Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


16 Mar,2024

နေပြည်တော် မတ် ၁၅

          (၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

          ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကျေးလက် ဒေသများ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ကျေးလက်နေ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များအား စျေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ ရောင်းချနိုင်ဖို့အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းများလိုအပ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် မျှော်မှန်းချက် ၊ ရည်မှန်းချက်များ၊  မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ပြီး ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကိုလည်း ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေး နိုင်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၁၇)ရွာမှ အိမ်ခြေ (၂၇၈၃)အိမ်၊ လူဦးရေ(၁၄၅၈၃)ဦး တို့ကို တိုက်ရိုက်အကျိုးခံစားမှု ရရှိသည့်အပြင် ကျေးရွာများ၏ စိုက်ပျိုးမြေ ဧက ၉၀၀၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် ဆောင်ရွက်ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန်ပြောကြားပါသည်။

          ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံ ပြည်သူတစ်ဦးက ကွန်ကရစ်လမ်း ဖောက်လုပ်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တက်ရောက် လာသော ဧည့်သည်တော်များက လမ်းအား ကြည့်ရှုစစ်ဆေးပါသည်။

          မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ၅၂၈၀ ပေ၊ လမ်း အကျယ် ၁၆ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံ ငွေကျပ် ၇၅၃ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်းအလေးချိန် တန် ၂၀ ဖြစ်ကြောင်းသိရသည်။

          ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူကျေးရွာ သားများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက တောင်လုံးကျေးရွာ၌ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)ဖြင့် အဓိက ကဏ္ဍကြီး(၆)ရပ်ဖြင့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်း များကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင် နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီ သူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံ၊ ဆောင်းသီးနှံအပြီး နွေသီးနှံ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ပါက တစ်မိသားစုချင်း ဝင်ငွေများတိုးပွားလာမှာဖြစ်သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ဒေသခံ ပြည်သူ များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲမွန်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေမှ အစုအဖွဲ့စနစ်ဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ကျေးရွာ ICT စင်တာဖွင့်လှစ်ထားရှိမှုနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများအားလည်းကောင်း၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း နှင့်  စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည်စွက်မှာကြာခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm