Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ


19 Mar,2024

နေပြည်တော် မတ် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၈ ရက်နေ့က ပဲခူးတိုင်း ဒေသကြီးတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ အမြဲတမ်းအတွင်းဝန်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းသဘောတရားများကို သေချာသဘောပေါက် နားလည်အောင် ဆောင်ရွက်ကြရန်နှင့် ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝမြင့်မားရေး လုပ်ငန်း စဉ်များတွင် တက်တက် ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ရုံးသို့ရောက်ရှိပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့်တွေ့ဆုံရာ အမြဲတမ်းအတွင်းဝန်က မိမိတို့ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါး၊ ပီတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း များအောင်မြင်စွာဆောင်ရွက်နိုင်မှုအား အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ Exam Bank ချေးငွေမှ ကြွေးကျန်များ ကောက်ယူရရှိရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ၏ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးသမဝါယဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များဖြည့်စွက် ဆွေးနွေး မှာကြားပါသည်။

ထိုမှတဆင့် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံရာ အမြဲတမ်း အတွင်းဝန်က ဦးစီးဌာနဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဌာန၏ တန်ဖိုး၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို  သေချာစွာသိရှိပြီး ကျေးလက်လမ်းများ၊ တံတားများ ဖောက်လုပ် ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့် ချိတ်ဆက်ကာ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း တစ်ယောက်ချင်းမှသည် မိမိတို့ ဦးစီးဌာန ၊ဝန်ကြီးဌာန တို့၏ ဂုဏ်ကိုဆောင်နိုင်သော ဝန်ထမ်းများဖြစ်အောင် ညီညီညွတ်ညွန် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဆွေးနွေးပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က မိမိတို့ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ဆောင်ရွက်ပေးရမည့် လမ်း၊ တံတား လုပ်ငန်းများကို စနစ်တကျ စာရင်းရေးသွင်းထားရန်လိုအပ်ကြောင်းနှင့် မြေပြင်အခြေအနေများကိုလည်း သိရှိ ထားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူ များက တိုင်းဒေသကြီးအတွင်း ကျေးလက်လမ်း၊ တံတားများ ဖောက်လုပ်ပြီးစီးမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm