Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာရေရရှိရေးနှင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာစီမံကိန်းများ အတွေ့အကြုံမျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


19 Mar,2024

နေပြည်တော် မတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းနှင့် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်းများ၏ အတွေ့အကြုံမျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY Hotel  ၌ကျင်းပခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာဝမ်ရှန်ကျုံး)၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဉက္ကဌနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂုလ်များ၊ နိုင်ငံတကာနှင့် ပြည်ပအရပ်ဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီမံကိန်း ဝန်ထမ်းများနှင့် စီမံကိန်းကျေးရွာမှ ရွာသူ/သားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးမှ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ စီမံကိန်းများ၏ လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ဆောင်ရွက်ပြီးလုပ်ငန်းများ၏ အားသာချက်၊အားနည်းချက်များအပေါ် အခြေခံပြီး ပိုမို ကောင်းမွန်သော အနာဂတ်စီမံကိန်းများကို ဖော်ဆောင်နိုင်ရေး၊ စီမံကိန်းများအလိုက် ရည်ရွယ်ချက် များအတိုင်း စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှု ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချစေရေးတို့အတွက် ရည်မှန်းပြီး ဦးတည်ချက်များ၊ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်၍ ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs)၊ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (MSDP) ပါ ချိတ်ဆက်ဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင် များ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ (NCDP)၏ ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယခုလို စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ရာမှာ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ရန်ပုံငွေများအပြင် နိုင်ငံတကာအလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများရဲ့ အကူအညီ အထောက်အပံ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် စီမံကိန်း (၄)ခု အကောင်အထည် ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ဒီစီမံကိန်းများအနက်မှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာမှာ   “မဲခေါင်-လန်ချန်း နိုင်ငံများ အကြားကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း”နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၃) ရွာမှာ “ပြည်သူ အခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း” တို့အား (၂၀၂၂)ခုနှစ်အောက်တိုဘာလ (၂၀၂၄) အောက်တိုဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ယခုဆိုလျှင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်နီးပါးဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ စီမံကိန်းနှစ်ခုမှ စုစုပေါင်းအိမ်ထောင်စု (၉၅၄)စု၊ လူဦးရေ (၄၂၇၀)ခန့်အနေဖြင့် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရရှိခံစားနေရပြီဖြစ်ပါကြောင်း၊

စီမံကိန်းလုပ်ငန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပြီးတဲ့အခါ လုပ်ငန်းများ စဉ်ဆက် မပြတ် လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့‌စေရေးဟာ အလွန်ပင် အရေးကြီးပါကြောင်း၊ စီမံကိန်း ကျေးရွာများမှ ကျေးရွာသူကျေးရွာ သားများအနေနဲ့ စီမံကိန်းမှ ဆောင်ရွက်ပေးသော လုပ်ငန်းများကို မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူထိန်းသိမ်း စောင့်ရှောက် သွားကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း၊

ယနေ့ကျင်းပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များနှင့်အညီ တက်ရောက်လာ ကြတဲ့ စီမံကိန်းနှင့် နှီးနွယ်ဆက်စပ်နေတဲ့ ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေနဲ့လည်း မိမိတို့ရဲ့ အတွေ့အကြုံများ၊ ဗဟုသုတများကို အခြေခံပြီး ကဏ္ဍအားလုံးအတွက် ရှုထောင့်အသီးသီးမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးချက်များအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူများအတွက် အကျိုးရှိထိရောက်သော ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုသုံးသပ်ချက် များပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာဝမ်ရှန်ကျုံး)နှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဉက္ကဌတို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား မှတ်တမ်းတင်ဗီဒီယို ပြသခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူခြင်း၊ ဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခန်းအနားအစီအစဉ် ပထမပိုင်း အား နံနက် (၁၀:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းဖြစ်သော အလုပ်ရုံဆွေးနွေးပွဲအား နံနက် (၁၁:၀၀)အချိန်တွင် ပြန်လည်စတင်ခဲ့ရာ စီမံကိန်းများအလိုက် စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြား ရေးမှူးချုပ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ဧည့်သည်တော်များမှ သိရှိလို သည်များအား မေးမြန်းဆွေးနွေးခြင်း၊ စီမံကိန်းများနှင့် နှီးနွယ်ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ၏ Speakers များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm