မြင့်စိုး(နတလ)
တစ်ခါတုန်းက လေးမျက်နှာမှာ
လွန်ခဲ့သော (၄) နှစ်ခန့်က လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာနှင့် ခုံကြီးကျေးရွာ အကြားရှိ ဝါးတံတားလေးပေါ်မှာ ခြေစုံရပ်၍ ပတ်ဝန်းကျင်တစ်ခွင် ငေးမောကြည့်ရှုရင်း နောင်တစ်ချိန် သည်နေရာ၊သည်တံတားကို ပြုပြင်တည်ဆောက်ပေးခွင့်ရလျှင် ကောင်းလေစွ ဟု အတွေးဝင်ခဲ့ဖူးသည်။ ဟော…..စေတနာ အကျိုးပေးတာလား၊ ကုသိုလ်ကံတရားကပဲ ဆန်းကြယ်လွန်းလှတာလား မပြောတတ်တော့ပေ။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ ပြန်လည်၍ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။ လေးမျက်နှာဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများထဲမှာ တစ်ခုအပါအဝင်ဖြစ်သော ကျေးဇူးတော်ရှင် အောင်ဆန်းဆရာတော်ကြီး ကလည်း ဆန္ဒပြုမိန့်ကြားထားသော ခတ္တူနှင့် ခုံကြီးကြားက ပေ ၂၂၀ တံတားတစ်စင်းကို နှစ်ဆက်လုပ်ငန်းအဖြစ် ထည့်သွင်းလျာထား ဆောင်ရွက်ပေးခွင့်ရခဲ့ပါပြီ။ လေးမျက်နှာ မြို့နယ်ထဲက ခတ္တူကျေးရွာ၊ ခုံကြီးကျေးရွာဟု ကျွန်တော် သုံးနှုန်းဖော်ပြနေလင့်ကစား လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်အချိန်ကာလ၊ တစ်နည်းပြောရလျှင် ငဝန်မြစ်အနောက်ဘက် ခြမ်းမှာ လေးမျက်နှာမြို့ဟောင်းအဖြစ် ရှိနေခဲ့စဉ်ကမူ အဆိုပါခတ္တူကျေးရွာနှင့် ခုံကြီး ကျေးရွာတို့သည် လေးမျက်နှာမြို့၏ အထင်ကရ ရပ်ကွက်ကြီးများအဖြစ် လူသိများ ထင်ရှား ခဲ့သည်။ ညောင်ပင်စု၊ ခုံကြီးပိုင်း၊ မြို့မရပ်ကွက်၊ ဈေးသစ်ကုန်း၊ အညာတန်း၊ ခတ္တူပိုင်းဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ခတ္တူပိုင်းမှာ သမိုင်းဝင်စတုမုခထူပါရုံ စေတီတော်မြတ်ကြီး တည်ရှိနေ သည့်အတွက် ခတ္တူပိုင်းကို ဘုရားကြီးပိုင်းဟူ၍လည်း ခေါ်ကြသည်။ ငဝန်မြစ်ကမ်းဘေးမှာ ၃ မိုင်ကျော် ရှည်လျားသောမြို့ဖြစ်ပြီး ရပ်ကွက်ကြီး ၃ ခု ရပ်ကွက်ငယ် ၁၅ ခု၊ အိမ်ခြေ ၃၀၀၀ ကျော် ရှိခဲ့ဖူးသည်။
ကျွန်တော်ရဲ့ ဇာတိရွာက လေးမျက်နှာမြို့၏ အနောက်စူးစူး ၇ မိုင်အကွာမှာရှိသည့် စိန်တောင်ရွာ ဖြစ်သည်။ ရွာကကျောင်းမှာ ၄ တန်းအောင်သည်၊ ရွာနားက အ.လ.က လှော်ကထားကျောင်းမှာ ၈ တန်းအောင်သည်။ ၈ တန်းအောင်ချိန်မှာ ၉ တန်း၊ ၁၀ တန်း ဆက်တက်ဖို့ အခြားသောမြို့ရွာများသို့ ကျွန်တော်မသွားချင်၊ အစ်ကိုတွေတုန်းကတော့ ရေကြည်မြို့နယ်ထဲက အသုတ် အ.ထ.ကမှာ သွားတက်ခဲ့ကြဖူးသည်။ ကျွန်တော်က လေးမျက်နှာ အ.ထ.ကမှာပဲ တက်မည်။ နေစရာအတွက် အမျိုးအဆွေအိမ်တွေကို သွားစရာ မလို၊ ဘကြီးဘုန်းကြီး ဦးဣန္ဒက ကျောင်းထိုင်ခဲ့ဖူးသော ဒက္ခိဏာရုံကျောင်းတိုက်အား ဆရာတော်ကြီး ဦးပညာလောကနှင့် ဦးဇောတိပါလတို့က ဆက်ခံပြီး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်၍ ၉ တန်း၊ ၁၀ တန်း နှစ်နှစ်ကို ထိုကျောင်းမှာ သွားနေခဲ့သည်။ ပရဟိတကျောင်းသည် ခုံကြီးပိုင်းမှာရှိ၏။ နေ့စဉ်ခုံကြီးပိုင်းကနေ မြို့မ ရပ်ကွက်ရှိ အ.ထ.ကကျောင်းကို လမ်းလျှောက်ပြီး သွားကြသည်။ ရွာမှာ မူလတန်း၊ အလယ် တန်း အောင်ခဲ့သည့် ၁၉၆၀ ပြည့်လွန်နှစ်များမှာ၊ လေးမျက်နှာ အ.ထ.ကကို ရောက်ခဲ့သည့် ၁၉၇၅-၇၆ ခုနှစ် အချိန်ကာလများမှာ ငဝန်မြစ်သည် လေးမျက်နှာမြို့အတွက် လှပသည့် အကျိုးပြု မြစ်တစ်စင်း ဖြစ်နေဆဲပင်။ ကမ်းပြိုတာတွေလည်း သိပ်မရှိသေး၊ မြစ်ကမ်းဘေး တစ်လျှောက်လို့ပဲ ပြောရမလား၊ လေးမျက်နှာမြို့၏ မြို့လယ်လမ်းလို့ပဲ ပြောရမလား တစ်လမ်းတည်းသော လမ်းကလေးမှာ နေ့စဉ် သွား၊ ပြန် လုပ်ခဲ့ကြသည်။ ကာလမ်းမပေါက် သော၊ ကားနှင့်တူတာဆို၍ တစ်စီးမျှမရှိသော၊ မြင်းလှည်းလည်းမရှိသော၊ စက်ဘီး၊ ဆိုက္ကား နှင့် ခြေကျင်ကြိတ်နေကြသော မြို့ကို ထိုစဉ်က လေးမျက်နှာမြို့ဟု ခေါ်ပါသည်။
ထူးချွန်ထင်ရှား လေးမျက်နှာဇာတိဖွားများ
သို့ဂလိုပြောလိုက်၍လည်း ရိုးသားကြိုးစား ဧရာဝတီသားဆိုသည့် ဧရာဝတီတိုင်းဒေသ ကြီး ၂၆ မြို့နယ်ထဲမှာ ပါဝင်နေသည့် လေးမျက်နှာမြို့နယ်နှင့် လက်ဝါးသာသာမြို့လေးကို အထင်မသေးစေလို၊ ထိုနေရာ ထိုဒေသမှာ နေရာကဏ္ဍအလိုက် တိုင်းသိပြည်သိ၊ နိုင်ငံကျော် သာသနာ့အာဇာနည်များ၊ ပုဂ္ဂိုလ်ကြီးများ၊ ပုဂ္ဂိုလ်လတ်၊ ပုဂ္ဂိုလ်ငယ်များ ပေါ်ထွက်လာခဲ့ဖူး သည်။ ဘာသာ သာသနာကဏ္ဍတွင် ဘိုးတော်မင်းတရားလက်ထက် မိဖုရားခေါင်ကြီး ရတနာ ဒေဝီ ကိုးကွယ်ခဲ့သော ပထမထွတ်ခေါင် ဆရာတော်ကြီးမှအစ ရွှေဟင်္သာဆရာတော်ကြီး၊ အောင်ဆန်းဆရာတော်ကြီးတို့ ပေါ်ထွက်ရာဒေသ၊ နိုင်ငံရေးလောကတွင် သခင်ပညာ လောက (ပရဟိတဆရာတော် ဘဒ္ဒန္တပညာလောက ဖြစ်ပါသည်)၊ ဝိဓူရသခင်ချစ်မောင်တို့ သည်လည်းကောင်း၊ စာပေကဏ္ဍတွင် ကျောက်စာဝန်ဦးမြနှင့် ကဗျာဆရာကြီး စောရန်နောင် တို့သည်လည်းကောင်း၊ ရုပ်ရှင် ဂီတနှင့် သဘင် အနုပညာလောကတွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ ဦးစိန်မာဒင်က လေးမျက်နှာသူနှင့် အကြောင်းပါခဲ့၍ သားများဖြစ်ကြသော မိုးဝင်း၊ မိုးမင်း၊ ဦးစိန်မာဒင်ဇာတ် ထဲမှနေ၍ အနုပညာခရီးလမ်းကို စတင်ခဲ့သော လေးမျက်နှာသား အကယ်ဒမီမော့စ်တို့သည် လည်းကောင်း၊ အကယ်ဒမီ အမေ ဒေါ်ကြည် ကြည်ဌေး ဇာတ်ကခဲ့စဉ်က အောက်ချင်းဖို၊ အောက်ချင်းမ ဇာတ်ဖြင့် ကျော်ကြားခဲ့သော မင်းသား အောင်ဝိဇ္ဇာ ဦးခင်မောင်၊ ဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ (လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာဇာတိ)၊ မြန်မာ့ဘောလုံးရွှေခေတ်က မဟာဒူး(ဦး)၊ ဘပု(ဦး)၊ အောင်ခင်(ဦး) တို့နှင့်အတူ အာရှ၊ အရှေ့တောင်အာရှမှာ နာမည်ကျော်ကြားခဲ့သော ဦးလှဌေး၊ သည်ဘက်ခေတ်မှာ ကိုအောင်စံဖြိုးနှင့် ဂိုး-မေခင်ယမင်း၊ ဆပ်ကပ်အားကစား (သို့မဟုတ်) ဆပ်ကပ်အနုပညာလောကမှာ ဆိုဗီယက်တွင် ဒီပလိုမာယူခဲ့သော ဆိုဗီယက်ပြန် အာဇာနည်စန်းစန်းတို့သည်လည်းကောင်း လေးမျက်နှာဇာတိဖွားများ ဖြစ်ကြသည်။ သူ့ခေတ် သူ့အခါ သူ့နေရာ သူ့ဌာန အလိုက် ထူးချွန်ထင်ရှား ကျော်ကြားခဲ့ကြပါသည်။
သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီး
ငဝန်မြစ်သည် ဧရာဝတီမြစ်၏ မြစ်လက်တက်အဖြစ် ဟင်္သာတမြို့အထက်နားဆီက ဆုံကုန်းရွာတွင် အစပြုသည်။ ရှေးပဝေဏီကပင် ပုဂံ၊ အင်းဝ အထက်အညာဒေသမှ လှေ များစုံဆင်း၍ ငဝန်မြစ်ကြောင်းအတိုင်း ပင်လယ်ထွက်ပေါက်သို့ ရောက်ရှိကာ အနောက်ဘက် စစ်တွေ၊ အာသံ၊ မဏိပူရသို့လည်းကောင်း၊ အရှေ့ဘက် တနင်္သာရီ၊ ထိုင်း၊ မလေးသို့ လည်းကောင်း ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကားခဲ့ကြသည် ဆို၏။ နောင်တစ်ချိန် လေးမျက်နှာမြို့ဟု ဖြစ်လာမည့်နေရာသည်လည်း အချက်အခြာကျသည့် နေရာတစ်ခု ဖြစ်တန်ရာ၏။ ကတ္တူလှေကြီးများ ဆိုက်ကပ်ခဲ့သည့်နေရာဖြစ်၍ ကတ္တူမှ ကာလရွေ့လျား လာသော ခတ္တူရပ်ကွက်၊ မင်းနေပြည်တော်မှ စစ်သည်များ စခန်းချခဲ့သည့်နေရာကို အစွဲပြု ၍ တပ်ဝ၊ ရိက္ခာများသိုလှောင်ခဲ့ရာ ကြည်တော်စု ဆိုသည့် အမည်များ ခေါ်တွင်ခဲ့ကြ၍ ဖြစ် သည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သက္ကရာဇ် ၄၂၀ ပြည့်နှစ်၌ အောက်ပြည် အောက်ရွာသို့ တိုင်းခန်းလှည့်လည်ရင်း လေးမျက်နှာမြို့ ဖြစ်လာမည့်အရပ်သို့ ရောက်ရှိလာ ခဲ့သည်။ ငဝန်မြစ်နှင့် မဝေးလှသောနေရာ၌ ဉာဏ်တော် ၄၅ တောင်အမြင့်ရှိ စေတီတစ်ဆူ တည်ထားခဲ့သည်။ တလိုင်းမင်းဆက် ဗညားဒလက စေတီတော်ကြီးကို ထပ်မံမွမ်းမံပြီး မုခ် လေးမုခ် ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုမှ အလောင်းမင်းတရား ဦးအောင်ဇေယျသည် ၁၁၁၅ ခုနှစ်တွင် တလိုင်း (၃) ရပ်ကို အောင်တော်မူပြီး လေးမျက်နှာအရပ်၌ အနော်ရထာမင်း ကြီး တည်ထားခဲ့သော စေတီကို တွေ့ရှိရ၍ ဉာဏ်တော် ၇၅ တောင်အမြင့်ထိ တိုးမြှင့် တည်ထားပြီး မုခ်လေးမုခ်တွင် စေတီရံ(၄)ဆူ တည်ခြင်း၊ စေတီရံ (၄) ဆူအတွင်း ရုပ်ပွား တော် (၄)ဆူ စံပယ်တော်မူစေခြင်းများ ပြုလုပ်လှူဒါန်းကာ စေတီတော်ကြီးကိုလည်း “စတုမုခ” စေတီဟု ဘွဲ့အမည်မှည့်ခေါ်၍ မော်ကွန်းတင်ခဲ့သည်။ ထိုမှ ၁၁၆၅ ခုနှစ်တွင် မြန်မာဘုရင်၏ ပဲ့နင်းကြီးသမန္တသည် စေတီတော်မြတ်ကြီးကို ထပ်မံပြုပြင်မွမ်းမံ၍ အရန် စေတီများ တည်ထားကာ “ထူပါရုံ” ဘွဲ့အမည် တိုးခဲ့သောကြောင့် “စတုမုခထူပါရုံ” စေတီ တော်မြတ်ကြီးအဖြစ် ယနေ့တိုင် လူအများ ဖူးမြော်ကြည်ညိုနေကြသည်ကို တွေ့ရမည် ဖြစ်သည်။
တာဝတိံသာဘုရားဆင်းပွဲတော် ကျင်းပခဲ့
ရှေးယခင်က စတုမုခထူပါရုံစေတီတော်မြတ်ကြီးနှင့် ပတ်ဝန်းကျင်တွင် ဦးဘစိုဓမ္မာရုံ၊ ဦးလှဘော်တန်ဆောင်း၊ ဗုဒ္ဓဝိဟာရပြတိုက်၊ တာဝတိံသာဘုရားဆင်းတန်ဆောင်းတော်ကြီး၊ ပေ ၅၀၀ ကျော်ရှည်လျားသည့် နတ်လမ်းနှင့် နတ်လမ်း ဝဲ/ယာရှိ ဈေးဆိုင်ခန်းများစွာ၊ ဘေး ပတ်လည်မှာ ဇရပ်ပေါင်းများစွာတို့ ရှိနေပါသည်။ စေတီတော်မြတ်ကြီး၏ နှစ်စဉ် ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် တာဝတိံသာဘုရားဆင်းပွဲကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပူဇော်ခဲ့ ကြသည်။ မိုးလေကင်းလွတ်သည့် နတ်တော်လဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁ ရက်နေ့ထိ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ဓမ္မပူဇာတရားပွဲများ ကျင်းပပေးခဲ့ရာ တိပိဋကမင်းကွန်းဆရာတော် ကြီး၊ တိပိဋကရေစကြိုဆရာတော်ကြီး၊ တိပိဋက ယောဆရာတော်ကြီး၊ သပိတ်အိုင်ဆရာ တော်ကြီး၊ ကျိုက်ဝိုင်းဆရာတော် ဦးက္ကုန္ဒက၊ သထုံဆရာတော်၊ ပရဟိတဆရာတော် ဦးဇောတိပါလ၊ ကိုးဘွဲ့ရဆရာတော်အရှင်အာစာရာလင်္ကာရတို့ ဟောကြားတော်မူခဲ့ဖူးသည်။ ပျော်ပွဲရွှင်ပွဲများတွင်လည်း ရှေးခေတ်က ဦးဖိုးစိန်ကြီး၊ ဦးအောင်မောင်း ဇတ်အဖွဲ့များ လာ ရောက်ကပြခဲ့ဖူးသလို ကျွန်တော်တို့နှင့်သက်တူရွယ်တူတွေ မီခဲ့ဖူးသည့် အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၊ ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ ဦးစိန်မာဒင်၊ ပန်တျာကြည်လင်၊ တိုင်းချစ် ဦးတင်ငွေ၊ စိန်မြသန်း၊ ဘောလုံးစိန် ဇာတ်သဘင်အဖွဲ့များလည်းအပါအဝင် ဖြစ် သည်။ ဦးစိန်အောင်မင်း၏ နောက်ပိုင်းဇာတ်ထုပ်ကြီး ဖြစ်သော ရာဟုလာအမွေတောင်းခန်း မှာ သူ၏သမီးဖြစ်သူ မင်းသမီးစီစီစိန်က ယသော်ဓယာ အဖြစ် သရုပ်ဆောင်ခဲ့သည်။ ဘုရား လောင်း သိဒ္ဓိတ္ထမင်းသား တောထွက်၍ ဘုရားဖြစ်တော်မူပြီး ကပိလဝတ်ရွှေနန်းတော်သို့ ပြန်ကြွလာချိန်မှာ ယသော်ဓယာမင်းသမီးက သားတော်ရာဟုလာကို လက်ဆွဲပြီး ငိုချင်း ချလျက် ကြိုတော်မူခန်းကို ကျွန်တော် အကြိုက်ဆုံးဖြစ်သည်။ မကြာသေးမီလေးက Facebook ထဲမှာ ယင်းအခန်းပြန်ပေါ်လာ၍ အမှတ်တရ နားထောင်ဖြစ်ခဲ့သေးသည်။
မြို့ဟောင်းမှ မြို့သစ်သို့ ပြောင်းခဲ့ရသောလေးမျက်နှာ
လမ်းပမ်းဆက်သွယ်ရေး မကောင်းဘဲ စက်လှေ၊ သမ္ဗာန်များဖြင့် ရေလမ်းတစ်ခုတည်း ကိုသာ အားကိုးအားထားပြုနေရသော လေးမျက်နှာမြို့၏ ကံဇာတာသည် ၁၉၉၁ ခုနှစ်မှစ၍ ကံဇာတာအနိမ့်ပိုင်းသို့ ပို၍ပို၍ ရောက်လာခဲ့သည်။ ထိန်ငူတာကျိုးသဖြင့် လေးမျက်နှာမြို့ နယ်အပါအဝင် ဧရာဝတီတိုင်း ၉ မြို့နယ် ရေကြီးရေလျှံ ဖြစ်ခဲ့သည်။ ၁၉၉၂ ၁၉၉၃ ခုနှစ် များတွင်မူ လေးမျက်နှာမြို့မရပ်ကွက် ရဲစခန်းဝင်းအနီးမှ ငဝန်မြစ်ရေက ထိုးခွဲဝင်ရောက်လာ ပြီး ကမ်းပြိုမှုများလည်း ဖြစ်ပေါ်ကာ မြို့ကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။ သည့်အတွက် ရေ ဘေးသင့်ရပ်ကွက်အားလုံး ငဝန်မြစ်အရှေ့ဘက်ကမ်းသို့ ရွှေ့ပြောင်း၍ မြို့သစ်တည်ပေးခဲ့ကြ သည်။ မြို့ဟောင်းတွင် ယခင်ကထည်ထည်ဝါဝါရှိနေခဲ့ကြသော ခုံကြီးပိုင်းရပ်ကွက်နှင့် ခတ္တူရပ်ကွက်တို့သည် လေးမျက်နှာမြို့နယ်၏ ခုံကြီးကျေးရွာ၊ ခတ္တူကျေးရွာများအဖြစ် မြစ် အနောက်ဘက်ခြမ်းတွင် ကျန်ရစ်ခဲ့သည်။
ထူပါရုံစေတီတော်အတွက် ကမ်းထိန်းလုပ်ငန်းများ
ငဝန်မြစ်ရေ တိုက်စားမှု၊ ကမ်းပြိုမှုတို့ကြောင့် လေးမျက်နှာမြို့တစ်ဝက်မက ရေအောက်သို့ ရောက်သွားခဲ့ရာ ယခင်က ငဝန်မြစ်နှင့် အတန်ငယ်ဝေးကွာသော သမိုင်းဝင် စတုမုခထူပါရုံစေတီတော်မြတ်ကြီးကိုပင် ကမ်းနဖူးက ဦးတိုက်လာခဲ့သည်။ တဖြည်းဖြည်း စိုးရိမ်ရသည့်အနေအထားသို့ ရောက်လာခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ရွှေဟင်္သာဆရာတော် ဘုရားကြီး၏ ဩဝါဒခံယူ၍ ကမ်းထိန်းကမ်းဆည်လုပ်ငန်းများ စတင်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်များအတွင်းကလည်း ဂေါပကအဖွဲ့သည် သက်ဆိုင်ရာဌာနများသို့ သတင်းပို့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြိုကျမှုများ ဖြစ်ပေါ်လာ၍ ဦးဘစိုဓမ္မာရုံကြီးကို အနောက်ဘက်သို့ နေရာပြောင်း၍ ပြန်လည်ဆောက်လုပ်ခဲ့ရသည်။ ၂၀၁၆ ကမ်းပြိုမှုကြောင့် စေတီရင်ပြင်အနီးက အာရုံခံတန်ဆောင်းကိုပင် ရွှေ့ပြောင်းခဲ့ရသည်။ ၂၀၁၇ မှ ၂၀၁၉ ထိ ကာလများတွင်လည်း နိုင်ငံတော်သို့တင်ပြ၍ အထူးအစီအစဉ်ဖြင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Creation Co.,ltd က တာဝန်ယူလျက် ၂၀၁၉-၂၀၂၀ ခွင့်ပြုရန်ပုံငွေဖြင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ၂၀၂၁ ခုနှစ်တွင် စေတီတော် ရှေ့တည့်တည့်ပြိုကျသော နေရာများတွင် ပိုင်များ ရိုက်ခြင်းတို့ ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူလျက် ရေရှည်အစီအမံ များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် စေတီတော်ကြီးပတ်လည် အောက်ခြေခိုင်ခံ့မှုရှိစေမည့် Bored Pile ကဲ့သို့ Foundation အုတ်မြစ်များဆောင်ရွက်ခြင်း၊ ရေထဲပိုင်းကာကွယ်ခြင်း၊ ကွေ့ကောက်နေသော ရေလမ်းကြောင်းအား ပြုပြင်ထိန်းသိမ်းနိုင် ရန်အတွက် ရေလွှဲရေကာများ တည်ဆောက်ခြင်း၊ ရေလမ်းအား အနှောင့်အယှက်ပြုနေသော သောင်ခုံများ ဖြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ကျေးဇူးလည်း တင်မိပါသည်။ လုပ်ငန်းများအောင်မြင်ပြီး သမိုင်းဝင်စေတီတော်မြတ်ကြီး အရှည်တည်တံ့လျက် လေးမျက်နှာဒေသ၏ သာသနာရောင်ဝါ အစဉ်ထွန်းလင်းတောက်ပ နေမည်ဟု ယုံကြည်မိပါသည်။
လေးမျက်နှာလွမ်းချင်း
ကျွန်တော် လေးမျက်နှာ အ.ထ.ကမှာ ၉ တန်းတက်နေသော ၁၉၇၅ ခုနှစ်၊ ထိုနှစ်တွင် စာရေးဆရာများဖြစ်ကြသော ဆရာမောင်နေဝင်း၊ ဆရာမင်းကျော်၊ ဆရာနတ်နွယ်နှင့် ရုပ်ရှင် မင်းသား ကိုသုမောင်တို့ လာရောက်၍ စာပေဟောပြောကြသည်။ ထိုစဉ်က သူတို့လာရသော ခရီးလမ်းအခြေအနေမှာ ရန်ကုန် ကြည့်မြင်တိုင်ဘူတာမှ သာရဝေါသို့ မီးရထားဖြင့်၊ သာရဝေါမှ ကူးတို့သင်္ဘောစီးကာ ဧရာဝတီတစ်ဘက်ကမ်းသို့ ရောက်၊ ထိုမှ ခေါင်းဆေးကျွန်း ခေါ် သဲသောင်ခုံကြီးကို ခြေကျင်ဖြတ်ပြီး ရွှေပြောင်ပြောင်ဘုရားအနီးမှ ဟင်္သာတမြို့သို့ဝင်၊ ရန်ကုန်-သာရဝေါရထားကိုစောင့်နေသော၊ တစ်နည်းအားဖြင့် တစ်စီးတည်းသာ ကျန်တော့ သော ချက်ပလက်ခေါင်းတို ကားကြီးပေါ်သို့ စုပြုံတိုးဝှေ့တက်ကြပြီး ဆက်လက်၍ခရီးနှင်၊ နတ်မှော်၊ နိဗ္ဗာန်၊ ယုံသလင်း၊ ခမောက်စု တို့ကိုဖြတ်ပြီး အိုင်သပြုဆိုသော ငဝန်မြစ်ကမ်း နံဘေးက ရွာကြီးသို့ ရောက်၊ ဤမှာ ကားလမ်းကဆုံးပြီ။ နေလည်း အတော်စောင်းသွားပြီ။ ခရီးကားမဆုံးသေး၊ ငဝန်မြစ်ထဲမှာ စောင့်နေသော မော်တော်ဘုတ်ပေါ်တက်၍ လေးမျက်နှာ သို့ ဆက်ထွက်ရသည်။ လေးမျက်နှာမြို့ဟောင်းလေးကို ရောက်ချိန်မှာ ညီအစ်ကိုမသိတသိ အချိန်လို့ ပြောရတော့မည်။ ဤကဲ့သို့ ရထားတစ်တန်၊ သင်္ဘောတစ်တန်၊ ကားတစ်လှည့်၊ မော်တော်ဘုတ်တစ်လှည့်ဖြင့် သွားပါမှ ဒုတ်ဒုတ်ထိရောက်ခဲ့သော လေးမျက်နှာရွှေမြို့တော် ဟောင်းကို လွမ်းရှာလျော့ထင့်၊ ဆရာမင်းကျော်က ၁၉၈၃ ခုနှစ်ထုတ် လေးမျက်နှာမြို့နယ် စာတတ်မြောက်ရေး အထိမ်းအမှတ် မဂ္ဂဇင်းမှာ အမှတ်တရရေးထားခဲ့သော ဆောင်းပါး တစ်ပုဒ်၏ ခေါင်းစဉ်မှာ “လေးမျက်နှာလွမ်းချင်း” ဟူသတဲ့လေ။
ထိုနည်းတူစွာပင် ကျွန်တော် ရွာကကျောင်းမှာ ၈ တန်းတက်နေသော ၁၉၇၄ ခုနှစ်၌ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် လေးမျက်နှာမြို့သို့လာပြီး စာပေဟောပြောတာကိုလည်း ဦးလေးများနှင့်အတူလိုက်၍ နားထောင်ဖူးခဲ့သည်။ ဆရာကြီးကတော့ လေးမျက်နှာက အပြန် မှာ “သာ၍ဝေးရာဆီကိုပါ” ခေါင်းစဉ်ဖြင့် ဝတ္တုစာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ဝတ္တုထဲက အဓိကဇာတ်လိုက်များကတော့ ရန်ကုန်မြို့မှာ အရေးအခင်းတစ်ခုဖြစ်ပြီးကာလ နှင့် တိုက်ဆိုင်စွာ ဦးခေါင်း၌ ထိခိုက်မိသော ဒဏ်ရာတစ်ခုကြောင့် စိတ်ဒဏ်ရာရထားသူ (Trauma) ထရောမားရောဂါရှင် တရားရုံးချုပ်ဝတ်လုံတော်ရကြီး ဦးသက်လွင်၊ သူ၏ဇနီး ဖြစ်သူ ဒေါ်လဲ့လဲ့၊ လေးမျက်နှာမြို့ဟောင်းသူ မသင်းနု၊ သူ၏ဖခင် ဘကြီးထွန်းသာ၊ မသင်းနု ၏ သူငယ်ချင်းများဖြစ်ကြသည့် အောင်ငြိမ်း၊ ထွေးမောင်နှင့် မလှစိန်၊ လေးမျက်နှာတွင် တာဝန်ကျနေသော ရဲမှူးဦးတင့်လွင်၊ အင်းစိန်ထောင်ပြေး လူသတ်တရားခံ သိန်းအောင်၊ လေးမျက်နှာမြို့က စိတ်ဝေဒနာရှင် မင်းတရားဘအေး၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စိတ်ပညာဌာနမှ ကထိက ဒေါက်တာဦးမြင့်နွယ်တို့ ဖြစ်ကြသည်။ ဦးသက်လွင်က စိတ်ဝေဒနာ ရပြီး ရန်ကုန်မှ ပုသိမ်သို့ ရောက်ရှိလာ၊ ပုသိမ်-ဟင်္သာတရထားကိုစီးပြီး ခမောက်စုဘူတာမှာ ဆင်း၊ ထိုမှ ဆရာမင်းကျော်တို့ စာရေးဆရာအဖွဲ့လာသလို ကားတစ်တန်၊ စက်လှေတစ်တန် ဖြင့် လေးမျက်နှာသို့ ရောက်ရှိ၊ လေးမျက်နှာရောက်တော့ ကိုယ့်နာမည်ကိုယ်မေ့နေ၍ သာဓု ခေါ်သံကြားရာမှ သူ့ကိုယ်သူ ကိုသာဓုဟု အမည်ပေးခဲ့၊ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့က အိမ်ထောင် ရေးဖောက်ပြန်နေသူ ဖြစ်သောကြောင့် ဦးသက်လွင် နေကောင်းပြီး ဘဝမှန်အသိမှန်ကို ပြန်ရသွားချိန်မှာ လေးမျက်နှာမြို့သို့ ပြန်လာပြီး မသင်းနုနှင့်ပေါင်းဖက်ထားသည့် ဇာတ်လမ်း ဖြစ်ပါသည်။ ဆရာက သီချင်းကြီး သီချင်းခန့်များကိုလည်း ပိုင်နိုင်ကျွမ်းကျင်သူဖြစ်သော ကြောင့် ဝတ္တု၏ ဇာတ်ဝင်ခန်းတော်တော်များများမှာ သီချင်းကြီးတွေ ပတ်ပျိုးတွေကို ဖော်ပြ ပေးထားသည့် မြမြမောင်းမောင်းပတ်ပျိုးထဲက ယွင်းစေ့ဝသုန် x x x လစန်းသော်တာယုန်သို့ x x x ကမ္ဘာကုန်ကျယ်သရွေ့ဝယ် x x x ဘယ်မေ့လိမ့်မလဲ x x x ကဲ့သို့သော တေးစာသားများ။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဆရာမင်းကျော်တို့က လေးမျက်နှာမြို့လေးအကြောင်း အမှတ်တရတွေ ရေးဖွဲ့သွားသကဲ့သို့ပင် ကျွန်တော်တို့သည်လည်းပဲ လေးမျက်နှာမြို့ဟောင်း လေးကို ကမ္ဘာကုန်ကျယ်သရွေ့ သတိရတမ်းတ အမှတ်ရနေဦးမည်သာ…..။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။