင် တစ်ဖာလုံ ဖောက်လုပ်နေမှုနှင့် ကုန်ထုတ်လမ်းပေါ်ရှိ ဆက်စပ်ကုန်ထုတ်တံတားများ တည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကအကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးမှ အရှည် ရှစ်မိုင် လေးဖာလုံ၊ ကျေးရွာ ခြောက်ရွာရှိ လူဦးရေ ၆၅၀၀ ကျော် ဖြတ်သန်းသွားလာ အသုံးပြုရှိသည့် လက်တက်-ပေပင်ယား-ကျောင်းတော်ရာ- ယာကြီးတော ကျေးရွာချင်းဆက်လမ်း လမ်းပိုင်းအလိုက် ကျောက်ချော၊ မြေနီ ကျောက်စရစ်၊ မြေသား ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကျေးလက်စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများ ဆောင်ရွက်နိုင်ဖို့ လိုအပ်သော သွင်းအားစု များအတွက် ဦးစီးဌာနများအကြား အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြရန်၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်းပြောကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်လံမြို့နယ် မင်းကန်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးနောက် ကျေးရွာနေ ပြည်သူများတွေ့ဆုံရာတွင်  ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိမ်းသိမ်းကြရန်၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့် မိမိတို့၏ ကျေးရွာလိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာတင်ပြစေလိုကြောင်း၊ ကျေးရွာ၏ တင်ပြချက်များအနက် မိမိတို့ဝန်ကြီး ဌာနမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ ပေါင်းစပ်ကာ စံပြကျေးရွာများဖြစ်ပေါ်လာစေရေး ကျေးရွာ၏ အခြေခံအဆောက်အအုံလိုအပ်ချက်များ၊  မိသားစုဝင်ငွေတိုးပွားရေး လိုအပ်ချက်များ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အောင်လံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း၊ ကျေးရွာသူကျေးရွာသားများက ကျေးရွာတွင် ဆောင်ရွက်လိုသည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက  တင်ပြချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည့်မြို့ရှိ သီရိခေတ္တရာခန်းမတွင် နေကြာအပါအဝင် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ)စီမံကိန်း၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများ အားလုံး ပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက် လုပ်ငန်းတွေဖော်ထုတ်ကာ စီမံချက်လုပ်ငန်းများကို ဦးစားပေးအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်နေပြည်သူများ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည့် Cash For Work စီမံကိန်း စသည့်စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားရာ ကျေးရွာသူကျေးရွာသားများအနေဖြင့် စီမံကိန်းရန်ပုံငွေများအား စနစ်တကျ အကျိုးရှိစွာအသုံးချ ကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းများပိုမိုအောင်မြင် အကျိုးရှိစေရန် တာဝန်ရှိသူဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ တာဝန်ယူမှု တာဝန်ခံမှု ဖြင့်ဆောင်ရွက်ကြရန် မှာကြားပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ် ခြောက်မြို့နယ်မှ ကျေးရွာ ၈၉ ရွာအား စီမံကိန်းရန်ပုံငွေပေါင်း ကျပ်သိန်း ၉၁၀၀ ကို သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ကာ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းသူများမှ ဆပ်ပြာချက် သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm