Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


17 Mar,2024

နေပြည်တော် မတ် ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တိုက်ကြီးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ ငါးရွာ၊ အိမ်ထောင်စု ၁၀၅၅ စု ၊ လူဦးရေ ၂၃၈၉ ဦး တို့ကို အကျိုးပြုပေးနိုင်မည့် တိုက်ကြီးမြို့နယ်၊ ဂေါ့ကျေးရွာအဝင်လမ်း အရှည် တစ်မိုင် တစ်ဖာလုံ ကွန်ကရစ်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်မီရေး အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များ ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသားတောင်သူများ ကိုယ်တိုင်က မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့် စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများအကျိုး ရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် ချေးငွေများပုံမှန်ပေးဆပ်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီဖြစ်၍ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ် ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ စကိုင်းရွှေဝါလယ်ယာ သမဝါယမအသင်းသား တောင်သူများ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ သမဝါယမအသင်း(၁၀)သင်းမှ အသင်းသား တောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက တိုက်ကြီးမြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးခြင်းအတွက် ငွေကျပ် ၂ သိန်းနှင့်ညီမျှသည့် သွင်းအားစုအတွက် ထောက်ပံ့ပေးခဲ့သော ရန်ပုံငွေများ အပြေအကြေပေးဆပ်ပြီးစီးမှု အခြေအနေ များနှင့်  လက်ရှိနွေစပါးစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ်  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက် စေရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်း များကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေး ထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှု ရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ နေကြာအပါအဝင် နှမ်း၊ မြေပဲစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၂သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊  စပါးစိုက်တောင်သူများ အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စိုက်ပျိုးနိုင်သည့် မြေများပေါ်တွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုအခါ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲလာခြင်း၊ လယ်ယာ လုပ်သားများ ရှားပါးလာခြင်းတို့ကြောင့် လက်တွေ့ ထွန်ယက်စိုက်ပျိုးရေး ထွန်စက်များ၊ ကောက်စိုက်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ လိုအပ်လျက် ရှိပါကြောင်း၊ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပြီး ဌာနစက်၊ အသင်းစက်၊ ပုဂ္ဂလိက ရောင်းချမည့်စက်များဖြင့် ပြည်သူများသို့ အချိန်မီ ထွန်ယက်ရန် သက်သာသောဈေးနှုန်းဖြင့် ထွန်ယက်ရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တောင်သူများ စုပေါင်းထွန်ယက် စိုက်ပျိုးနိုင်ရန် အတွက်လည်း ဝန်ကြီးဌာန(၃)ခု ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုလယ်ယာထွန်ယက်သရုပ်ပြပွဲတွင် ထွန်စက်ကြီးများနှင့် ရိတ်သိမ်းခြွေလှေ့စက် များကို ချိတ်ဆက်ရောင်းချ ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် တစ်ဦးချင်းအနေဖြင့် ဝယ်ယူရန် ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက် နေသော JICA Two Step Loan နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသင်းသား တောင်သူများ အနေဖြင့်လည်း ယခုလို ပုဂ္ဂလိက၊ နိုင်ငံတော်နှင့် သမဝါယမကဏ္ဍများမှ လာရောက် ဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသည့်အချိန်တွင် မိမိတို့၏ လယ်ယာများ အထွက်တိုးရေး၊ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း ပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိုးစပါးရောင်းချခြင်းမှ ရရှိသည့် Refund ငွေများနှင့် တိုက်ရိုက်အစေ့ချစက်(Seader)များကို  အသင်းသားတောင်သူများထံ ပေးအပ်ပြီးနောက် စကိုင်း ရွှေဝါလယ်ယာသမဝါယမအသင်းမှ နွေစပါး(ထိုင်းရက်၉၀)မျိုးကို အစေ့ချစနစ်ဖြင့် စမ်းသပ်စိုက်ပျိုး ထားမှု အခြေအနေများကို ကြည်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm